၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် စစ်ဆေးလျက်ရှိ

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် စစ်ဆေးလျက်ရှိ
Published 17 April 2015
အေးပပ

၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
 
၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာစစ်ဆေးမှုများအား ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊  ပုသိမ်တက္ကသိုလ် အစရှိသည့် မြန်မာတစ်နိုင်ငံလုံးရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (၁၀) ခု၌ ဧပြီ ၁ ရက်မှ စတင်ကာ ဧပြီ ၁၀ ရက်အထိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။ “တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးမှုတွေက သက်ဆိုင်ရာတိုင်းဒေသကြီး နဲ့ပြည်နယ်အလိုက် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးတွေမှာ ဧပြီ ၁ ရက်ကနေစပြီး ဧပြီ ၁၀ ရက် အထိ 
စစ်ဆေးနေတာပါ။ စာစစ်ကာလက အရင်တုန်းကဆိုရင် သင်္ကြန်တွင်းပါ စစ်ရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ စာစစ်ကာလကို နည်းနည်းရှေ့တိုးလိုက်တော့ သင်္ကြန်မတိုင်မီ အပြီးစစ်ရတဲ့ပုံစံမျိုး ဖြစ်သွားပါတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးရာတွင် ပါဝင်သူ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယခင်က တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စာမေးပွဲအဖြေလွှာများအား ဖလှယ်စစ်ဆေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အဖြေလွှာများအား   မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်သာ စစ်ဆေးခြင်းသာဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်း လျှောက်ထားသူဦးရေ စုစုပေါင်း ၆၃၂၃၁၁ ဦး ရှိခဲ့ပြီး စာမေးပွဲဝင်ရောက် ဖြေဆိုသူဦးရေ ၉၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၅ခုနှစ်၊ မတ်လ ဒုတိယပတ်အတွင်း စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်၁၁ရက်တွင် မြန်မာစာ၊ မတ် ၁၂ ရက် တွင် အင်္ဂလိပ်စာ၊ မတ် ၁၃ရက် တွင် သချာၤ၊ မတ် ၁၄ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၆ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၇ ရက်တွင် ရူပဗေဒ၊မတ် ၁၈ရက်တွင် ဇီဝဗေဒ/ဘာဂဗေဒ၊ မတ် ၁၉ရက်တွင် ပထဝီဝင်၊ မတ် ၂၀ ရက်တွင် သမိုင်းစသည့်ဘာသာရပ်များအား နံနက် ၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။ အခြေခံပညာအဆင့် တက္ကသိုလ်ဝင်စာမေးပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာအရ မေးခွန်းတစ်မျိုးတည်းဖြင့်သာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။အလားတူ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ စာမေးပွဲဝင်ရောက်ဖြေဆိုရန်အတွက် စာစစ်ဌာနများကိုလည်း ယခင်နှစ်ကထက် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ နိုင်ငံခြားစာစစ်ဌာန ၂၁ ခုအပါ အဝင်တစ်နိုင်ငံလုံး၌ စာစစ်ဌာနပေါင်း ၁၃၇၆ ခု ထားရှိစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးနေသည့် စာစစ်ကာလအတွင်း၌ တက္ကသိုလ်အချို့တွင် ကျောင်းစားသောက်ဆိုင်များအား ယာယီပိတ်ထားကြောင်း သိရသည်။
 
“ဆိုင်တွေကိုတော့ မတ် ၃၀ရက်က တည်းက စပြီး ပိတ်ရတာပါ။ ဧပြီလအထိ ပိတ်ထားရမယ်လို့ ကျောင်းတာဝန်ရှိသူတွေက လာပြောထားပါတယ်။ လတ်တလောတော့ ကျောင်းထဲက သင့်တော်တဲ့ နေရာလေးမှာပဲ ရောင်းနေရပါတယ်” ဟု ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းစားသောက်ဆိုင်တစ်ဆိုင်မှ ဆိုင်ဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။
 

Most Read

Most Recent