ဖမ်းဆီးထားသည့် ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား လက်ပံတန်းတရားရုံးတွင် လေးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ရုံးပြောင်းစစ်ရန် လျှောက်လဲချက်ပေး

ဖမ်းဆီးထားသည့် ဒီမိုကရေစီပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား လက်ပံတန်းတရားရုံးတွင် လေးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ရုံးပြောင်းစစ်ရန် လျှောက်လဲချက်ပေး
Published 9 April 2015

ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူများအား ဧပြီ ၉ ရက်က လက်ပံတန်းမြို့နယ်တရားရုံးတွင် လေးကြိမ်မြောက် ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့သည်။ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြရာတွင် ပါဝင်သူများဖြစ်ပြီး မတ်လအတွင်းက လက်ပံတန်းမြို့နယ်တွင် ဖမ်းဆီးခံထားရသူများဖြစ်သည်။ ရုံးထုတ်သည့်နံနက်ပိုင်းတွင် မိသားစုဝင်များက ကျောင်းသားများနှင့် တွေ့ဆုံခွင့်ပေးရန်တောင်းဆိုခဲ့ပြီး လက်ပံတန်းမြို့နယ် တာဝန်ရှိသူတစ်ဦးက ယနေ့မှာ ကြာသပတေးနေ့ဖြစ်သည့်အတွက် သာယာဝတီအကျဉ်းထောင်သို့သာ သွားရောက်တွေ့ဆုံရန်နှင့် ရုံးထုတ်ချိန်မှာလည်း ၁၀ မိနစ်ခန့်သာကြာမည်ဟု တရားရုံးခြံတံခါးရှေ့ရှိ မိသားစုဝင်များအား လာရောက်ပြောကြားခဲ့သည်။ယင်းသို့ တရားရုံးတာဝန်ရှိသူ၏ပြောကြားမှုနှင့်ပတ်သက်၍ မိဘများက သားသမီးများနှင့်တွေ့ဆုံခွင့်မပေးလျှင် တရားရုံးခြံတံခါးရှေ့မှ လုံးဝဖယ်ရှားပေးမည်မဟုတ်ကြောင်း ဝိုင်းဝန်းပြောကြသဖြင့် နောက်ဆုံးတွင် တရားရုံးတာဝန်ရှိသူများက မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။ထို့နောက် ကျောင်းသားများအား ရုံးပြောင်းစစ်ဆေးရန်အတွက် အစိုးရဘက်မှလျှောက်ထားမှုကို ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေများမှ လျှောက်လဲချက်အား တရားရုံးသို့ပေးခဲ့သည်။ရုံးပြောင်းစစ်ဆေးရန်လျှောက်ထားမှုနှင့်ပတ်သက်၍ ကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက "ဒီနေ့တရားရုံးကတော့ ရုံးချိန်းရုံပါပဲ။ သင်္ကြန်အရှေ့ဆိုရင် ရုံးချိန်းများတဲ့အတွက်ပါတဲ့။ ရုံးချိန်းကို ၂၃ ရက်ချိန်းခဲ့တယ်။ အဲဒီနေ့ရုံးချိန်းကျရင် အမှုကိုစစ်ဖြစ်ဦးမှာမဟုတ်ဘူး။ ရုံးအမှုအတွဲက တိုင်းမှာရောက်နေတယ်။ တိုင်းမှာရောက်နေတာ့ ရုံးပြောင်းလျှောက်တာကို လက်ပံတန်းမှာပဲ အမှုဆက်စစ်မှာလား ဒါမှမဟုတ် သာယာဝတီခရိုင်ကို ပြောင်းစစ်မလားဆိုတာကို တိုင်းရုံးက အမိန့်ချမှာဖြစ်တယ်။ အဲဒီအတွက် ဒီနေ့ကလျှောက်လဲချက်ပေးရတယ်။ လျှောက်လဲချက်ပေးဖို့ အများရဲ့ဆန္ဒကိုမေးလိုက်တဲ့အခါကျတော့ ကိုအောင်မှိုင်းဆန်းပါ လူ ၇၀ က မိဘတွေ သွားရေးလာရေးအတွက် အဆင်ပြေအောင်လို့ဆိုပြီး သာယာဝတီကိုရွေးမယ်လို့ပြောတယ်။ ကျန်တဲ့သူကတော့ သာယာဝတီရုံးမှာဆိုရင် အတားအဆီးများမယ်၊ လုံခြုံရေးပိုစိပ်လိမ့်မယ်လို့ပြောကြတယ်။ အန်တီတို့ကတော့ အများရဲ့ဆုံးဖြတ်ကိုဆောင်ရွက်မယ်။ လတ်တလောမှာတော့ ထောင်ထဲမှာနေရတာ အဆင်ပြေတယ်လို့ပြောကြတယ်။ ပြီးတော့ ဒီကလေးတွေရဲ့လုပ်ရပ်ဟာ ဒီလောက်ပုဒ်မကြီးတွေ တပ်ပြီးစွဲလောက်တဲ့ကိစ္စမဟုတ်ပါဘူး။ အခုဆိုရင် လွှတ်တော်မှာလည်း ပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ လိုက်လျောနိုင်တဲ့အချက်တွေကိုလည်း လိုက်လျောမှုတွေရှိလာပြီ အဲဒီလိုအနေထားတွေမျိုးမှာ ဒီအမှုကို အစိုးရအနေနဲ့ ဒီထက်ပိုပြီးဖြေလျှော့ပေးသင့်တယ်။ အာမခံပေးသင့်တယ်လို့ထင်ပါတယ်" ဟုပြောကြားသည်။ထို့နောက်ကျောင်းသားများနှင့် မိဘဆွေမျိုးများတွေ့ဆုံပြီးနောက် မီဒီယာများနှင့်တွေ့ဆုံမေးမြန်းခွင့်ပေးခဲ့သော်လည်း ကျောင်းသားခေါင်းဆောင်အချို့နှင့် တွေ့ဆုံခွင့်မပြုခဲ့ပေ။"ကျောင်းသားတွေကို ဖမ်းဆီးချုပ်နှောင်တာဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ ။ နောက်ထပ်ပြောချင်တာက ဥပဒေနဲ့အညီဆိုတဲ့စကားပါ။ အဲဒီစကားလုံးကိုကန့်ကွက်ပါတယ်။ ဘာလို့လဲဆိုတော့ ဥပဒေနဲ့အညီဆောင်ရွက်တယ်ဆိုရင် Emotion မပါရဘူး။ အသက်မဲ့ပစ္စည်းဖြစ်တဲ့ ကားတွေကိုရိုက်ခွဲတာတို့ ထွက်မပြေးတော့တဲ့ကျောင်းသားတွေကို ရိုက်နှက်တာတို့က ဥပဒေနဲ့အညီမဟုတ်ပါဘူး။ ဥပဒေကိုချိုးဖောက်တာပါ။ နောက်ပြီး လက်ပံတန်းဖြစ်စဉ်နဲ့ပတ်သက်ပြီး သမ္မတကြီးပြောတဲ့စကားကလည်း ဟိုဘက်ကလုပ်လို့ ဒီဘက်ကလုပ်ရတယ်ဆိုတဲ့သဘောမျိုးပြောတော့ အုပ်စုနှစ်စုဖြစ်သွားတယ်။ ဒီတော့ ဟိုဘက်ကတရားစွဲခွင့်ရှိရင် ဒီဘက်ကိုလည်း တရားစွဲခွင့်ပေးကိုပေးရမယ်။ အဲဒီတော့ ကျွန်တော်တို့မိဘတွေဘက်ကလည်း တရားပြန်စွဲမယ်။ တကယ်လို့တရားစွဲခွင့်မရခဲ့ရင်တောင် စာချွန်တော်ထိ တင်သွားမယ်။ ကျောင်းသားတွေကိုတရားမစွဲပါဘူးလို့ သူတို့ကတိပေးထားတာရှိတယ်။ အခု ဖမ်းဆီးတရားစွဲတာက