ပုံမပျက်သင်္ကြန်

ပုံမပျက်သင်္ကြန်
Published 17 April 2015
ဉာဏ်ဝင်းရှိန်၊ ကြည်နိုင် ၊ မန္တလေးနှင့် နေပြည်တော်သတင်းအဖွဲ့

မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်မှ ၁၃၇၇ ခုနှစ်သို့ ကူးပြောင်းသည့် အတာသင်္ကြန်နှစ်ကူးပွဲတော်သည် ယခင်နှစ်များနည်းတူ စည်ကားခဲ့သည်။
 
ရန်ကုန်မြို့ရှိ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပြည်လမ်းနှင့် မြို့တော်ဝန်မဏ္ဍပ်၊ ရခိုင်ရိုးရာသင်္ကြန်ပွဲကျင်းပသည့် သုဝဏ္ဏအားကစားကွင်းတို့တွင် ရေကစားမဏ္ဍပ်များ၊ ရေပက်ခံကားများဖြင့် တိုးမပေါက်အောင် စည်ကားခဲ့သည်။
 
ထို့အတူ မန္တလေးမြို့ ကျုံးလေးဖက်လေးတန်တွင် ရေကစားသူများ ပြည့်နှက်နေခဲ့ပြီး နေပြည်တော်ဟိုတယ်ဇုန် တစ်လျှောက်ရှိ ရေကစားမဏ္ဍပ်များတွင်လည်း စည်ကားခဲ့ကြောင်း သိရသည်။
 
ယင်းအပြင် မြန်မာနိုင်ငံဒေသအသီးသီးတွင်လည်း သင်္ကြန်ပွဲတော်ကို အစဉ်အလာအတိုင်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ 
 
 
ရန်ကုန်သင်္ကြန်
 
ဧပြီ ၁၂ ရက် ဗိုလ်ချုပ်ဈေးသင်္ကြန်
 
နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပြတ် ပြုလုပ်မြဲဖြစ်တဲ့ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးသင်္ကြန်ကို သင်္ကြန်အကြိုနေ့မတိုင်ခင် တစ်ရက်အလို ဧပြီ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည်။
 
သင်္ကြန်ကာလအတွင်း၌ ဈေးပိတ်ထားမည်ဖြစ်သဖြင့် ဈေးသူဈေးသားများအနေဖြင့် ယင်းနေ့တွင် ဈေးအတွင်းသို့ ရောက်လာသူ မည်သူမဆိုအား ရေပက်ကစားခြင်း ဖြစ်သည်။
 
ယခုနှစ် ဗိုလ်ချုပ်ဈေးသင်္ကြန်သည် ယခင်နှစ်များထက် စည်ကားမှုလျော့နည်းခဲ့သော်လည်း နောင်လာမည့်နှစ်များတွင် ဗိုလ်ချုပ်ဈေးသင်္ကြန်အား ပြန်လည်စည်ကားအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဈေးသူဈေးသားများက ဆိုသည်။
 

 
ဧပြီ ၁၆ ရက် ညပိုင်းက ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းပေါ်ရှိမဏ္ဍပ်တွင် သံချပ်အဖွဲ့တစ်ဖွဲ့အား တွေ့ရစဉ်
 
သင်္ကြန်အကြိုနေ့
 
ဧပြီ ၁၃ ရက်တွင် ကျရောက်သည့် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့၌ ရေကစားသူများ၊ ရေပက်ခံထွက်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
 
သင်္ကြန်အကြိုနေ့ နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မဏ္ဍပ်ဖွင့်ပွဲ၊ မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲတို့ဖြင့် စတင်ခဲ့ကြပြီး ယိမ်းအကများ၊ တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ကြသည်။
 
ထို့ပြင် ကန်တော်ကြီး ကန်ပတ်လမ်းတွင်လည်း အကြိုနေ့နံနက်ပိုင်းမှစတင်ပြီး ရေကစားမဏ္ဍပ်များမှာ ရေဖွင့်ကစားခဲ့ကြသည်။ အလားတူ ကမ္ဘာအေးစေတီလမ်း ပြည်လမ်းတို့ရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေပက်ခံသူများ၊ ရေကစားသူများဖြင့် အနည်းငယ် စည်ကားခဲ့သည်။
 
သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင်မူ ပြည်လမ်းရှိ မဏ္ဍပ်ကြီးအချို့ ဖွင့်ပွဲပြုလုပ်ခဲ့ကြသည်။ တေးသံရှင်များကလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး နံနက်ပိုင်းကထက် ပိုမိုစည်ကားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် ရေကစားခဲ့ကြသည်ကို တွေ့ရသည်။ ယင်းအပြင်  သုဝဏ္ဏဘောလုံးကွင်းပတ်လမ်းတွင် ပြုလုပ်ကျင်းပသည့် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်တွင်လည်း ရေကစားသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
 
သင်္ကြန်အကျနေ့ 
 
ဧပြီ ၁၄ ရက်တွင် ကျရောက်သည့်  မဟာသင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့တွင် ရေကစားကြသူများမှာ အကြိုနေ့ကထက်  အသက်ဝင်လှုပ်ရှားလာခဲ့ပြီး ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်း၊ ပြည်လမ်းနှင့် မြို့တော်ဝန်မဏ္ဍပ်တို့တွင် ရေပက်ကစားသူများ၊ ရေပက်ခံထွက်သူများ၊ ဈေးရောင်းချသူများဖြင့် ပိုမိုစည်ကားခဲ့သည်။ 
 
ကမ္ဘာအေးစေတီလမ်းမပေါ်တွင် ရေကစားမဏ္ဍပ် ၁၁ ခုခန့်ဖြင့် ရန်ကုန်မြို့ရှိ အခြားနေရာများထက် ရေကစားမဏ္ဍပ်တည်ရှိမူ ပိုမိုခဲ့သလို  သင်္ကြန်လည်ပတ်သူများ နှင့် ရေကစားသူများ၊ အစားအစာရောင်းချသူများကြောင့်လည်း ပိုမိုစည်ကားခဲ့သည်ကို တွေ့ရသည်။                  
 

 
ရန်ကုန်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အား ဧပြီ ၁၆ ရက်(သင်္ကြန်အတက်နေ့) ညပိုင်းက တွေ့ရစဉ်
 
ထို့ပြင် ကမ္ဘာအေးစေတီလမ်းနှင့် ကန်ဘဲ့လမ်းထိပ် မီးပွိုင့်အနီးရှိ ရေကစားမဏ္ဍပ်တစ်ခုတွင် ထိတ်လန့်မှုဖြစ်ပွားခဲ့ကာ ရေကစားမှု အချိန်အနည်းငယ် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ 
 
ယင်းမဏ္ဍပ်တွင် ရေကစားမှုများ ဆက်လက်ပြုလုပ်ခဲ့သော်လည်း မဏ္ဍပ်၏ ဘယ်ဘက်အစွန်ပိုင်းတွင် ရေကစားမှုပြုလုပ်ခြင်း မရှိတော့သည်ကို တွေ့ရှိရသည်။
 
ယင်းနောက် ကန်တော်ကြီးပတ်လမ်းပေါ်ရှိ မဏ္ဍပ်အရေအတွက်နှင့် ပြည်လမ်းပေါ်ရှိ မဏ္ဍပ်အရေအတွက်မှာ ကမ္ဘာအေးစေတီလမ်းတွင်ရှိသည့် မဏ္ဍပ်အရေအတွက်ထက် နည်းပါးခဲ့သည်ကိုတွေ့ရသည်။ 
 
သင်္ကြန်အကြတ်နေ့
 
ဧပြီ ၁၅ ရက်တွင် ကျရောက်သည့် မဟာသင်္ကြန်အကြတ်နေ့တွင် ကန်တော်ကြီး ကန်ပတ်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ပြုလုပ်သည့် သုဝဏ္ဏဘောလုံးကွင်းတို့တွင် လူပိုမိုစည်ကားခဲ့သည်။ ရေပက်ခံကားများမှာလည်း ယခင်ရက်များထက် ပိုမိုများပြားခဲ့ပြီး ပျော်ပျော်ရွှင်ရွှင် ရေပက်ခံထွက်ခဲ့ကြသည်ကို တွေ့ရသည်။ ရေပက်ခံကား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့တွင်းရှိ အချို့လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့သည်။
 

