ညောင်တုန်းမှ ရွှေပြည်သာသို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွား

ညောင်တုန်းမှ ရွှေပြည်သာသို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွား
Published 9 April 2015
အောင်ထက်ခိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာအနီးတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ၍ မီးလောင်ကျွမ်းမှုတစ်ရပ် ဧပြီ  ၉ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာအနီး မိုင်တိုင် ၁၃/၅ တွင် ညောင်တုန်းမှ ရွှေပြည်သာသို့ ဆက်သွယ်ထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပွင့်ထွက်ပေါက်ကွဲကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား ထန်းတပင်မြို့မှ မီးသတ်ကားနှစ်စီး၊ လှိုင်သာယာမြို့မှ မီးသတ်ကားလေးစီး၊ အင်းစိန်မြို့မှ မီးသတ်ကားတစ်စီး၊ လှိုင်မှ မီးသတ်ကားတစ်စီး၊ မီးသတ်အင်အား ၆၇ ဦးဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီတွင် ငြိမ်းသွားခဲ့ကြောင်း သိရသည်။
“ဓာတ်ငွေ့ပိုက်လိုင်းပေါက်တာက နံနက်အစောပိုင်းက ဖြစ်တာပါ။ လူသေဆုံးတာတွေ ထိခိုက်ဒဏ်ရာရတာတွေ မရှိပါဘူး။ မီးလောင်မှုကို Level 1 သတ်မှတ်ထားပါတယ်” ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲ မီးလောင်မှုကြောင့် သဘာဝဓာတ်ငွေ့နှင့် 33 KVA လျှပ်စစ်ဓာတ်အားလိုင်း ချို့ယွင်းခဲ့ကာ သက်ဆိုင်ရာမှ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး မီးလောင်မှုကြောင့် အနီးရှိ သစ်ပင်အချို့သာ မီးလောင်ခဲ့ပြီးအိမ်များ၊ အဆောက်အအုံများသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု၊ လူသေဆုံးမှုလည်း မရှိခဲ့ကြောင်း သိရသည်။
          

Most Read

Most Recent