ပေးထားတဲ့ကတိကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာပဲဖြစ်တယ်" ဟု ဖမ်းဆီးခံထားရသည့်ကျောင်းသား ရဲဝင့်အောင်(ခ)ရွှေကြယ်မိုး၏ ဖခင်ဖြစ်သူ ဦးစံထွန်းကပြောကြားသည်။တရားရုံးချိန်းသို့လာရောက်ခဲ့ကြသည့် ပြည်သူအချို့သည် တရားရုံးရှေ့တွင် "လူမဆန်စွာရိုက်နှက်ဖမ်းဆီးထားသော ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား ချက်ချင်းလွှတ်" စသည့်စာတန်းရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြသည်။ဖမ်းဆီးခံကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က "အခုလောလောဆယ် တရားစီရင်ရေးစနစ်က တော်တော်ပြဿနာရှိပါတယ်။ လွတ်လွတ်လပ်လပ်မရှိဘူး။ ဝန်းရံပြည်သူတွေနဲ့ ကျောင်းသားမိဘတွေတောင်းဆိုမှုကြောင့် ခုလိုခက်ခက်ခဲခဲတွေ့ခွင့်ရတာပါ။ ကျွန်မတို့လိုချင်တာက ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးစနစ်ကိုအလိုရှိတာပါ။ နောက်ပြီး ထောင်ထဲမှာ ဗကသတံဆိပ်ပါတဲ့ အင်္ကျီဝတ်ခွင့်မရှိပါဘူး။ ဝတ်ရင်သိမ်းတယ်။ အဲဒါက အခွင့်အရေးချိုးနှိမ်ခံရတာလို့ပဲမြင်တယ်။ အခုနောက်ပိုင်းကျောင်းသားသမဂ္ဂဝင်တွေကို အစိုးရက ရည်ရွယ်ချက်ရှိရှိ လိုက်ဖမ်းပြီး အပြင်မှာ ကျောင်းသားသမဂ္ဂဆိုတာကို အသံမထွက်ရဲအောင် လုပ်နေတယ်လို့ပဲမြင်ပါတယ်" ဟုပြောကြားသည်။သင်္ကြန်ကာလအတွင်း အကျဉ်းထောင်ထဲ၌သာ အချိန်ကုန်ဆုံးရမည်ဖြစ်သဖြင့် ကျောင်းသားများက မိဘများနှင့် ပြည်သူများအား အချုပ်ကားထဲမှနေ၍ ရေသန့်ဘူးများဖြင့် အပြန်အလှန် သင်္ကြန်ရေလောင်း နှုတ်ဆက်နေကြစဉ်
အလားတူ ဖမ်းဆီးခံကျောင်းသူတစ်ဦးဖြစ်သည့် မန္တလေးတက္ကသိုလ်ကျောင်းသူ မအိသဉ္ဇာမောင်ကလည်း "အများပြည်သူတွေနားထောင်မှုရနိုင်တဲ့ တရားစီရင်မှုမျိုးလုပ်ပေးပါလို့ ကျောင်းသားတွေကပြောတော့ တရားသူကြီးက ဒါသူလုပ်ပေးနိုင်တာအကုန်ပဲတဲ့။ နောက်ထပ် သူလုပ်ပေးနိုင်တာမရှိနိုင်တော့ဘူးလို့ပြန်ဖြေတယ်။ လက်ထိတ်တွေကို အချုပ်ကားပေါ်ရောက်တဲ့အခါနဲ့ တရားရုံးထဲဝင်တဲ့အခါဖြုတ်ပေးတယ်။ ဒါပေမဲ့ အပြင်မှာ မိသားစုနဲ့တွေ့ဆုံတဲ့အခါ လက်ထိတ်ခတ်ထားတယ်။ အမျိုးသမီးအကျဉ်းသားတွေကို လက်ထိတ်ခတ်ပြီး မခေါ်ဆောင်ရဘူးလို့ပြောပေမယ့် အခုလိုမျိုးခတ်ထားသေးတာဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးအခွင့်အရေးမပြောနဲ့ လူ့အခွင့်အရေးတောင်မရှိသေးပါဘူး။ လွတ်လပ်စွာတရားစီရင်ခွင့်ကို အာဏာနဲ့ချုပ်ကိုင်ထားနေဆဲပဲလို့မြင်ပါတယ်" ဟုပြောကြားသည်။သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထားသောကျောင်းသားများနှင့် ဝန်းရံပြည်သူများအား ပုဒ်မ-၁၄၃၊ ပုဒ်မ-၁၄၅၊ ပုဒ်မ-၁၄၇၊ ပုဒ်မ-၃၃၂၊ ပုဒ်မ-၅၀၅ (ခ)တို့ဖြင့်တရားစွဲဆိုထားပြီး ယင်းအနက် ကျောင်းသားခေါင်းဆောင် ကျော်ကိုကို၊ ရဲရင့်ကျော်၊ မြတ်သူတို့အား တရားခံပြေးအဖြစ်ကြေညာထားကြောင်း သိရသည်။"ဒီကနေ့ ကျောင်းသားတွေကို ရုံးထုတ်တဲ့အခါမှာ ခါတိုင်းအခေါက်တွေလိုမဟုတ်ဘဲနဲ့ မိဘတွေနဲ့တွေ့ဆုံခွင့်မပေးနိုင်ဘူး။ မီဒီယာတွေလည်း ဝင်ခွင့်မပေးဘူးဖြစ်သွားတယ်။ ရုံးထုတ်ရုံသက်သက်မို့ ဆယ်မိနစ်လောက်ပဲကြာမှာမို့လို့ တွေ့ခွင့်မပေးနိုင်ဘူး၊ ကြာသပတေးနေ့ဖြစ်နေလို့ ထောင်မှာသွားတွေ့လို့ရပါတယ်လို့ပြောပေမယ့် လူ ၇၀ လောက်ကို ထောင်ကတွေ့ခွင့်ပေးမှာမဟုတ်ဘူး။ အဲဒါကြောင့် မိဘတွေက သူတို့သားသမီးတွေကို တွေ့ခွင့်မပေးရင် ဒီရှေ့ကမဖယ်ဘူး။ လက်ပံတန်းတရားရုံးမဟုတ်ဘဲနဲ့ လက်ပံတန်းမတရားရုံးဖြစ်နေတယ်လို့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုပြောဆိုတော့မှ တွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်။ တွေ့ခွင့်ကလည်း ငါးမိနစ်လောက်ပဲဆိုတော့ အရမ်းနည်းတယ်။ ပြီးတော့ ကျွန်မရဲ့သားမင်းသွေးသစ်မှာက ခေါင်းဒဏ်ရာကရှိသေးတော့ သူ့ကျန်းမာရေးအတွက် အရမ်းစိုးရိမ်တယ်။ ထောင်က ဓာတ်မှန်ရိုက်ပေးတော့လည်း အဖြေဓာတ်မှန်ကိုမပြဘူးတဲ့။ ဘာမှမဖြစ်ပါဘူးလို့ ထောင်အာဏာပိုင်တွေကပြောပေမယ့် ခေါင်းကအရိုက်ခံထားရတဲ့ဒဏ်ရာက ပျော့စိစိနဲ့မို့ စိတ်မချနိုင်ဘူး။ ထိရောက်တဲ့ဆေးကုသမှု လုပ်ပေးစေချင်တယ်။ တခြားအရိုက်ခံထားရတဲ့ ကျောင်းသားတွေကိုလည်း ထိရောက်တဲ့ဆေးကုသမှုမျိုးတွေ ပြုလုပ်ပေးစေချင်ပါတယ်" ဟု ကိုမင်းသွေးသစ်၏မိခင် ဒေါ်ခင်ခင်ယုပြောကြားသည်။ရုံးထုတ်အပြီး ကျောင်းသားများအား ပြန်လည်ခေါ်ဆောင်ရာတွင် သင်္ကြန်ကာလအတွင်း အကျဉ်းထောင်ထဲတွင်သာ အချိန်ကုန်ဆုံးရမည်ဖြစ်သဖြင့် ကျောင်းသားများက အချုပ်ကားထဲမှနေပြီး မိဘများနှင့်ပြည်သူများအား ရေသန့်ဘူးများဖြင့် အပြန်အလှန် သင်္ကြန်ရေလောင်း နှုတ်ဆက်သွားခဲ့ကြသည်။ ငါးကြိမ်မြောက်ရုံးချိန်းကို  ဧပြီ ၂၃ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

Most Read

Most Recent