 
ပြည်လမ်းပေါ်ရှိ Alpine မဏ္ဍပ်ရှေ့တွင် ရေကစားနေသူအချို့

 
ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း ရပ်ကွက်တွင်းရှိ ကလေးငယ်များ၊ လူငယ်များအပါအဝင် လူကြီးများလည်း ပျော်ရွှင်စွာဖြင့် ရေကစားခဲ့ကြသည် ကိုတွေ့ရသည်။ ရိုးရာဓလေ့ဖြစ်သည့် စတုဒိသာကျွေးမွေးဧည့်ခံခြင်းများ ပြုလုပ်ကြသည်ကိုလည်း တွေ့ရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အတွင်း၌လည်း ရေကစားကြသူများဖြင့် စည်ကားခဲ့သည်ကိုတွေ့ရပြီး ပျောက်ကွယ်စပြုလာသည့် မြင်းလှည်းများဖြင့် ရေပက်ခံထွက်ကြသူများကိုလည်း အနည်းအကျဉ်းမြင်တွေ့ခဲ့ရသည်။
 
သင်္ကြန်အတက်နေ့
 
ဧပြီ ၁၆ ရက်တွင် ကျရောက်သည့် မဟာသင်္ကြန်အတက်နေ့တွင် ယခင်နေ့များထက် ပိုမိုစည်ကားခဲ့ပြီး နံနက် ၇နာရီခန့်မှ စတင်ကာ ရေကစားခဲ့ကြသည်။ မဏ္ဍပ်ကြီးများတွင်လည်း တေးသံရှင်များက အပြိုင်အဆိုင် သီဆိုဖျော်ဖြေခဲ့ကြပြီး ရေပက်ခံထွက်လာသည့် ပရိသတ်များနှင့်  အပေးအယူမျှစွာ သီဆိုဖျော်ဖြေခဲ့ကြသည်ကို တွေ့ရသည်။ မဏ္ဍပ်ကြီး အများဆုံးတည်ရှိသည့် ကမ္ဘာအေးစေတီလမ်းနှင့် ပြည်လမ်းတို့တွင် ယခင်နေ့များကထက် ပိုမိုစည်ကားခဲ့ပြီး ရေပက်ခံကားများက လမ်းအပြည့်နေရာယူထားခဲ့ပြီး ညနေ ၆ နာရီကျော်သည့်တိုင် ရေကစားကြသူများနှင့် စည်ကားခဲ့သည်။ တစ်နှစ်တွင် တစ်ကြိမ်သာ ကျရောက်သည့် မဟာသင်္ကြန် အတာရေသဘင်ပွဲဖြစ်သည့်အတွက် နောက်ဆုံးနေ့ဖြစ်သည့် အတက်နေ့တွင် လူငယ်အများအပြား ရေကစားထွက်ကြသည်ကို တွေ့ရပြီး ပျော်ရွှင်စွာရေကစားခဲ့ကြသည်ကို တွေ့ရသည်။
 

 
ရန်ကုန်မြို့တစ်နေရာ၌ ရေပက်ခံကားပေါ်တွင် တွေ့ရသော ဘီယာသောက်နေသူအချို့
 
ယခုနှစ်သင်္ကြန်ကာလအတွင်း သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ မရှိသလောက် နည်းပါးသွားသည်ကို မြင်တွေ့ခဲ့ရသော်လည်း မိန်းကလေးငယ်အများစုမှာ ဘီယာသောက်သုံးပြီး ရေကစားကြသည်ကို တွေ့မြင်ခဲ့ရသည်။
 
မန္တလေးသင်္ကြန်
 
၁၃၇၆ ခုနှစ်မှ ၁၃၇၇ ခုနှစ် အကူး မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်ကို ကျုံးလေးဖက်လေးတန်၌ ရေကစားမဏ္ဍပ်များကို နေရာချထား ဆင်နွှဲခဲ့ပြီး ယခင်နှစ်များကဲ့သို့ ကျုံးတောင်ဘက်ခြမ်း တစ်ခုတည်း၌သာ တိုးမပေါက်အောင် စည်ကားခဲ့ခြင်း မဟုတ်ဘဲ ကျုံးလေးဖက်လေးတန်လုံးတွင် မျှတစွာ စည်ကားခဲ့ကြောင်း တွေ့ရှိရသည်။
 
