ရုရှားနိုင်ငံ ရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့သော ငါးဖမ်းသင်္ဘောမှ အသက်ရှင်ကျန်ရစ်သည့် မြန်မာနိုင်ငံသား ၂၂ ဦး ပြန်လည်ရောက်ရှိ

ရုရှားနိုင်ငံ ရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့သော ငါးဖမ်းသင်္ဘောမှ အသက်ရှင်ကျန်ရစ်သည့် မြန်မာနိုင်ငံသား ၂၂ ဦး ပြန်လည်ရောက်ရှိ
Published 17 April 2015
ကြည်နိုင်၊ ဝေလင်းအောင်၊ ဆန်းထူးအောင်

ဧပြီလအတွင်း ရုရှားနိုင်ငံရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့သည့် ငါးဖမ်းသင်္ဘောမှ သေဆုံးခဲ့သူ မြန်မာနိုင်ငံသား ၁၆ ဦး၏ ရုပ်အလောင်းများ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
 
ထို့အပြင် ယင်းငါးဖမ်းသင်္ဘောနစ်မြုပ်မှုမှ အသက်ရှင်ကျန်ရစ်သော မြန်မာနိုင်ငံသား အလုပ်သမား ၂၂ ဦးသည်  ကိုရီးယားနိုင်ငံမှတစ်ဆင့် ဧပြီ ၁၂ ရက် ည ၁၁ နာရီ ခန့်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပင် ပြန်လည်ရောက်ရှိလာခဲ့ပြီး မိဘဆွေမျိုးများက လာရောက်ကြိုဆိုခဲ့ကြသည်။ 
 
ယင်းသို့ ပြန်လည်ရောက်ရှိခဲ့သည့် ရုပ်အလောင်းများကို နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် လူမှုရေးကူညီမူအသင်း (သင်္ဃန်းကျွန်း) တို့မှ လာရောက်ကူညီ သယ်ဆောင်ပေးခဲ့ပြီး မိသားစုဝင်များ၏ သဘောဆန္ဒအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရေဝေးသုသာန် နှင့် ၎င်းတို့နေထိုင်ရာဒေသတွင် သင်္ဂြိုဟ်ရန် ပြန်လည်သယ်ဆောင်ခဲ့ကြသည်။ 
 
ထိုသို့ သင်္ဘောနစ်မြုပ်ခဲ့မှုနှင့်ပတ်သက်၍ သေဆုံးခဲ့သူများအတွက် စီးရိုက်တာအေဂျင်စီမှ လတ်တလောတွင် မိသားစုဝင်များအား နစ်နာကြေးပေးချေရန်အတွက် ညှိနှိုင်းနေဆဲသာဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ 
 
“ကျွန်မတို့က သန်လျင်ကလာတာပါ။ အခု ငါးဖမ်းသင်္ဘောမှောက်မှုမှာ သေဆုံးခဲ့တဲ့ မောင်အငယ်ဆုံးအတွက် လာတာပါ။ ရုပ်အလောင်းကိုတော့ သန်လျင်ကို ပြန်သယ်ဖို့ အစီအစဉ်ရှိပါတယ်။ သင်္ဘောလိုက်တာ တစ်နှစ်ကျော်သွားပြီ။ လက်ရှိအချိန်ထိတော့ အေဂျင်စီက နစ်နာကြေးပေးတာမျိုးတော့ မရှိသေးပါဘူး။ ညှိနှိုင်းပေးမယ်လို့ ပြောပါတယ်”  ဟု သန်လျင်မြို့နယ်နေ မဥမ္မာခင်က ပြောကြားသည်။ 
 
အဆိုပါ ရုရှားငါးဖမ်းသင်္ဘောသည် ရုရှားနိုင်ငံ၊ ကမ်ချက်ကာတွင် ဧပြီ ၁ ရက် ညပိုင်းက တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။      
 
