ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် အသက်ရှင်ကျန်ရစ်သည့် မြန်မာသင်္ဘောသား ၂၂ ဦး ကိုရီးယားလေကြောင်းလိုင်းဖြင့် ဧပြီ ၁၅ ရက်တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိမည်

ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် အသက်ရှင်ကျန်ရစ်သည့် မြန်မာသင်္ဘောသား ၂၂ ဦး ကိုရီးယားလေကြောင်းလိုင်းဖြင့် ဧပြီ ၁၅ ရက်တွင် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိမည်
Published 10 April 2015
ရွှန်းလဲ့ဝင်း

ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် အသက်ရှင်ကျန်ရစ်သည့် မြန်မာသင်္ဘောသား ၂၂ ဦးသည် ဧပြီ ၁၅ ရက်တွင် ကိုရီးယားလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း မော်စကိုမြို့ရှိ မြန်မာသံရုံး၏သတင်းထုတ်ပြန်ချက်အရ သိရသည်။ယင်းပြင် သင်္ဘောနစ်မြုပ်မှုကြောင့် အသက်သေဆုံးသည့် မြန်မာသင်္ဘောသား ၁၆ ဦး၏ ရုပ်အလောင်းများကိုလည်း ယင်းနေ့တွင်ပင် စင်းလုံးငှားလေယာဉ်ဖြင့် တိုက်ရိုက်ပို့ဆောင်ပေးမည်ဖြစ်ကာ၊ ပျောက်ဆုံးသင်္ဘောသားလေးဦးကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။အသက်ရှင်ကျန်ရစ်သူ မြန်မာသင်္ဘောသား ၂၂ ဦးအား ဧပြီ ၇ ရက်က ရုရှားနိုင်ငံ တောင်ပိုင်း Sakhalin မြို့ရှိ Pacific Plaza သို့ပို့ဆောင်ပေးထားပြီး၊ ရုရှားနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက မြန်မာသင်္ဘောသား ၂၂ ဦး မြန်မာနိုင်ငံသို့ပြန်ရန် နိုင်ငံကူးလက်မှတ်များကို ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။    သို့ဖြစ်၍ ယင်းမြန်မာသင်္ဘောသား ၂၂ ဦးမှာ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့) တွင် မြန်မာနိုင်ငံသို့ရောက်ရှိမည်ဖြစ်သည်။ဧပြီ ၁ ရက်က ရုရှားနိုင်ငံ၊ ကမ်ချက်တာတွင် ရုရှားငါးဖမ်းသင်္ဘောတိမ်းမှောက်ခဲ့ပြီး အဆိုပါသင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၄၂ ဦးပါဝင်ခဲ့ပြီး၊ အဆိုပါသင်္ဘော ၄၂ ဦးမှာ မြန်မာနိုင်ငံရှိ SRPS ကုမ္ပဏီငါးခုမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲအနေဖြင့် ငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင်ပါဝင်သည့် မြန်မာသင်္ဘော ၄၂ ဦးအား ထွက်ခွာခွင့်တင်ပြသော SRPS ကုမ္ပဏီ ၅ ခုအား နိုင်ငံခြားသင်္ဘောများသို့ သင်္ဘောသားစေလွှတ်ခွင့်ကို ဧပြီ ၃ ရက်မှစတင်ကာ ရပ်ဆိုင်းထားကြောင်း သိရသည်။ ယင်း SRPS ကုမ္ပဏီငါးခုမှာ Sea Rider ၊ Top Chance ၊ Asia Wave ၊ Light Oasis နှင့် Star Global တို့ဖြစ်သည်။ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင်ပါဝင်သည့် မြန်မာသင်္ဘောသား ၄၂ ဦးအနက် အသက်ရှင်သူ ၂၂ ဦး၊ ကွယ်လွန်သူ ၁၆ ဦးရှိပြီး၊ သင်္ဘောသားလေးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှ သတင်းရရှိသည်။

Most Read

Most Recent