(၁)
အိမ်နီးနားချင်းနိုင်ငံမှာရောက်နေတာ သုံးနှစ်ရှိပါပြီ။ အိမ်ပြန်ဖြစ်တာတော့ သုံးခေါက်မရှိသေးပါဘူး။ မှတ်မှတ်ရရ အဖေဆုံးတော့ တစ်ခေါက်ပြန်ဖြစ်တယ်။ ဘန်ကောက်ကနေ မဲဆောက်ကို ကားစီး၊ မဲဆောက်က မြဝတီကူး၊ မြဝတီကနေ ရန်ကုန် ကားစီး၊ ရန်ကုန်ကတစ်ခါ အညာကရွာကို ကားတစ်တန်၊ ဆိုင်ကယ်ကယ်ရီတစ်တန်နဲ့ ပြန်ခဲ့ရတာ။ ရွာရောက်တော့ ကိုယ်ပါ အသက်ပျောက်ပြီး အဖေ့နောက်လိုက်ရလောက်အောင် ခရီးကပန်းလှတယ်။ စိတ်ပန်းလူပန်း ငွေပန်းတဲ့ ခရီးလေ။ ယောက်ျားရင့်မကြီးတွေတောင် တော်တော်တန်တန် မခံနိုင်လောက်ဘူး။
(၂)
မိန်းကလေးတန်မဲ့ ရေခြားမြေခြား နိုင်ငံခြားအထိ သွားအလုပ်လုပ်ရသလား မမေးပါနဲ့ရှင်။ ဘဝတူတွေ အများကြီးပါ။ ဖြစ်နိုင်ရင်တော့ အိမ်မှာပဲနေချင်တာပေါ့။ ဘိုးစဉ်ဘောင်ဆက်လုပ်ခဲ့တဲ့ ယာကနေ အဖေအလုပ်ထွက်ခဲ့ရပါသော်ကော။ ဘာကြောင့်လဲတော့ မမေးပါနဲ့။ အဖြေသိနေတဲ့ ပုစ္ဆာတွေ အများကြီးထဲကတစ်ခုပါ။ နောက်တော့ မြို့တက်ပြီး ဘောက်လုပ်ကြတယ်။ ကြုံရာကျပန်း လုပ်ရတာကို ပြောတာ။ မနက်အစောကြီး ရွာကထွက်၊ ရရာအလုပ်လုပ်ပြီး ညမိုးချုပ်မှမြို့က ပြန်တာတောင်မှ ဝင်ငွေက မမှန်ချင်လှပါဘူး။
(၃)
ဝင်ငွေမမှန်တော့ အဆင်ပြေအောင် ကြံရတာပေါ့။ ရှစ်တန်းတက်နေတဲ့ မောင်လေးကပါ အလုပ်ထွက်လုပ်မယ် ဖြစ်လာတဲ့အချိန်မှာပဲ ကံကောင်းစွာ ပွဲစားနဲ့ တွေ့ခဲ့တယ်။ ဘန်ကောက်မှာ အလုပ်သွားလုပ်မလားတဲ့။ လူကုန်ကူးတဲ့အကြောင်းတွေ၊ မယားအဖြစ် ရောင်းစားတာတွေ ကြားဖူးနေတော့ အဖေနဲ့ အမေ က စိတ်မချကြဘူး။ ပိုဆိုးတာက ပွဲခနဲ့ စရိတ်ကို နောက်မှ လုပ်ခထဲက ဖြတ်ယူမယ်ပြောတဲ့စကား။ အစကနေ အဆုံးစရိတ်တွေ အားလုံးပါအကုန်အကျခံပေးထားမယ်ဆိုတာ တစ်ခုခုတော့ ရှိမှာပဲထင်ကြတယ်။
(၄)
ထင်ရလောက်အောင် ကျွန်မကအလှဆိုတာ ပြစရာဘာမှ မရှိတဲ့ဟာကို။ ဘာပူစရာရှိလဲလေ။ အရင်တုန်းကတော့ ကျောင်းမှာ ဆရာစာသင်ချိန်မှာ “ပညာရှိတို့၏ ဥစ္စာမှာ ကဗျာတည်း၊ မိန်းမတို့၏ ဥစ္စာမှာ ရူပါ (အလှ) တည်း” ဆိုတာကြားရတဲ့အချိန်မှာ တစ်တန်းလုံးရဲ့ အကြည့်တွေက ကျွန်မဆီ ရောက်လာတယ်။ ကျွန်မလှလို့ မဟုတ်ဘူး မဟုတ်ဘူးဆိုတာ သေချာတယ်လေ။ အလှနဲ့ ချိန်စက်လို့ နောက်ဆုံးကနေ ရေတွက်ရင်တော့ ထပ်ဆုံးမှာရှိမှာပေါ့။ လိုချင်ချင် မလိုချင်ချင် ရလာတဲ့ ဘဝတစ်ခုမှာ “ရုပ်အလှထက် စိတ်အလှသာ မြတ်နိုးတန်ဖိုးထားရာ” ဆိုတဲ့ ဆရာရဲ့ စကားကိုပဲ စိတ်မှာစွဲခဲ့တယ်။
(၅)
ဘဝဟာ တစ်ခုခုအတွက် တစ်ခုခုနဲ့ အလျော်ပေးတယ်တဲ့။ ကျွန်မရဲ့ အဆင်မပြေလှရုံသာမက နောက်ဆုံးရဲ့ရှေ့မှာတောင်မှ ရပ်ခွင့်မရတဲ့ မလှတဲ့ အခြေအနေအတွက် အလျော်ပေးထားတာက သင်ရင်တတ်လွယ်ခြင်းနဲ့ အကင်းပါးခြင်းပါ။ ကံကောင်းထောက်မလို့လား မသိပြောရမယ့် ဘန်ကောက်ရောက်လာတဲ့ မည်းကြုတ်ကြုတ် ပုသေးသေး ကောင်မလေးတစ်ယောက် အဆင်ပြေစွာ တစ်နေရာရလာခဲ့တာ ဒါတွေကြောင့်ပါ။
(၆)
ဘာလုပ်ရသလဲ၊ ဟုတ်လား။ ပြောပြပါ့မယ်ရှင်ရယ်၊ နားမထောင်ချင်ရင်တောင်မှ အတင်းကို လက်ဆွဲပြီး ပြောပြမှာ။ ခြေသည်းလက်သည်းညှပ်တာ။ လွယ်တယ်များထင်နေလား။ ကျွန်မက တစ်ပတ်နဲ့ ကျကျနနတတ်ပြီး ဧည့်သည်တွေကို ဝန်ဆောင်မှုပေးနိုင်ချိန်မှာ ကျွန်မနဲ့အတူ ရောက်လာတဲ့ တခြားဒေသတစ်ခုက သူငယ်ချင်းကောင်မလှလှလေး ချွေးဒီးဒီးကျနေတယ်။ တစ်လလောက်နေတော့ လက်မြှောက်ပြီး တခြားရောက်သွားခဲ့တယ်။
(၇)
မလွယ်တဲ့အကြောင်း ပြောပြပါမယ်။ ဘန်ကောက်က ဆူခုံဗစ်လမ်းမကြီးကို ကြားဖူးကြမှာပေါ့။ အခုမှရောက်တဲ့ တောသမကများ လူပါးဝလို့တော့ မပြောပါနဲ့။ အဲဒီလမ်းမကြီးက ကုန်တိုက်အကြီးကြီး နံဘေးမှာ အလှပြင်ဆိုင်အကြီးကြီးတစ်ခု ရှိပါတယ်။ နာမည်တော့ မမေးပါနဲ့နော်။ အောက်ကြေးနဲ့ အလုပ်လာလုပ်ကြမယ့် သူတွေပေါ်လာရင် ကျွန်မဈေးကွက် ပျောက်သွားမှာ။ အလကားပြောတာပါရှင်၊ ကိုယ်ကကိုယ့်နေရာမှာ အရေးပါနေရင်၊ သူတို့လက်မလွှတ်နိုင်လောက်အောင် တော်နေရင် တော်ရုံတန်ရုံနဲ့တော့ အလုပ်မပြုတ်နိုင်ဘူးပေါ့။ ထားပါတော့လေ။ မလွယ်တဲ့အလုပ်အကြောင်း ဆက်ပြောပြပါမယ်။
(၈)
ခြေသည်း လက်သည်း ညှပ်တာလည်း ပညာတစ်ခုပါ။ အစကတော့ အောက်မေ့တာပေါ့နော်၊ ဒါလေးများဆိုပြီးတော့။ နောက်တော့မှ မလွယ်မှန်းသိလာရတာ။ ညကို အိပ်ရေး၀၀အိပ်ရတယ်။ မတော် အိပ်ငိုက်ပြီး ဧည့်သည်အသားကို အတစ်လိုက်ညှပ်မိရင် ဆိုင်ရှင်က လျော်ရမှာလေ။ ကိုယ်လည်း ဘယ်နေရလိမ့်မလဲ။
