ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် သေဆုံးခဲ့သည့် မြန်မာသင်္ဘောသားများ၏ ကုမ္ပဏီအချို့က လျော်ကြေးငွေ ဒေါ်လာတစ်သောင်းသာပေးရန် မိသားစုဝင်များအားကမ်းလှမ်း

ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် သေဆုံးခဲ့သည့် မြန်မာသင်္ဘောသားများ၏ ကုမ္ပဏီအချို့က လျော်ကြေးငွေ ဒေါ်လာတစ်သောင်းသာပေးရန် မိသားစုဝင်များအားကမ်းလှမ်း
Published 9 April 2015
ရွှန်းလဲ့ဝင်း

ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် သေဆုံးခဲ့သည့် မြန်မာသင်္ဘောသားများ၏ ကုမ္ပဏီအချို့က လျော်ကြေးငွေ ဒေါ်လာတစ်သောင်းသာပေးရန် မိသားစုများအား ကမ်းလှမ်းမှုများရှိနေကြောင်း သေဆုံးသင်္ဘောသားများ၏ မိသားစုဝင်များပြောကြားချက်အရ သိရသည်။နိုင်ငံတကာသင်္ဘောများတွင် တာဝန်ထမ်းဆောင်နေသော ပင်လယ်ကူးသင်္ဘောသားတစ်ဦး အသက်သေဆုံးမှုအတွက် အနည်းဆုံးလျော်ကြေးငွေမှာ ဒေါ်လာသုံးသောင်းရရှိမည်ဖြစ်ကာ အဆိုပါပမာဏသည် အနိမ့်ဆုံးဖြစ်ပြီး ရာထူးအဆင့်ပေါ်မူတည်ကာ လျော်ကြေးငွေများပေးအပ်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။ဧပြီ ၁ရက်က ရုရှားနိုင်ငံ ကမ်ချက်တာတွင် ရုရှားငါးဖမ်းသင်္ဘောတိမ်းမှောက်ခဲ့ရာ အဆိုပါသင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၄၂ ဦးပါဝင်ခဲ့ပြီး၊ အဆိုပါသင်္ဘောသား ၄၂ ဦးမှာ မြန်မာနိုင်ငံရှိ  SRPS ကုမ္ပဏီငါးခုမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်း SRPS ကုမ္ပဏီငါးခုမှာ Sea Rider ၊ Top Chance ၊ Asia Wave ၊ Light Oasis နှင့် Star Global တို့ဖြစ်သည်။"သားက Sea Rider ကုမ္ပဏီက သင်္ဘောတက်သွားတာပါ။ သင်္ဘောတက်ရဖို့ကို ၂၅ သိန်းပေးခဲ့ရပါတယ်။ သူတို့ပြောတဲ့ အလုပ်လုပ်ရမယ်ဆိုတဲ့သင်္ဘောက တခြားသင်္ဘောပါ။ တကယ်ရောက်သွားတော့ စည်သွတ်စက်ရုံပါတဲ့ ငါးဖမ်းသင်္ဘောဖြစ်နေတာပါ။ အခုကုမ္ပဏီက လျော်ကြေးငွေအနေနဲ့ ဒေါ်လာတစ်သောင်းပေးမယ်။ ကျေအေးကြောင်းလက်မှတ်ထိုးပေးရင် အခု တစ်ရက်၊ နှစ်ရက် အတွင်းရအောင်လုပ်ပေးမယ်လို့ ပြောပါတယ်။ ကျွန်မက ကျွန်မသားတစ်ယောက်တည်းမဟုတ်ဘူး။ အများနဲ့မို့လို့ အများသဘောတူမှလက်ခံမယ်လို့ ကုမ္ပဏီကတာဝန်ရှိသူကို ပြောလိုက်ပါတယ်" ဟု ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင်ပါဝင်သည့် မြန်မာသင်္ဘောသားတစ်ဦးဖြစ်သည့် ကိုကျော်နေမင်း (သေဆုံး) ၏ မိခင်ဒေါ်သိန်းကျော့ဦးက ပြောကြားသည်။သင်္ဘောနစ်မြုပ်မှုတွင်ပါဝင်ခဲ့သည့် မြန်မာသင်္ဘောသား ကိုကိုမောင်၏ ဦးလေးဖြစ်သူ ဦးလှထွန်းက "ကျွန်တော့်တူက Sea Rider ကပဲတက်သွားတာပါ။ သင်္ဘောတက်ဖို့ ၂၈ သိန်းပေးခဲ့ရတယ်။ အခုသင်္ဘောမှောက်တော့ သေဆုံးပြီး အလောင်းရှာတွေ့ထားတယ်ပြောပါတယ်။ Sea Rider ကုမ္ပဏီက ခုဖြစ်တော့ ဒေါ်လာတစ်သောင်းပေးမယ်ပြောတယ်။ ကျွန်တော်တို့ကလက်မခံဘူးပြောတော့ သူတို့က ဟိုဘက်ကုမ္ပဏီကို ဒေါ်လာနှစ်သာင်းတောင်းပေးထားတယ်ပြောပါတယ်။ ကျွန်တော်တို့က လက်မခံခဲ့ပါဘူး" ဟုပြောကြားသည်။ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင်ပါဝင်သည့် မြန်မာသင်္ဘောသား ၄၂ ဦးအနက် အသက်ရှင်သူ ၂၂ ဦး၊ ကွယ်လွန်သူ ၁၆ ဦးရှိပြီး သင်္ဘောသားလေးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သင်္ဘောသားဌာနခွဲမှ သတင်းရရှိသည်။ယင်းပြင် မြန်မာနိုင်ငံ ပင်လယ်ကူးအလုပ်သမားများအဖွဲ့ချုပ်မှ ဧပြီ ၈ ရက်က ၎င်းတို့၏ရုံးခန်းတွင် ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင်ပါဝင်သည့် မြန်မာသင်္ဘောသားများ၏ မိသားစုများအား ခေါ်ယူတွေ့ဆုံပြီး သင်္ဘောသားနှင့်ပတ်သက်သည့် ကိစ္စအ၀၀အား ဆောင်ရွက်ပေးရန် အကူညီများပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။"ကျွန်တော်တို့က မြန်မာသင်္ဘောသားတွေ ရသင့်ရထိုက်တာကို ရရှိအောင် တောင်းပေးမယ်။ တောင်းတယ်ဆိုတဲ့နေရာမှာ သူတို့စာချုပ်ချုပ်ထားတဲ့ အနေအထားပေါ်မူတည်ပြီး စာချုပ်မှာပါတဲ့ပမာဏကိုပဲ တောင်းပေးလို့ရမှာပါ။ ကျွန်တော်တို့သင်္ဘောသားမိသားစုဝင်တွေကိုခေါ်ပြီး တွေ့ရတဲ့ရည်ရွယ်ချက်က သူတို့ရသင့်ရထိုက်တဲ့အခွင့်ရေးကို ဆောင်ရွက်ပေးချင်လို့ ခေါ်တွေ့တာပါ။ အခုမိသားစုဝင်တွေကို ကုမ္ပဏီဘက်က ဒေါ်လာတစ်သောင်းပေးဖို့ပြောဆိုနေပြီး သဘောတူလက်မှတ်ထိုးပါဆိုတာကို လက်မှတ်ထိုးပေးခဲ့သည်ရှိသော် နောင်အခါမှာ အပြည့်စုံမရတာမျိုးတွေဖြစ်မှာကို ကြိုတင်သတိပေးတဲ့အနေနဲ့ ခေါ်ယူပြောကြားရတာပါ" ဟု မြန်မာနိုင်ငံ ပင်လယ်ကူးအလုပ်သမားများအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌဦးစိန်လှိုင်က ပြောကြားသည်။

Most Read

Most Recent