ပုဇွန်တောင်မြို့နယ် အနော်ရထာအိမ်ရာ ရှစ်လွှာတိုက်ခန်း မီးလောင်မှုမှာ လျှပ်စစ်ပလတ်ခုံ အပူလွန်ကဲရာမှ စတင်လောင်ခြင်းဖြစ်

ပုဇွန်တောင်မြို့နယ် အနော်ရထာအိမ်ရာ ရှစ်လွှာတိုက်ခန်း မီးလောင်မှုမှာ လျှပ်စစ်ပလတ်ခုံ အပူလွန်ကဲရာမှ စတင်လောင်ခြင်းဖြစ်
Published 10 April 2015
အောင်ထက်ခိုင်

ပုဇွန်တောင်မြို့နယ် အနော်ရထာအိမ်ရာ ရှစ်လွှာတိုက်ခန်းမီးလောင်မှုသည် လျှပ်စစ်ပလတ်ခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးစတင်လောင်ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာ၏ပြောပြချက်အရ သိရသည်။"မီးစတင်လောင်တာက လျှပ်စစ်မီးပလတ်ခုံက အပူလွန်ပြီး ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးပွားတွေ အောက်ကဗီရိုပေါ်ကျပြီး စလောင်တာပါ။ တိုက်ခန်းမှာက အမျိုးသားနှစ်ယောက်နေပါတယ်။ မီးလောင်တဲ့အချိန် သူတို့က အပြင်သွားနေတယ်" ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေမှူး ဦးသော်တာကပြောကြားသည်။၎င်းမှဆက်လက်၍ "အဲဒီတိုက်ခန်းတွေမှာ မီးသတ်ဆေးဘူးတွေဆောင်ထားတာလည်း မတွေ့ရဘူး။ နောက်ပြီး တိုက်တွေက အရင်တုန်းကဆောက်ထားတဲ့ တိုက်တွေဖြစ်နေတော့ အရေးပေါ်လှေကားတွေလည်းမရှိပါဘူး မီးသတ်ဆေးဘူးရှိရင်လည်း ပလတ်ခုံလေးပဲလောင်သွားမှာပါ။ အခုတော့ တိုက်ခန်းအကုန်လုံးနီးပါးလောင်သွားရတာပါ။ အဲဒီလမ်းက အထပ်မြင့်တွေများတယ်။ မီးကြိုးတွေများတော့ အထပ်မြင့်မီးငြှိမ်းသတ်တဲ့ကား ဝင်မရဘူးဖြစ်နေတယ်။ ပိုက်တွေဆက်ပြီး ငြှိမ်းသတ်ခဲ့ရပါတယ်" ဟုပြောကြားသည်။မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ဧပြီ ၁၀ ရက် ညနေ ၃ နာရီခွဲအချိန်၌ ပုဇွန်တောင်မြို့နယ် (၂) ရပ်ကွက် ၅၄ လမ်းတို၊ အနော်ရထာအိမ်ရာ တိုက်ခြောက်၊ ရှစ်လွှာတိုက်ခန်း ၃၀၆ ၌ မီးလောင်ကျွမ်းခဲ့ကာ ၄ နာရီ ၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရပြီး မီးသတ်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါမီးလောင်ကျွမ်းမှုနေရာသို့ မီးသတ်ကား ၂၅ စီးကျော်ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုအဆင့်ကို Level 2 သတ်မှတ်ထားကြောင်းသိရပြီး မီးလောင်မှုကြောင့် ကျပ် ၁၀ သိန်းကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။မီးလောင်မှုနှင့်ပတ်သက်၍ အဆိုပါတိုက်ခန်းနေသူနှစ်ဦးအား ပုဇွန်တောင်ရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent