ပင်မကျောင်းသားသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် ကျောင်းသူ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့အား ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် ကမာရွတ်မြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်

ပင်မကျောင်းသားသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် ကျောင်းသူ မပိုပိုနှင့် ဝန်းရံပြည်သူ ကိုဝင်းကျော့မှူးတို့အား ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် ကမာရွတ်မြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်
Published 11 April 2015
အောင်ကျော်ထက်

ပင်မကျောင်းသားသပိတ်စစ်ကြောင်း၌ ပါဝင်ခဲ့သည့် ကျောင်းသူ မပို့ပို့နှင့် ဝန်းရံပြည်သူတစ်ဦးဖြစ်သည့် ကိုဝင်းကျော့မှူးတို့အား ဧပြီ ၁ဝ ရက် နံနက်ပိုင်းတွင် ပုဒ်မ ၅ဝ၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် ကမာရွတ်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
 
“ကျွန်မတို့ ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် လုပ်တယ်။ ဒါကို အစိုးရက ကျွန်မတို့ ကျောင်းသားတွေ ဆက်မလုပ်နိုင်အောင် တစ်ယောက်ချင်းဖမ်းပြီး ထောင်ချဖို့ လုပ်တယ်။ ဒါပေမဲ့ ကျွန်မတို့ကျောင်းသားတွေကို ဘယ်လိုပဲ ထောင်ချချ ကျွန်မတို့ လုပ်စရာရှိတာကို လုပ်သွားမှာပါ။ အပြင်မှာကျန်ခဲ့တဲ့ ကျောင်းသားတွေကို မှာချင်တာက စည်းစည်းလုံးလုံးနဲ့ ကျွန်မတို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက် မရမချင်း တိုက်ပွဲဝင်ကြပါလို့ မှာချင်တယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာတော့ ကျွန်မတို့ကျောင်းသားတွေနိုင်တယ်”ဟု ဗကသကျောင်းသူ မပိုပိုက ရုံးထုတ်စစ်ဆေးပြီးနောက် ပြောကြားသည်။
 
ဗကသကျောင်းသူဖြစ်သည့် ပိုပို (ခေါ်) ရတနာစုပိုလှိုင်နှင့် ဝန်းရံပြည်သူ ကိုဝင်း ကျော့မှူးတို့အား ကမာရွတ်ရဲစခန်းက ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅ဝ၅ (ခ) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
 
“အစိုးရဟာ အရှက်မရှိတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ကလေးတွေလောက်တောင် ကတိမတည်တဲ့ လူကြီးတွေ၊ ကိုယ်ပေးခဲ့တဲ့ကတိကို ကိုယ်တည်ပါ။ ကျွန်တော်တို့ကို ထောင်ချလည်း ဒီတိုက်ပွဲကြီးက ပြီးဆုံးသွားမှာ မဟုတ်ဘူး”ဟု ကိုဝင်းကျော့မှူးက ပြောကြားသည်။
 
မပိုပိုနှင့် ကိုဝင်းကျော့မှူးတို့အနေဖြင့် မတ် ၁ဝ ရက် ညနေပိုင်းက လှည်းတန်းတွင် ပြုလုပ်ခဲ့သည့် ကျောင်းသားသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည်ဆိုကာ ယခုကဲ့သို့ အမှုဖွင့်ဖမ်းဆီးခြင်းဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
 
“အမှုက စစ်လို့မရသေးဘူး။ ကျောင်းသားခေါင်းဆောင် သုံးယောက်က လွတ်နေသေးလို့။ သူတို့က ကျောင်းသားတွေကို တစ်တွဲတည်း ဆွဲထားတာဆိုတော့။ နောက် ကိုနန္ဒာစစ်အောင်ကလည်း လက်ပံတန်းမှာ အမှုရင်ဆိုင်နေရသေးတာဆိုတော့ ဒီကိုမလာနိုင်သေးဘူး။ ဒါကြောင့် အမှုတွဲက ကြာနိုင်သေးတယ်။ နောက်ပြီး ဒီမှာက ကျောင်းသူ မပိုပိုကို လက်ထိတ်ခတ်တာတွေ ဘာတွေ မရှိဘူး။ အကျဉ်းသားအခွင့်အရေး အပြည့်ရတယ်။ လက်ပံတန်းနဲ့မတူဘူး။ လက်ပံတန်းမှာက အချုပ်ကားပေါ်ရောက်တဲ့အချိန်တောင် ကျောင်းသူတွေကို လက်ထိတ်ခတ်ခေါ်တာတွေ ရှိနေတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ဒီကရုံးချိန်းကိုတော့ ဧပြီ ၂၄ ရက် ကို ချိန်းဆိုထားပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။
 
မပိုပိုကို ဧပြီ ၈ ရက် ညနေပိုင်းတွင် ၎င်းနေထိုင်သော သန်လျင်မြို့နယ်ရှိ နေအိမ်၌ ရဲတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ဗကသ ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ ဂျိမ်း (ခ) လင်းထက်နိုင်နှင့် ကိုထက်ခိုင်စိုးတို့ကိုလည်း ယင်းအမှုများနှင့်ပင် ကမာရွတ်ရဲစခန်းက အမှုဖွင့်တရားစွဲဆိုထားသည်။
 

Most Read

Most Recent