ဘီလူးချောင်း (၃) ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် ဓာတ်အားများကို တစ်ယူနစ် ၆၄ ကျပ်ကျော်ဖြင့် အစိုးရက ရွှေတောင်ကုမ္ပဏီထံမှ ပြန်ဝယ်သုံးရမည်

ဘီလူးချောင်း (၃) ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် ဓာတ်အားများကို တစ်ယူနစ် ၆၄ ကျပ်ကျော်ဖြင့် အစိုးရက ရွှေတောင်ကုမ္ပဏီထံမှ ပြန်ဝယ်သုံးရမည်
Published 18 April 2015
မာန်သူရှိန်

ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စီမံကိန်းကို ရွှေတောင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော အနာဂတ်စွမ်းအားကုမ္ပဏီ (Future Energy Co.,Ltd) သို့ အစိုးရက တည်ဆောက်လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ယခုအခါ အဆိုပါစီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို အစိုးရက တစ်ယူနစ် ၆၄ ကျပ်ကျော်ပေး၍ ပြန်လည်ဝယ်ယူသုံးစွဲရမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
 
ဘီလူးချောင်း(၃) ရေအား လျှပ်စစ်စီမံကိန်းကို BOT စနစ်ဖြင့် ရွှေတောင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော အနာဂတ်စွမ်းအားကုမ္ပဏီလီမိတက်သို့ နှစ်ရှည်လုပ်ကိုင်ခွင့် ချထားပေးခဲ့ခြင်း ဖြစ်သည်။
 
ယခု ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စီမံကိန်း၏ ၂၆ မဂ္ဂါဝပ်စက်နှစ်လုံးမှ ဓာတ်အားများ ထွက်ရှိလာပြီဖြစ်ကြောင်း၊ အဆိုပါ ထွက်ရှိသော ဓာတ်အားများကို ကုမ္ပဏီက နိုင်ငံတော်သို့ ပြန်လည်ရောင်းချမည်ဖြစ်ပြီး အစိုးရက ကုမ္ပဏီထံမှ ပြန်လည်ဝယ်ယူ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။
 
ထိုသို့ ဝယ်ယူသုံးစွဲရာတွင် ယခုစာချုပ်ချုပ်ဆိုရန် စီစဉ်ထားမှုအရ တစ်ယူနစ်လျှင် ၆၄ ကျပ် ၅၀ ပြား အထိပေး၍ ကုမ္ပဏီထံမှ ပြန်လည်ဝယ်ယူ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။ (ကနဦးဈေးဖြစ်ပြီး မည်သည့်ဈေးဖြင့် ဝယ်ယူသည်ကို အတိအကျ မထုတ်ပြန်)။
 
နိုင်ငံတော်အနေဖြင့် တစ်ယူနစ် ၆၄ ကျပ် ၅၀ ပြားဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲမည်ဆိုပါက တစ်နှစ်လျှင် ကျပ် ၁၆ ဘီလျံကျော် (ဒေါ်လာ ၁၆ သန်းကျော်)အထိ ကုမ္ပ ဏီသို့ ဓာတ်အားခ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
 
ရွှေတောင်ကုမ္ပဏီက အဆိုပါစီမံကိန်းအား နှစ် ၇၀ အထိ လုပ်ကိုင်ခွင့်ရထားပြီး ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
 
ထို့အတွက် တစ်နှစ်လျှင် နိုင်ငံတော် ထံမှ ဒေါ်လာ ၁၆ သန်းကျော် ပြန်လည်ရရှိမည်ဖြစ်ရာ ရွှေတောင်ကုမ္ပဏီအနေဖြင့် ရှစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံထားသည့်ပမာဏ ပြန်လည်ရနိုင်ဖွယ်ရှိသော အခြေအနေလည်း ဖြစ်သည်။
 
ရွှေတောင်ကုမ္ပဏီသည် ဘီလူးချောင်း (၃) ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်လုပ်ကိုင်ခွင့် ရရှိခဲ့သည့်အပြင် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၁၀ ခုအထိ ရရှိထားသည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
 
ရွှေတောင်ကုမ္ပဏီက တရုတ်ဖြင့် ပူးပေါင်းလုပ်ကိုင်ခွင့်ရထားသည့် စီမံကိန်းပေါင်း ၁၀ ခုထဲတွင်လည်း  စက်တပ်ဆင်အား မဂ္ဂါဝပ် ၄၀၀၀ အထိရှိသည့် ရွာသစ်စီမံကိန်းကဲ့သို့ စီမံကိန်းကြီးများပင် ပါဝင်ကြောင်းသိရသည်။
 
နိုင်ငံတော်အနေဖြင့် ယခင်ကလည်း အေးရှားဝေါလ်ကုမ္ပဏီသို့ သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကို BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ၎င်းကုမ္ပဏီထံမှ တစ်ယူနစ် ကျပ် ၇၀ ဖြင့် ပြန်လည်ဝယ်ယူသုံးစွဲခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံ၏ လျှပ်စစ်စီမံကိန်းပေါင်းများစွာကို တရုတ်ကုမ္ပဏီများနှင့် ပြည်တွင်းရှိ အေးရှားဝေါလ်၊ ရွှေတောင် ၊IGE ကုမ္ပဏီများကသာ အများအပြားလုပ်ကိုင်ခွင့် ရထားခြင်းဖြစ်သည်။
 
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကသို့ တည်ဆောက်ခွင့်ပေးမည့် စီမံကိန်းပေါင်း  ၅၀ တွင် ၁၀ ပုံတစ်ပုံဖြစ်သော စီမံကိန်း ငါးခုသာလျှင် ဥရောပနိုင်ငံအချို့ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ထားပြီး ကျန်ရှိသော ၄၅ ခုတွင် အားလုံးနီးပါးမှာ တရုတ်ကုမ္ပဏီသီးသန့်၊ တရုတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီဖက်စပ်၊ ပြည်တွင်းရှိ အေးရှားဝေါလ်၊ ရွှေတောင်၊IGE ကုမ္ပဏီများကသာ  တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားသည်ဟု ထုတ်ပြန်ထားသည်။
 
စီမံကိန်းပေါင်း ၄၅ ခုတွင် တရုတ်နိုင်ငံမှ CPI ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ အေးရှားဝေါလ်ကုမ္ပဏီတို့ ပူးပေါင်း၍ စီမံကိန်း ခုနစ်ခုကိုလည်းကောင်း၊ အေးရှားဝေါလ်ကုမ္ပဏီမှပင် အခြားတရုတ်အခြေစိုက် ကုမ္ပဏီနှစ်ခု နှင့် ပူးပေါင်း၍ စီမံကိန်းနှစ်ခုကို လည်းကောင်း လုပ်ကိုင်ခွင့်ရရှိထားသည်။
 
မြန်မာနိုင်ငံမှ IGE ကုမ္ပဏီနှင့် တရုတ် နိုင်ငံမှ YPIC International ကုမ္ပဏီတို့ ပူးပေါင်း၍ စီမံကိန်းလေးခုကို လည်းကောင်း၊ IGE ကုမ္ပဏီမှပင် အခြားတရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်း၍ နောက်ထပ် စီမံကိန်းလေးခုကို လည်းကောင်း လုပ်ကိုင်ခွင့် ရယူထားကြသည်။                                             

Most Read

Most Recent