ယခုနှစ် သင်္ကြန်တွင်  မြို့တွင်းဧရိယာ နှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်ပေါင်း ၁၅ ခုရှိခဲ့ပြီး ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ် ၂၄ ခုသာ ရှိကာ  ယခင်နှစ်ကထက် မဏ္ဍပ် ၁၂ ခု လျော့နည်းသွားသော်လည်း စည်ကားမှုမှာ လျော့ကျသွားခြင်း မရှိ ခဲ့ပေ။ 
 

 
မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်မှ နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် မီးရှုးမီးပန်းပစ်ဖောက်နေစဉ်
 
ထို့အတူ သင်္ကြန်ကာလတွင် ကျုံးပတ်လည်လမ်းများကို ယာဉ် ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရန် တစ်လမ်းမောင်းစနစ် သတ်မှတ်ခဲ့သော်လည်း အနုပညာရှင်များ ပါဝင်ဖျော်ဖြေသည့် ကျုံးတောင်ဘက်ခြမ်းရှိ Alpine မဏ္ဍပ်နှင့် ကျုံးမြောက်ဘက်ခြမ်းရှိ Class ၏ S.I.R မဏ္ဍပ်များရှေ့၌ ရေပက်ခံလည်ပတ်သည့်ကားများ အချိန်ကြာမြင့်စွာ ရပ်တန့်ပိတ်ဆို့နေမှုကြောင့် ကျုံးလေးဖက်လေးတန်လုံးတွင် ယာဉ်ကြောပိတ်ဆို့မှုကို ယခင်နှစ်များနည်းတူ ဖြစ်ပေါ်ခဲ့သည်။ ထို့ ပြင် ကျုံးပတ်လည်လမ်းများ ယာဉ်ကြောပိတ်ဆို့မှုအခြေအနေအရ ကျုံးအပြင်ဘက်ရှိ ဒူးကြားလမ်းများတွင်ပါ ယာဉ်ကြောရှုပ်ထွေးမှုများ ပိုမိုလာခဲ့သည်ဟု လည်ပတ်သူများက ဆိုသည်။ 
 
ယခုနှစ်တွင် သံချပ်ဖျော်ဖြေမှုအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခွပ်ဒေါင်းကြယ်ဖြူသံချပ်အဖွဲ့မှ မြို့တွင်း လှည့်လည်ဖျော်ဖြေခဲ့ပြီး မြို့မတူရိယာအသင်းမှာလည်း သင်္ကြန်အကြိုနေ့ နံနက်ပိုင်းမှ စတင်ကာ အစဉ်အလာမပျက် မြို့တွင်းနေရာအနှံ့ လှည့်လည်ဖျော်ဖြေခဲ့ကာ မြို့မအသင်းယာဉ်ပေါ်တွင် တေးသံရှင် မာမာအေးနှင့် ဖိုးသောကြာတို့မှ ပါဝင်အားဖြည့်ဖျော်ဖြေခဲ့သည်။
 
“ဒီနှစ်မှာလည်း စည်ကားမှု မလျော့ဘူးလို့ ဆိုနိုင်ပေမယ့် ကျုံးအနောက်ဘက်နဲ့ မြောက်ဘက်ကျုံးလမ်းတွေမှာ အရင်နှစ်တွေကလို တစ်နိုင်တစ်ပိုင်နဲ့ မိသားစုလိုက် ရေကစားတဲ့သူတွေ တော်တော် နည်းသွားတယ်။ ဒါကလည်း အခြေအနေတွေအရ ပျော်ပါးဖို့ဘက်ကို ဦးစားမပေးနိုင်တော့လို့ ယူဆမိတယ်။ ယာဉ်ကြောပိတ်တာကတော့ ထုံးစံအတိုင်းပဲ Alpine နဲ့ S.I.R မဏ္ဍပ်တွေ ရှေ့မှာ လူတွေပြည့်ကျပ်နေတော့ ကျုံးတစ်ပတ်လုံး ပိတ်ကုန်တော့တာပဲ။ တစ်လမ်းမောင်းစနစ် ဘယ်လိုပဲ သတ်မှတ်သတ်မှတ် ဖျော်ဖြေရေးမဏ္ဍပ်တွေရှေ့မှာ ကားတွေက တစ်နာရီလည်းမရွေ့ နှစ်နာရီလည်း မထွက်တာကို ရှင်းလင်းမပေးနိုင်မှတော့ ယာဉ်ကြောတွေက ပိတ်ဆို့နေမှာပဲ” ဟု ပိုက်ကျုံးရပ်မှ ကားဖြင့်လည်ပတ်ခဲ့သူ ကိုကျော်ကျော်အောင်က ပြောသည်။
 

