ဦးနှောက်သေးသူများ မဖြစ်လိုပါ

ဦးနှောက်သေးသူများ မဖြစ်လိုပါ
Published 10 April 2015
တင်ယုနွယ်

“သင်ဟာ ဆင်းရဲမယ်ဆိုရင် သင့်ဦးနှောက်ဟာ ပိုပြီးသေးနေမှာပဲ” ဆိုပြီး မကြာမီက ထုတ်ပြန်ထားတဲ့ လေ့လာမှုတစ်ခုမှာ အမေရိကန်က ကျွမ်းကျင်ပညာရှင်များက ထုတ်ဖော်ပြောကြားထားတာကို ဖတ်လိုက်ရပါတယ်။ အဲဒီလေ့လာမှုမှာ ပူးတွဲရေးသားထားတဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်း တက္ကသိုလ်က ဆိုဝဲလ်ဆိုသူက ဦးနှောက်တည်ဆောက်ပုံနဲ့ မိသားစုဝင်ငွေကြားက ဆက်သွယ်မှုဟာ ကလေးတွေမှာ သက်ရောက်မှုရှိတယ်ဆိုတာကို ပြောကြားထားပါတယ်။ လေ့လာမှုအရဆိုရင် ဆင်းရဲမွဲတေမှုနဲ့ ဦးနှောက်သေးမှုဟာ တိုက်ရိုက်အချိုးကျနေတဲ့သဘော ဖြစ်နေပါတယ်။ ဒီလိုသာ ဆက်နွှယ်နေမယ်ဆိုရင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ စာရင်းထဲမှာ ပါဝင်နေဆဲ၊ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာဆိုရင်ရောလို့ ဆက်စပ်တွေးမိပါတယ်။  
 
လက်ရှိ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲမှုတွေ လေးနှစ်ရှိလာပြီဆိုနေချိန်မှာပဲ ဖွံ့ ဖြိုးမှု အနည်းဆုံးနိုင်ငံတွေစာရင်းမှာ ပါဝင်နေသေးသလို ကုလသမဂ္ဂက သတ်မှတ်တဲ့ တစ်ရက်ဝင်ငွေ ၁ ဒသမ ၂၅ ဒေါ်လာ( ကျပ် ၁၃၅ဝ) ထက်နည်းပါးတဲ့ ဆင်းရဲမွဲတေမှု လူဦးရေ  ၂၅ ဒသမ ၆ ရာခိုင်နှုန်း ရှိနေပါတယ်။ ၂ဝ၁၅ ခုနှစ်မှာတော့ ဆင်းရဲမွဲတေမှု ၁၆ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။ ဒါပေမဲ့ အမျိုးသားလွှတ်တော် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကော်မတီဥက္ကဋ္ဌကတော့ ဖြစ်နိုင်ဖို့ မလွယ်ကူဘူးဆိုတာကို သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ဆင်းရဲမွဲတေမှု ၁၆ ရာခိုင်နှုန်းအထိ လျှော့ချဖို့ ဖြစ်နိုင်မယ့်အချက်အလက်တွေ မတွေ့သေးသလို လက်ရှိ ဆင်းရဲမွဲတေမှု ၂၅ ဒသမ ၆ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၂ဝ ရောက်ဖို့တောင် ခက်ခဲနေတယ်လို့ ဆိုထားပြန်တော့ ဦးနှောက်သေးသူများ မဖြစ်လိုတဲ့  မျှော်လင့်ချက်တွေ ပျောက်ရမလိုဖြစ်နေပါတယ်။ 
 
