တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့ ရန်ကုန်မြို့အတွင်း လှည့်လည်၍ သံချပ်ထိုး တင်ဆက်မှုများပြုလုပ်

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ “ဒေါင်းတို့မျိုးဆက်” သံချပ်အဖွဲ့ ရန်ကုန်မြို့အတွင်း လှည့်လည်၍ သံချပ်ထိုး တင်ဆက်မှုများပြုလုပ်
Published 17 April 2015
ဝေလင်းအောင်

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ) အဖွဲ့က နှစ်သစ်ကူး မဟာသင်္ကြန်ကာလ၌ “ဒေါင်းတို့မျိုးဆက်” သံချပ်အမည်ဖြင့် ရန်ကုန်မြို့အတွင်း လှည့်လည်၍ သံချပ်ထိုးတင်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
သံချပ်ဖော်ဖြေမှုကို ဧပြီ ၁၂ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးရှိ ကမာရွတ်မြို့နယ် လှည်းတန်း၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာမြို့နယ်၊ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တိုက်ကြီး မြို့နယ်၊ လှည်းကူးမြို့နယ်နှင့် ပဲခူးမြို့တို့တွင် ပြည်သူများအား သံချပ်ထိုးဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
 
ဒေါင်းတို့မျိုးဆက်၏ သံချပ်စာသား အချို့ဖြစ်သည့် “ဉာဏ်ပညာရဲ့အရှေ့ဘက် မှာ... (အုတ်ရိုးနီတွေ  ပိန်းပိတ်နေတယ်)၊ ဘာတွေ ဘယ်လို ကျပ်ကျပ်ကျပ်ကျပ်...ဉာဏ်ပညာကို မကျပ်ဖို့နဲ့ ဆင်ဆာမဖြတ်ဖို့ လိုတယ် လိုတယ်၊ ခင်ဗျားတို့အတွေးတွေ ပိတ်လှောင်နေပြီ...ပညာရေးဟာ သိပ်မှောင်နေပြီ၊ ကျွန်တော်တို့ မိုးမလင်းရင်နေပါစေ...(ပညာမှောင်မှာ ကြောက်ပါတယ်)၊ အဆိပ် အတောက် ပညာရေး..(သပိတ်မှောက်ပညာရေး)၊ကျောင်းသားဆိုတာ လူငယ်ဆိုတာ စနစ်မကောင်းရင်...(ဖိရင်ကြွမယ်... ထိရင်ချမယ်)၊ ပြင်းပြင်းရှရှ နေပူထဲမှာ... (ခွပ်ဒေါင်းနီတွေ ပျံသန်းလာပြီ)...(ကောင်းစေချင်တဲ့ ပညာရေး)...(ပြောင်းစေချင်တဲ့ ပညာရေး)၊ ဘုရားရှင်ခေတ်မှာ လူဖြစ်ခဲ့ရင် ရဟန္တာဖြစ်အောင် ကြိုးစားပါမယ်... အမှောင်ခေတ်မှာ လူဖြစ်ခဲ့ရင် (အာဏာရှင်ကို ဖီဆန်တယ်) စသည့်သံချပ်များ ပါဝင်ခဲ့သည်။
 
ထို့ပြင် “ဒေါင်းတို့မျိုးဆက် သံချပ်” အဖွဲ့သည် မတ် ၅ ရက်က မြို့တော်ခန်းမရှေ့ ဆန္ဒပြခဲ့ကြသော ကျောင်းသားများနှင့် ပြည်သူတို့အား သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက လက်ပတ်နီ ဝတ်ဆင်သူများ အသုံးပြု၍ အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းခဲ့မှုကို သရုပ်ပြဖျော်ဖြေမှု၊ မတ် ၁၀ ရက်က လက်ပံတန်းမြို့တွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား/သူ များနှင့် ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းခဲ့မှုကို သရုပ်ပြဖျော်ဖြေတင်ဆက်မှုနှင့် တန်ခူးလေအမည်ဖြင့် သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ကျောင်းသူ/သားများ၊ ဝန်းရံပြည်သူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည့် သရုပ်ပြတင်ဆက်မှုတို့ကို ဖျော်ဖြေခဲ့ကြပြီး ကြည့်ရှုခဲ့ကြသည့် ပြည်သူများက ချီးကျူးဂုဏ်ပြုမှုများ ရှိခဲ့သည်။
 
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ ယခင်နှစ် သင်္ကြန်ကာလအတွင်းကလည်း သံချပ်ထိုးတင်ဆက်မှုများ ပြုလုပ်ခဲ့ဖူးပြီး ယခုနှစ် သင်္ကြန်ကာလတွင် သံချပ်ထိုး တင်ဆက်မှုများ ပြုလုပ်ရာ၌ သက်ဆိုင်ရာသို့ ခွင့်ပြုချက်တင်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။
 

Most Read

Most Recent