 
သင်္ကြန်အကြတ်နေ့ ကျုံးဘေးတစ်နေရာအား တွေ့ရစဉ်
 
ယခုနှစ်သင်္ကြန်တွင် ကျုံးပတ်လည် တိုးမပေါက်အောင် ယာဉ်ကြောပိတ်ဆို့မှုအရ သင်္ကြန်အကြတ်နေ့နှင့် အတက်နေ့များတွင် အနုပညာရှင်များ ပါဝင်ဖျော်ဖြေသည့်  Alpine မဏ္ဍပ် နဲ့ S.I.R မဏ္ဍပ်ရှေ့တို့တွင် လည်ပတ်သည့်ကားများမှာ နံနက် ၆ နာရီကျော်မှ စတင်ကာ စောင့်ဆိုင်းလည်ပတ်မှုများ ရှိခဲ့သည်။
 
နေပြည်တော်သင်္ကြန်
 
ယခုနှစ်တွင်လည်း ယခင်နှစ်များကဲ့သို့ ရွှေသံလွင်မဏ္ဍပ်တွင်သာ စည်ကားခဲ့သည့် ၂၀၁၅ ခုနှစ် နေပြည်တော်သင်္ကြန်အဖြစ် မှတ်တမ်းဝင်ခဲ့ပြန်သည်။
 
ရွှေသံလွင်မဏ္ဍပ်အနေဖြင့် ရေပက်ခံထွက်သူများအား နိုင်ငံကျော်အဆိုတော်များဖြင့် သီဆိုဖျော်ဖြေသကဲ့သို့ စတုဒိသာကျွေးမွေးမှုသည်လည်း ရေပက်ခံထွက်သူများအတွက် ကျေနပ်မှုပေးသည့် ရေကစားမဏ္ဍပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
 
ရေပက်ခံထွက်သူတစ်ဦးက “ကျွန်တော်တို့က ရေကစားပြီးရင် ဒီမဏ္ဍပ်ကကျွေးတဲ့ စတုဒိသာစားပြီး နေ့ဘက်ရေကစားချိန်ကို စောင့်နေခဲ့တာပါ။ ဒီလိုမစောင့်ရင်လည်း မဏ္ဍပ်ရှေ့ကို တိုးလို့မရဘူး။ ကျန်တဲ့မဏ္ဍပ်တွေမှာ လူကနည်းပြီး ရွှေသံလွင်မဏ္ဍပ်ရှေ့ မှာပဲ လူတွေက စုပြုံတိုးနေတာ” ဟု ပြောပြခဲ့သည်။
 
ယခုနှစ် နေပြည်တော်သင်္ကြန်တွင် မဏ္ဍပ်ရှစ်ခုခန့်ရှိသော်လည်း အချို့မဏ္ဍပ်များမှာ အဖြစ်သာ တည်ဆောက်ထားသည်ကို တွေ့ ရှိရကြောင်း၊ အဆိုတော်များသည့် မဏ္ဍပ်တွင်သာ စုပြုံတိုးပြီး ရေကစားကြကြောင်း သိရသည်။
 
ရွှေသံလွင်မိသားစုမဏ္ဍပ်၊ တော်ဝင်နေပြည်တော်မဏ္ဍပ်၊ အေစီအီးမဏ္ဍပ်များတွင်သာ ရေကစားသူ ပြည့်ကျပ်နေပြီး ကျန်သည့် မဏ္ဍပ်များမှာ ရေကစားသူ အနည်းငယ်သာရှိကာ ဟိုတယ်ဇုန်တစ်လျှောက်သာ စည်ကားခဲ့သည်။
 
နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့သည် နေပြည်တော်မဖြစ်ခင်က ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် ရေကစားမဏ္ဍပ်များဖြင့်  အလွန်စည်ကားခဲ့ကြောင်း၊ နေပြည်တော်ဖြစ်လာပြီးနောက်တွင်မူ စည်ကားမှု လျော့ကျခဲ့ကြောင်း သိရသည်။
 

 
နေပြည်တော် ဟိုတယ်ဇုန် မဏ္ဍပ်တစ်ခုရှေ့မြင်ကွင်း
 
သင်္ကြန်ကာလတွင် နေပြည်တော်အတွင်း အရက်ဘီယာရောင်းချမှု တားမြစ်ခဲ့ကြောင်း၊ သို့ရာတွင် ဟိုတယ်ဇုန်တစ်လျှောက်တွင်မူ ရေကစားမဏ္ဍပ်များအနီးတွင် အရက်၊ ဘီယာရောင်းချမှုမှာ ယခင်နှစ်များကထက် ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောပြခဲ့သည်။
 
ထို့အပြင် ဆိုင်ကယ်အိပ်ဇောဖြုတ်ကာ မောင်းနှင်မှုများကို ခွင့်မပြုဟု ကြေညာထားသော်လည်း ယင်းကဲ့သို့ ဆိုင်ကယ်စီးနင်းမှု များပြားခဲ့ကြောင်း၊ ဖမ်းဆီးမှုမှာမရှိခဲ့ကြောင်း၊ အရက်သေစာရောင်းချမှုများကိုလည်း ဖမ်းဆီးမှုမရှိခဲ့ကြောင်း သိရသည်။
 
ရေကစားသူများအနေဖြင့် နေ့လယ်ပိုင်း ရေကစားမဏ္ဍပ် ပိတ်ထားချိန်တွင် နေပြည်တော် ရေပန်းဥယျာဉ်အတွင်းနားနေသူ များပြားခဲ့ကြောင်း၊ အချို့မှာ ရေကစားမဏ္ဍပ်များအနီး၌ပင် အနားယူခဲ့ကြကြောင်း သိရသည်။
 
နေပြည်တော်သင်္ကြန်အနေဖြင့် ဟိုတယ်ဇုန်တစ်လျှောက်တွင်သာ စည်ကားခဲ့ကြောင်း၊ ကျန်သည့်မြို့နယ်များတွင်မူ စည်ကားမှုမှာ ယခင်ကထက် လျော့နည်းခဲ့ကြောင်း သိရသည်။
 
ကျေးလက်ဒေသများ၏ ရေကစားမှုပုံစံများမှာ နေပြည်တော် အနီးတစ်ဝိုက်တွင် တဖြည်းဖြည်း ပျောက်ကွယ်လာနေကြောင်း၊ အုန်းလက်ရေကစားမဏ္ဍပ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်လာနေကြောင်းရေကစားသူများက ပြောပြခဲ့သည်။
 
ရွှေသံလွင်မဏ္ဍပ်နှင့် အေစီအီးမဏ္ဍပ်မှာ ရေကစားသူများ၏ အာရုံကို ဆွဲဆောင်ထားနိုင်ကြောင်း၊ ရေကစားမဏ္ဍပ်တစ်ခု နှင့်တစ်ခုမှာ ဝေးကွာလွန်းကြောင်း၊ အများစုမှာ ဆိုင်ကယ်ဖြင့်သာ ရေကစားလေ့ရှိကြောင်း သိရသည်။
 
ယခုနှစ် နေပြည်တော်သင်္ကြန်တွင် နိုင်ငံကျော်အဆိုတော်များဖြစ်သည့် ဘိုဖြူ၊ ယုဇန၊ မီးမီးခဲ၊ မိုးယုစံ၊ ဂျက်မြသောင်း၊ ခင်ဖုန်း၊ ရိန်မိုး၊ တင်ဇာမော်၊ နန်းမြတ်ဖြိုးသင်း၊ အိပ်မက်ဆုံရာမှ အဆိုတော်များ၊ မို့မို့မြင့်အောင်၊ နေအောင်၊ ဆိုတေး၊ ခင်လှိုင်၊ ဒိန်းဒေါင် အစရှိသည်ဖြင့် သီဆိုဖျော်ဆိုခဲ့ကြသည်။
 

Most Read

Most Recent