ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရနိုင်ခြေရှိနေသည့် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါစူးစမ်းလေ့လာမှုများ တစ်ပြိုင်နက် ပြုလုပ်

ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရနိုင်ခြေရှိနေသည့် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါစူးစမ်းလေ့လာမှုများ တစ်ပြိုင်နက် ပြုလုပ်
Published 11 April 2015
ထွယ်ဆန်အောင်

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေးရောဂါများ ကူးစက်ခံရနိုင်ခြေရှိသည့် အိမ်နီးချင်းနိုင်ငံများတွင် စီမံချက်များရေးဆွဲကာ ရောဂါစူးစမ်းလေ့လာမှုများကို တစ်ပြိုင်နက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
 
တရုတ်နိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားသည့် ကာလမှစတင်ကာ တရုတ်နိုင်ငံဝန်းကျင်ရှိ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ နီပေါ၊ ဘူတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရောဂါစူးစမ်းလေ့လာမှုများ တစ်ပြိုင်နက်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရုတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် ရောဂါစူးစမ်းလေ့လာမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
 
လက်ရှိလုပ်ဆောင်နေသည့် နိုင်ငံသုံးခုအနက် မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံနှင့် ယူနန်ပြည်နယ်တစ်ခုသာ ခြားသည့်အတွက် ရောဂါကူးစက်လာနိုင်ခြေ အခွင့်အလမ်းပိုမိုများနေကြောင်းနှင့် နယ်စပ်ဒေသများတွင် စူးစမ်းလေ့လာမှုများအရ နယ်စပ်ဒေသအချို့တွင် ကြက်ငှက်တုပ်ကွေးရောဂါမျိုးစိတ်H7N9 ဖြစ်လာနိုင်ခြေရှိသည့် တုပ်ကွေးမျိုးစိတ် အများအပြားကို တွေ့ရှိနေရကြောင်း သိရသည်။ ယင်းသို့ တွေ့ရှိရခြင်းကြောင့် တရုတ်- မြန်မာနယ်စပ်ဒေသများတွင် ရောဂါစူးစမ်းလေ့လာမှုများကို လေးကြိမ်မြောက်အဖြစ် ပြန်လည်လုပ်ဆောင်လျက်ရှိပြီး တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေးရောဂါပိုးများ ပါလာနိုင်သည့် အန္တရာယ်များနှင့် ပတ်သက်သည့် အချက်အလက်များကို အတိအကျသိနိုင်ရန် အကဲဖြတ်လေ့လာမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လေ့လာရာတွင် တရုတ်နိုင်ငံဘက်မှ တရုတ်-မြန်မာနယ်စပ်ဒေသများသို့ ကြက်သားနှင့် ကြက်ဥတင်ပို့ရောင်းချသည့်လမ်းကြောင်းနေရာများ၊  ကြက်ငှက်တုပ်ကွေး ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများအပါအဝင် ယင်းဒေသများရှိလူများနှင့် ထိတွေ့မှုကြောင့် ရောဂါပျံ့နှံ့လာနိုင်သည့် အခြေအနေများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ထို့ပြင် တရုတ်နိုင်ငံမှ ရောဂါရှိသည့် ကြက်နှင့် ကြက်ထွက်ပစ္စည်းများ ဝင်ရောက်နိုင်သည့်အခြေအနေများနှင့် ရောဂါဝင်ရောက်မှုကြောင့် ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို လေ့လာသွားမည်ဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေများ နှင့် ကိုက်ညီမှု ရှိ မရှိကိုပါ ဆန်းစစ်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အန္တရာယ်ရှိသည့် အချက်အလက်များ တွေ့ရှိပါကလည်း ထိတွေ့လေ့ရှိသူများနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ အကဲဖြတ်စူးစမ်းလေ့လာမှုများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့မှ ယခုနှစ်ကုန်ပိုင်းအထိ ဆောင်ရွက်မည်ဖြစ်သည်။
 

Most Read

Most Recent