 ဦးနှောက်သေးသူများ မဖြစ်လိုတဲ့ မျှော်လင့်ချက်တွေနဲ့ မျှော်လင့်နေဆဲမှာပဲ ထပ်မံဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကြောင့် မျှော်လင့်ချက်ပျောက်ရမလို အခြေအနေပါ ဖြစ်သွားပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးရေး နဲ့ ဆင်းရဲနွမ်းပါးမှုလုပ်ငန်းတွေလုပ်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး နယ်စာရင်းစစ်ချုပ်ရုံး၊ ဒေသစာရင်းစစ်ချုပ်ရုံးတွေမှာ လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက စစ်ဆေးတဲ့အခါ အမှန်ကုန်ကျစရိတ်ထက် ပိုထုတ်သုံးတာ၊ ကိုယ်ပိုင်ငွေလို စာရင်းရှင်ဖွင့် အပ်နှံတာတွေကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလုပ်ငန်းတွေ ဆောင်ရွက်နေတာနဲ့ ရန်ပုံငွေသုံးစွဲတဲ့ အခြေအနေတွေမှာ မသုံးစွဲဖြစ်တဲ့ ပိုလျှံငွေတွေကို နိုင်ငံ့ဘဏ္ဍာရန်ပုံငွေကို ပြန်မအပ်နှံဘူးလို့ ကော်မတီရဲ့ အစီရင်ခံစာကြောင့် ဆင်းရဲမွဲတေမှု မလျှော့ချနိုင်သေးချိန် အခြေခံလူတန်းစားတွေရဲ့ ဘဝဖွံဖြိုးဖို့အတွက် သုံးစွဲပေးရမယ့်ငွေတွေကို ကိုယ်ကျိုးအတွက် အသုံးချရက်တာကို ဖတ်လိုက်ရတော့ ဦးနှောက်သေးသူများမဖြစ်လိုတဲ့ မျှော်လင့်ချက်ဟာ ပျက်ပြယ်လုဖြစ်ရပါတယ်။
 
အမေရိကန်ကျွမ်းကျင်ပညာရှင်တွေ ထုတ်ပြန်ထားတဲ့ ဆင်းရဲမွဲတေမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်တာနဲ့ ပတ်သက်တဲ့ လေ့လာမှုစာတမ်းမှာ ဦးနှောက်သေးမှုကို ကျော်လွှားနိုင်ဖို့ အဖြေကတော့ ပိုမိုကောင်းမွန်တဲ့ ကျောင်းနေ့လယ်စာ၊ စိတ်ဝင်စားစရာ သင်ကြားမှုနဲ့ လူ့အဖွဲ့အစည်းပုံစံတွေက ကလေးငယ်တွေကို အားပေးနိုင်ရင် ကျော်လွှားနိုင်တယ်လို့ အလေးပေးဖော်ပြထားပါတယ်။ ဒီအဖြေအရ ကျောင်းတွေကနေ ကုန်ကျခံကျွေးမွေးမယ့် ပိုမိုကောင်းမွန်တဲ့ ကျောင်းနေ့လယ်စာ စားသုံးဖို့ကိုတော့ မျှော်လင့်မထားပါဘူး။ 
ဒါပေမဲ့ သင်ထောက်ကူပစ္စည်း လုံလောက်ပြီး လက်တွေ့ထိတွေ့ သင်ယူနိုင်ဖို့၊ စဉ်းစားတွေးခေါ်တာကို အားပေးတဲ့နည်းစနစ်နဲ့ သင်ယူနိုင်ဖို့၊ ကျောင်းနေပျော်တဲ့ ဝန်းကျင်ကောင်းတွေနဲ့ သင်ယူနိုင်ဖို့တွေကိုတော့ မျှော်လင့်ပါတယ်။ အမေရိကန်ကျွမ်းကျင်ပညာရှင်တွေ ထုတ်ပြန်လိုက်တဲ့ လေ့လာမှု မှန်မမှန်ဆိုတာ လက်တွေ့မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုနှုန်း၊ ဝေးလံခေါင်ဖျားတဲ့ဒေသတွေနဲ့ မြို့စွန်မြို့ဖျား၊ တောနယ်ဒေသတွေမှာ စာသင်ကြားရမယ့် အရွယ်ရောက်သူတိုင်း  စာမသင်ယူနိုင်မှုတွေဟာ ဆင်းရဲမွဲတေမှုကြောင့်  အဟန့်အတားဖြစ်စေတယ်ဆိုတာ ငြင်းမရနိုင်ပါဘူး။ ရွေ့လျားသင်ကြားပေးမှုတွေ၊ အခမဲ့ပညာသင်ကြားပေးတာတွေ လုပ်ပေးနေပေမယ့် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မှုမှာ အားရစရာရှိမနေပါဘူး။ နေ့စဉ် စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့  ရင်သွေးတွေပါမကျန် အလုပ်ထွက်လုပ်၊ ဝိုင်းကူညီပေးနေရတဲ့ အခြေခံလူတန်းစား မိသားစုတွေအတွက်တော့  ဦးနှောက်သေးမှာကို မတွေးနိုင်အားဘဲ ထမင်းနပ်မှန်ဖို့ကိုသာ တွေးနေရသူတွေ ဖြစ်ပါတယ်။
 