“ရုရှားကုမ္ပဏီဘက်က ပြန်လာဖို့ကို အကုန်လုပ်ပေးပါတယ်။ လျော်ကြေးငွေအနေ နဲ့ ဒေါ်လာ ၃၀၀၀ လောက်ပေးမယ်လို့တော့ ပြောတယ်။ အခုပြန်ရောက်လာတဲ့သူ စုစုပေါင်း ၂၂ ယောက်ရှိပါတယ်။ ဘာဆက်လုပ်မယ်ဆိုတာကတော့ မစဉ်းစားရသေးပါဘူး” ဟု ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုမှ ပြန်လည်လွတ်မြောက်လာသော ကိုတင့်ထူးနိုင် က ပြောကြားသည်။ 
 
အဆိုပါ ငါးဖမ်းသင်္ဘောမှ အသက်ရှင်ကျန်ရစ်သူများမှ မြန်မာနိုင်ငံသား သင်္ဘောသား ၂၂ ဦးအား ဧပြီ ၇ရက်တွင် ရုရှားနိုင်ငံ တောင်ပိုင်းသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ရုရှားနိုင်ငံရှိ မြန်မာသံရုံးမှ သင်္ဘောသားများအား မြန်မာနိုင်ငံသို့ပြန်ရန် နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ 
 
ထို့အတူ သင်္ဘောမှောက်မှုမှ လွတ်မြောက်လာသည့် ကိုဇွဲဝေယံက “သေင်္ဘောနစ်ရာကနေ မြုပ်တဲ့အချိန်ထိ နာရီဝက်လောက်ကြာတဲ့အတွက် အခုလိုမျိုး အသက်ရှင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အသက်ရှင်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ နာရီဝက်လောက်ကြာတော့ သင်္ဘောက လုံးဝနစ်မြုပ်သွားတယ်။သင်္ဘောပေါ်မှာ ဘာအချက်ပေးခေါင်းလောင်းသံမှ မရှိဘူး။ ကပ္ပတိန်ကလည်း သူလုပ်ချင်တာတွေပဲ လုပ်နေတယ်။ ဒါပေမဲ့ ကပ္ပတိန်က သူမသေခင်မှာတော့ ကျွန်တော်တို့နဲ့ အဝေးမှာရှိ တဲ့ ငါးဖမ်းသင်္ဘောတစ်စင်းကို ခေါ်ပေးနိုင်ခဲ့တယ်။ မြုပ်တော့မယ့်အချိန်မှာ ကယ်ဆယ်ရေး သင်္ဘောတွေ ရောက်လာတယ်။ တချို့က သင်္ဘောပေါ်ရောက်သလို တချို့က ရေထဲ ရောက်ပြီး အကုန်လုံးကွဲသွားကြတယ်။ ရေ က အနုတ်ရောက်နေတဲ့ အရမ်းအေးတဲ့ရေပါ၊ အပူချိန်ထိန်းတဲ့အင်္ကျီပါတဲ့အတွက် ရေထဲမှာ သုံးနာရီလောက် နေနိုင်ခဲ့တယ်။ အများစုက ရေနစ်လို့သေတာမဟုတ်ဘဲ အအေးလွန်ပြီး သေတာနဲ့ ခဲပြီးသေတာ များတယ်” ဟု ပြောကြားသည်။
 
“သင်္ဘောနစ်မြုပ်တယ်ဆိုတဲ့သတင်း ကြားလိုက်ကတည်းက ဘုရားကို အာရုံပြုလိုက်တယ်။ အရမ်းလည်း စိတ်ထိခိုက်မိတယ်။  သင်္ဘောနစ်မြုပ်ပြီး နောက်တစ်နေ့မှာတော့ ကျွန်မသား အသက်ရှင်တယ်လို့ သတင်းကြားရတဲ့အတွက် စိတ်သက်သာရာရခဲ့ပါတယ်” ဟု သင်္ဘောနစ်မြုပ်သွားမှုဖြစ်စဉ်မှ လွတ်မြောက်လာသော ကိုမင်းထူးထက်အောင်၏ မိခင် ဒေါ်ခင်ထားက ပြောကြားသည်။ 
 
နစ်မြုပ်ခဲ့သော ငါးဖမ်းသင်္ဘောတွင် သင်္ဘောသား ၁၃၂ ဦးပါဝင်ပြီး မြန်မာသင်္ဘောသား ၄၂ ဦးအထိရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူ ၂၂ဦးရှိပြီး သေဆုံးသူ ၁၆ ဦးရှိကာ လေးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း သိရသည်။
 

Most Read

Most Recent