အိပ်ရာထ ရေမိုးချိုး ကိုယ်လက်သန့်စင် စားသောက်ပြီးရင် ဆိုင်ကို ၉ နာရီ အရောက်လာရတယ်။ ဆိုင်သန့်ရှင်းရေး လုပ်ရတယ်။ ဆိုင်ဖွင့်တာက ၁၀ နာရီမှပေမဲ့ ကြိုလာရ လုပ်ရတာက ထုံးစံ။ သွားတိုက်မလာရင်၊ ပါးစပ်နံရင်၊ ဝတ်စုံပေနေ နံနေရင် ဒဏ်ကြေးဖြတ်တယ်။ ရေမွှေးဆွတ်လာရင်လည်း အတူတူ အဖြတ်ခံရတာပါပဲ။ ရေမွှေးမကြိုက်တဲ့ ဧည့်သည်တို့၊ ကိုယ်သုံးတဲ့ ရေမွှေးနံ့မကြိုက်တာတို့ ရှိနိုင်တယ်လေ။
(၉)
လက်သည်းညှပ်တဲ့ဧည့်သည် လာရင် လက်တစ်ဖက်ကို လက်သည်းညှပ်နဲ့ ညှပ်နေချိန်မှာ ကျန်တဲ့တစ်ဖက်ကို လက်ပုံစံရေခွက်မှာ ရေနွေးနွေးနဲ့ စိမ်ပေးထားတယ်။ လက်သည်းကို အကြမ်းညှပ်ပြီးတော့ တံစဉ်းတိုက်တယ်။ ရေနွေးနွေးနဲ့ စိမ်တယ်။ ပြီးတော့ လက်ဖမိုးကို ဆေးရွှံ့လိမ်းတယ်။ လက်သည်း ခွံတွေကိုချောအောင် ကော်ပတ်ကတ်ပြားပါးပါး နုနုလေးနဲ့ တိုက်တယ်။ လက်သည်းတွေရယ်၊ လက်သည်းစွယ်နဲ့ လက်ပန်းကုံးနေရာတွေကို ဆေးဂျယ်လီလူးတယ်။ ပြီးတော့ လက်ချောင်းထိပ် လက်သည်းနံဘေးက အသားမာလေးတွေကို ခွကတ်ကြေးသေးသေးလေးနဲ့ ဖြည်း ဖြည်းညှပ်ရတယ်။ အဲဒါပညာပေါ့။ စိတ်ရှည်ရတယ်။ လက်ဆမှန်ရတယ်။ လက်သည်းစွယ်လေးတွေဆို ပိုဂရုစိုက်ရတယ်။ ပြီးရင် ဆပ်ပြာရည်နဲ့ ဆေးသန့်ရှင်းရေးလုပ်ပြီး လိုးရှင်း (Lotion) လိမ်းပေးရတယ်။ လက်ကို နှိယ်နယ်ပေးရတယ်။
(၉)
ခြေထောက်လည်း အတူတူပါပဲဆိုပေမယ့် ခြေသည်းက ပိုခက်၊ ပိုပညာပါတယ်။ အထူးသဖြင့် ခြေမပေါ့။ ရှူးဖိနပ်စီးတာများကြတော့ ခြေချောင်းလေးတွေက ခြေဦးမှာစုပြီး ရှူးသွားတယ်။ ကြည့်ရတာလှပေမယ့် ကျွန်မတို့အတွက်ကတော့ ပြဿနာ။ တစ်ခါတစ်ခါ ခြေမခြေသည်းက ကုပ်ကွေးပြီးအတွင်းထဲဝင်နေရင် ငုပ်နေရင် လုပ်ရခက်တယ်။ လက်ရဲဖို့ လိုသလို အချိန်အဆကလည်း အများကြီးစကားပြောတယ်။ ပျမ်းမျှပြောရရင် လူတစ်ယောက်ကို လက်သည်းတစ်နာရီ၊ ခြေသည်းတစ်နာရီတော့ အချိန်ကုန်တယ်။ အချိန်မပေးချင်တဲ့သူတွေ ကျတော့လည်း လက်သည်းတစ်ယောက်၊ ခြေသည်းတစ်ယောက် တစ်ပြိုင်နက်လုပ်တယ်။ တချို့ကျတော့ ဘယ်သူမှ၊ ဘယ်ဝါမှဆိုပြီး တစ်ယောက်တည်းနဲ့ပဲ လုပ်ကြတယ်။
(၁၀)
ရွာမှာတုန်းကလို နေပူစပ်ခါးလုပ်ရတာ မဟုတ်ပေမယ့် ဒါလည်း ပင်ပန်းတာပါပဲ။ ထိုင်ပြီး ကုန်းပြီး လုပ်ရတာများတော့ ခါးက ညောင်းတယ်။ အာရုံစိုက်ရတော့ ဇက်ကြောတက်တယ်။ ခွကတ်ကြေးကိုင်ရတဲ့ လက်ချောင်းလေးတွေက လက်ဆစ်လေးတွေက မကြာမကြာ တအား ကိုက်တယ်။ ဘာတတ်နိုင်မှာလဲလေ။ ဒီလောက် ဒီလိုအဆင်ပြေနေတာကံကို ကျေးဇူးတင်ရသေးတယ်။
ဝင်ငွေကတော့ မဆိုးပါဘူး။ တစ်လကို အခြေခံလစာက ဘတ် ၇၀၀၀ ရတယ်။ မြန်မာငွေနှစ်သိန်းကျော်ကျော်ပေါ့။ ကိုယ်ညှပ်ပေးရတဲ့ အကြိမ်နဲ့တွက်ပြီး ရာခိုင်နှုန်းနဲ့ ပြန်ပေးတာက ၃၀၀၀ ကနေ ၄၀၀၀ တော့ရတယ်။ နောက်ပြီးတော့ ဧည့်သည်ကပေးတဲ့ မုန့်ဖိုး၊ အဲဒါကလည်း ဧည့်သည်တစ်ယောက်ဆို ဘတ်တစ်ရာတော့ ပေးသွားကြတာပါပဲ။ ဟိုတစ်နေ့ကလာတဲ့ ရန်ကုန်က အစ်မလှလှလေးဆို နှစ်ရာတောင် ပေးသွားတာ။ ပြီးတော့ ပြောသေးတယ်၊ ရန်ကုန်မှာ ပြန်လုပ်မလားတဲ့။ သူ့ သူငယ်ချင်းဆိုင်မှာ တစ်လနှစ်သိန်းတော့ အနည်းဆုံးစရမယ်တဲ့။ သူ့လိပ်စာကတ်ပြား လေးပေးခဲ့တယ်။ ကျွန်မကျေးဇူးတင်စွာနဲ့ ပြုံးပြီး ခေါင်းခါခဲ့တယ်။
(၁၁)
ရန်ကုန်က အလှပြင်ဆိုင်တွေမှာ ယောက်ျားမိန်းမ လက်သည်းတစ်ခါညှပ်ရင် သောင်းကျော် အကုန်ခံပြီး ညှပ်နေကြတာ၊ ဆိုင်တွေမှာ စောင့်ရတာ၊ ဘွတ်ကင်လုပ်ရတာ ကျွန်မသိပါတယ်။ ပိုက်ဆံရတာချင်းတူတာတောင်မှ အကုန်အကျနဲ့ အနေအစားက ကွာသေးတယ်လေ။ ရန်ကုန်မှာကနေ စရိတ်၊ စားစရိတ်၊ သွားစရိတ်အကုန်လုံး ဒီမှာထက်ကြီး နေပြီ။ ကားကျပ်လို့ အချိန်ကုန်တာက ရှိသးတယ်။
ဒီမှာ အခန်းခက ရေဖိုး၊ မီးဖိုးပေါင်းတောင်မှ တစ်လကို ဘတ်ငါးထောင်ထက် မပိုဘူး။ ကျွန်မတို့ ငါးယောက်စုနေကြတော့ တစ်ယောက်ကို တစ်ထောင်လောက်ပဲ ကုန်တယ်။ ထားပါတော့ မြန်မာငွေသုံးသောင်းပေါ့။ ရေမပြတ်ဘူး။ မီးမပျက်ဘူး။ အင်ဗာတာ မလိုဘူး။ မီးအားမြှင့်စက် မလိုဘူး။ ဒီနံဘေးလမ်းက Apartment မှာ။ မဝေးပါဘူး။ ငါးမိနစ်ပဲ လျှောက်ရတယ်။ စားတာကျတော့ အိမ်ဆိုင်လေးတွေ ရှိတယ်။ ဘတ်တစ်ဆယ် ဆိုရင် ဆန်သန့်သန့် ထမင်းဖြူတစ်ပန်းကန် နဲ့ဟင်းတစ်ပွဲရတယ်။ အဲဒါဆို ကျွန်မဝပြီ။ နေ့လယ်ကျတော့ အပြင်ထွက်စားဖို့ အချိန်မရတာများတယ်။ ဒါပေမဲ့ ဆိုင်ကတိုက်တဲ့ ကော်ဖီတစ်ခွက်နဲ့ မုန့်တစ်ခုက လုံလောက်တယ်။ သောက်ရေက ရေသန့်စက်တွေမှာပေါပေါနဲ့ ရတယ်။ ကိုယ့်ဘာသာ ထည့်စရာယူသွားရတာပေါ့။ အဝတ်အစားက ဒိုဘီပေးရင် တစ်ထည်မှ ၁၀ ဘတ်ရယ်။ အကြွေစေ့ထည့်ရတဲ့စက်နဲ့ လျှော်ရင် ဘတ်နှစ်ဆယ် ထည့်ရတယ်၊ အထည်သေးနှစ်ဆယ်အစိတ်တော့ လျှော်လို့ရတယ်။
ဒါတွေပြောပြနေတာ မက်မောလို့ ပျော်နေလို့ မဟုတ်ဘူး။ ငွေလိုတယ်လေ။ အိမ်မှာမောင်လေးက နည်းပညာတက္ကသိုလ်တက်နေပြီ။ ကျွန်မအိမ်ကို တစ်လ တစ်လ သုံးသိန်း ပုံမှန်ပို့နိုင်တယ်။ နေရစားရတာ အဆင်ပြေတယ်။ ပိုတာကို ဒီမှာစုတယ်။
(၁၂)
အမေကတော့ ပြောပါတယ်။ မောင်လေးကျောင်းပြီးလို့ ဘွဲ့ရပြီးရင် မလုပ်ပါနဲ့တော့ သမီးရယ်တဲ့။
ရွာမှာပဲ ဖြစ်သလို လုပ်စားကြတာပေါ့တဲ့။ နောက်ပြီးပြောသေးတယ်၊ အရွယ်လေးရှိတုန်း အိမ်ထောင်လေး ဘာလေးပြုဦးတဲ့။
ပြောသာပြောတာပါ။ ရွာမှာလည်း သက်တူရွယ်တူထဲက အားကိုးလောက်စရာ လောက်လောက်လားလား လူက ရှားသွားပြီ။ မလေးရှားရောက်တဲ့ လူနဲ့၊ ထိုင်းရောက်တဲ့ လူနဲ့။ ကျန်ရစ်တဲ့သူ တော်တော်များများကလည်း မအိုဆေးတန်ခိုးနဲ့ စောစောစီးစီး နတ်ပြည်တက်ကုန်ကြပြီ။
(၁၃)
ပြောရဦးမယ်။ ဟိုတစ်ရက်ကပေါ့၊ ကျွန်မသူငယ်ချင်း ကောင်မလေးလေ၊ ဆိုင်ကနေ တခြားရောက်သွားတယ်ဆိုတဲ့ ချောချောလေး တစ်ယောက်ပေါ့။ ဆိုင်ကို ရောက်လာတယ်။ ပိုတောင်မှ လှလာသလိုဘဲ။ သူဝတ်ထားတဲ့ ဆွဲကြိုးနဲ့ လက်ကောက်တွေ၊ သူပတ်တဲ့ လက်ပတ်နာရီ၊ သူသုံးတဲ့ လက်ကိုင်အိတ်တွေက သူအဆင်ပြေကြောင်း ပြနေတယ်။ ကျွန်မသူ့ကို လက်သည်းညှပ်ပေးတယ်။ ခြေသည်းညှပ်ပေးတယ်။ သိမ်ငယ်တယ်၊ အောက်ကျတယ် မထင်ပါဘူး။ ကျွန်မကို မုန့်ဖိုး ဘတ်ငါးရာတောင် ပေးခဲ့တယ်။