တစ်ချိန်က အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ တိုးတက်မှုအလားအလာ အကောင်းဆုံးနိုင်ငံဖြစ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကြီးမှာ နိုင်ငံတကာက ကျောင်းသားကျောင်းသူတွေ လာရောက်ပညာသင်ယူဆည်းပူးခဲ့ရတဲ့ အခြေအနေကနေ လက်ရှိအချိန်မှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်စတဲ့ ကဏ္ဍတော်တော်များများမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် များစွာ ကွာခြားသွားခဲ့ပြီ ဖြစ်ပါတယ်။ မိဘရင်ခွင်၊ မိသားစုအဝန်းအဝိုင်းတွေနဲ့ ကိုယ့်နိုင်ငံကထွက်ခွာပြီး အဝေးတစ်နရာမှာ ဘယ်သူတွေက သွားရောက် အလုပ်လုပ်ချင်ကြပါသလဲ။  ဘွဲ့ရပညာသင်ကြားခဲ့ပေမယ့် အိမ်အကူလို လုပ်ငန်းမျိုးကို ဘယ်သူတွေက လုပ်ချင်ကြပါသလဲ။ စားဝတ်နေမှုအတွက် တွေးပူမနေရဘဲ စာသင်ယူနိုင်ခွင့်ရတဲ့ဘဝမျိုးကို ဘယ်သူတွေက မလိုချင်ဘဲရှိပါ့မလဲ။ အရင်းစစ်ကြည့်ရင် ဆင်းရဲမွဲတေမှုကြောင့် မလုပ်လို မလုပ်ချင်တဲ့ အရာတွေကို မဖြစ်မနေမို့သာ လုပ်ကိုင်နေကြရတာပါ။ ဦးနှောက်သေးမှုကိုဖြစ်စေတဲ့ ဆင်းရဲမွဲတေနေမှုကို မလျှော့ချနိုင်ရင်၊ ပပျောက်အောင် မလုပ်နိုင်ရင်တော့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ ဦးနှောက်သေးသူတွေ နေထိုင်နေတဲ့နိုင်ငံအဖြစ် ရှိနေရမှာပါ။ 
 
ဆင်းရဲလို့ ပညာမသင်ကြားနိုင်၊ ပညာမသင်ကြားနိုင်တော့ ဦးနှောက်စွမ်းရည် တိုးတက်သင့်သလောက် မတိုးတက်၊ ဦးနှောက်စွမ်းရည် မတိုးတက်တော့ ဘဝမြင့်ဖို့အတွက် တွေးခေါ်မြော်မြင်မှု မပြည့်ဝ၊ တွေးခေါ်မှုအား မပြည့်ဝတော့ ကောင်းမွန်သင့်တင့်တဲ့ အဝန်းအဝိုင်းတစ်ရပ်ကို မတက်လှမ်းနိုင်တာတွေကြောင့် ဆင်းရဲမှုသံသရာ တစ်ပတ်လည်နေရပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေတာကို လျှော့ချဖို့၊ မရှိအောင်လုပ်ဖို့ က ဘယ်သူတွေမှာ တာဝန်ရှိနေပါလဲ။ ဘယ်သူတွေက ဦးဆောင်ဖြေရှင်းပေးမှာပါလဲ။