ဒေါ်ခင်ဝင်းသေဆုံးမှုသည် သာမန်သေဆုံးခြင်းမဟုတ်ဘဲ ရဲတပ်ဖွဲ့ကပစ်ခတ်ခဲ့သည့် သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်တရားရုံးက အမိန့်ချမှတ်

ဒေါ်ခင်ဝင်းသေဆုံးမှုသည် သာမန်သေဆုံးခြင်းမဟုတ်ဘဲ ရဲတပ်ဖွဲ့ကပစ်ခတ်ခဲ့သည့် သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်တရားရုံးက အမိန့်ချမှတ်
Published 9 April 2015
စိုးမိုးထွန်း(မုံရွာ)

၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ  ၂ နာရီအချိန်ခန့်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးများ တစ်စုံတစ်ရာရယူထားခြင်းမရှိသည့် ဒေသခံတောင်သူများပိုင်သည့် မြေယာများအပေါ် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့မှ ခြံစည်းရိုးခတ်လုပ်နေစဉ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့နှင့် ဒေသခံတို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားကာ မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်း၏ဦးခေါင်းတွင် သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့မှုအား ဆားလင်းကြီးမြို့နယ်တရားရုံးတွင် သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၅ ဖြင့်လက်ခံစစ်ဆေးခဲ့ပြီး  ဧပြီ ၉ ရက် ညနေပိုင်းတွင် ဆားလင်းကြီးမြို့နယ်တရားသူကြီးမှ ဒေါ်ခင်ဝင်းသေဆုံးမှုသည် သာမန်သေမှုသေခင်းမျိုးမဟုတ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှပစ်ခတ်ခဲ့သည့် သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း အမိန့်ချမှတ်ခဲ့သည်။အမိန့်ချမှုနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ် တရားသူကြီးက "ကျွန်တော်အမိန့်ချတာရှင်းပါတယ်။ ဒေသခံတွေအမြင်လွဲတာပါ။ ဓမ္မတာအတိုင်းသေဆုံးတာမဟုတ်ပါဘူး ပယောဂကြောင့်သေဆုံးတယ်လို့ အမိန့်ချတာ ရှင်းပါတယ်။ အမိန့်မချမီ ဖတ်ပြတဲ့စာမှာလည်း မှုခင်းဆရာဝန်ကြီးက ဦးခေါင်းမှ နောက်စေ့ထိပေါက်ထွက်သည့် သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ရကြောင်းဆိုတာလည်းပါတယ်" ဟုပြောကြားသည်။အမှုအားတရားလိုပြုလုပ်တိုင်တန်းသူ ဒေါ်ခင်ဝင်း၏ယောက်မ ဒေါ်ခင်မာအေးက "အမှုနဲ့ပတ်သက်ပြီးတော့ ဒီနေ့ချလိုက်တဲ့အမိန့်ကို နည်းနည်းတော့သဘောကျပါတယ်။ ဓမ္မတာအတိုင်းသေတာမဟုတ်ဘူးဆိုတော့ ရဲကသေနတ်နဲ့ပစ်သတ်လို့သေတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။ လူသတ်မှုတိုင်ချက်ကို ဆားလင်းကြီးမြို့မရဲစခန်းမှာ ဆက်ပြီးအမှုဖွင့်သွားမှာပါ။ အရင်ကလည်းဖွင့်ခဲ့တာကို သူတို့ဘက်က တရားရုံးမှာစစ်ဆေးနေတဲ့ သေမှုသေခင်းအမိန့်မချမချင်း ဆိုင်းငံ့ပေးထားဖို့ စာပို့ထားတယ် အခုတော့ ဆက်လုပ်ရတော့မယ်" ဟုပြောကြားသည်။အမှုအားအမိန့်ချပြီး မိနစ်ပိုင်းအတွင်းတွင် ရုံးချိန်းသို့လိုက်ပါလာသည့် ဒေသခံများအနေဖြင့် တရားရုံးကချမှတ်ခဲ့သည်အမိန့်အပေါ် မရှင်းမလင်းအမိန့်ချမှတ်ခဲ့သည်ဟုဆိုကာ လူအင်အား ၅၀ နီးပါးဖြင့် ဝမ်ပေါင်ကုမ္ပဏီထွက်သွား၊ လူသတ်ကြေးနီစီမံကိန်းအလိုမရှိ အစရှိသည့် လက်ကိုင်စာတန်းများကိုင်ဆိုင်ပြီး နာရီဝက်ကြာမျှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။၂၀၁၄ ခုနှစ် ဇန်နဝါရီ  ၁၄ ရက်ကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အကြမ်းဖက်နှိမ်နင်းရေးလက်နက်များကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှုမရှိခဲ့ခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပွားပြီး လုံခြုံရေးစီမံချက်အကောင်အထည်ဖော်ရန် အားနည်းခဲ့သူများနှင့် ညွှန်ကြားချက်များကို တိကျစွာမလိုက်နာသည့် ရဲတပ်ဖွဲ့ဝင်များကို ဖော်ထုတ်အရေးယူသင့်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အစီရင်ခံစာက တိုက်တွန်းဖော်ပြထားသည်။                  

Most Read

Most Recent