နောင်နှစ် သင်္ကြန်ဆိုရင် မြန်မာပြည် အပြီးပြန်တော့မယ်တဲ့။ အခု စတိုးဆိုင်လေးတစ်ခုတော့ သူ့မြို့လေးမှာ ဖွင့်ထားနိုင်ပြီတဲ့။ လောလောဆယ် အဆင်ပြေနေသေးတယ်ဆိုတဲ့ နေ့နဲ့ညမှားနေတဲ့ ဒီက အလုပ်က အလှမလွင့် အရွယ်မရင့်ခင်လောက်ဘဲ အဆင်ပြေမှာတဲ့။ အဲဒီနေ့က ပြန်ခါနီးမှာ သူအလုပ်လုပ်တဲ့နေရာကို တိုးတိုးလေးပြောပြသွားတယ်။ ရပ်ချဒါဖိစစ်လမ်းမကြီးပေါ်က နာမည်ကြီး အထက်တန်းစား ဇိမ်ခံရေချိုးခန်းကြီးတစ်ခုရဲ့ နာမည်ကြားလိုက်ရတယ်။
(၁၄)
အစ်မရေ၊ သင်္ကြန် မပြန်ဘူးလားတဲ့။ လမ်းထိပ်မှာ ဒိုတီပလာတာရောင်းတဲ့ ကောင်လေးကမေးတယ်။ မပြန်နိုင်ပါဘူးကွယ်ဆိုတော့ သူကတော့ ပြန်မှာတဲ့။ ဒီမှာပဲ သင်္ကြန်ကျပေါ့၊ သံရုံးကလည်း သင်္ကြန်လုပ်မှာလေတဲ့။ ကိုယ့်ဖာသာနေနေတာ အဟုတ်၊ သူပြောမှ ပြန်ချင်စိတ်က ပေါ်လာတယ်။
နယ်ကလူတွေ အိမ်ပြန်နေကြပြီ။ အိစန်(အရှေ့မြောက်ဒေသ)က အလုပ်သမားတွေ နေပူပူကို အံတုပြီး ကားကြီးကြီးကို ကြပ်ကြပ်တည်းတည်းစီးပြီး သီချင်းတွေဆိုလို့ အိမ်အပြန်ခရီးစကြပြီ။ အနားက ကွန်ဒိုဆောက်နေတဲ့ အလုပ်ခွင်က သင်္ကြန်ပိတ်တော့ ခြောက်ကပ်နေပြီ။ ဒေသခံတွေပြန်တော့ မပြန်ဖြစ်တဲ့ မြန်မာတွေပဲ ကျန်ရစ်တော့တယ်။ မြန်မာတွေများတဲ့ မဟာချိုင်မှာပဲ သင်္ကြန်ပွဲ ဆင်နွှဲရအောင်ပြောသူကပြောတယ်။
ထိုင်းဝန်ကြီးချုပ်ကတော့ ရိုးရာမပျက် ရေကစားကြဖို့၊ သရုပ်ပျက် မဝတ်စားကြဖို့၊ ရိုးရာတေးဂီတရိုးရာအကတွေနဲ့ နှစ်သစ်ကို ကြိုကြစို့လို့ပြောတယ်။ ထိုင်းနိုင်ငံရဲ့ မန္တလေးလို့ဆိုရမဲ့ ချင်းမိုင် (မြန်မာအခေါ် ဇင်းမယ်) မှာတော့ အစဉ်အလာမပျက် ရိုးရာသင်္ကြန် ပွဲကြီး ခြိမ့်ခြိမ့်သဲသဲ နွှဲကြတော့မယ်။
ကျန်တဲ့အချိန်တွေမှာ မထောင်းတာလှပေမဲ့ ဒီအချိန်ကျရင် သူများတွေ ပျော်ပျော်ပါးပါးနဲ့ ပြန်ကြတာ မြင်တော့ အိမ်ပြန်ချင်စိတ်က ထကြွလာတယ်။ မဖြစ်သေးပါဘူးလေ။ စရိတ်စကက မနည်းလှဘူး။ မောင်လေးကျောင်းစရိတ်နှစ်လစာလောက် အသာလေးရတယ်။ သွားတာပြန်တာနဲ့ အလုပ်ပျက်မဲ့ရက်တွေက ရှိသေးတယ်။ ခရီးပန်းပြီး နေထိုင်မကောင်းဖြစ်ရင် ဒုက္ခ။
တွေးရင်းနဲ့ ငေးရင်းနဲ့ မျက်ရည်က ဝဲလာတယ်။ ထိန်းနေတဲ့ကြားက မျက်ရည်က ကျခဲ့တယ်။ ကျွန်မ ငိုနေပြီအမေ။ ။