အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ဧပြီ ၁၀ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌထံ တင်မည်

အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ဧပြီ ၁၀ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌထံ တင်မည်
Published 9 April 2015
သားရွှေဦး (ကစ္ဆပ)

အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအား ဧပြီ ၁ဝရက် (ယနေ့)တွင် လွှတ်တော်ဥက္ကဋ္ဌထံ တင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် စုံစမ်းရေးကော်မရှင်အား ရခိုင်ပြည်နယ်လွှတ်တော်က မတ် ၂၄ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသည့် ချင်းတိုင်းရင်းသားဝန်ကြီး ဦးဆောင်သည့် စုံစမ်းရေးကော်မရှင်က အစိုးရအဖွဲ့သို့ အစီရင်ခံစာ တင်ပြခဲ့ပြီးဖြစ်သည်။
ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းလိုက်သည့်  စုံစမ်းရေးကော်မရှင် အဖွဲ့သည် ဧပြီ ၂ ရက်မှ  ၇ ရက်အထိ မြေပုံ၊ ပေါက်တော၊ စစ်တွေ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်များသို့ ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ အောင်တံခွန် အမှတ် (၃) ရေယာဉ်နစ်မြုပ်မှုတွင် သေဆုံးသူဦးရေသည်  ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ထက် ပိုများနေကြောင်း ရခိုင်ပြည်နယ်လွှတ်တော် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်များက ဆိုသည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် တောင်ကုတ်၊ ကျောက်ဖြူ၊စစ်တွေ နှင့်မြေပုံ၊ ပေါက်တော စသဖြင့် အဖွဲ့ခွဲလေးဖွဲ့ဖြင့် ကွင်းဆင်းစုံစမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စုံစမ်းစစ်ဆေးရေးအဖွဲ့ လေးဖွဲ့ရှိတဲ့အထဲက ကျွန်တော်တို့အဖွဲ့က ပေါက်တောနဲ့ မြေပုံကို တာဝန်ယူကွင်းဆင်းရတဲ့ အဖွဲ့ဖြစ်တယ်။ ကျွန်တော်တို့က အဓိကကွင်းဆင်းတဲ့ ဒေသမှာ မျောက်ကြိမ်ကျေးရွာ၊ ငပသုံကျေးရွာနဲ့ မြေပုံ၊ ပေါက်တောက အသက်ရှင်တဲ့ သူတွေကို တွေ့ဆုံမေးမြန်းခဲ့တယ်။ တွေ့ရှိချက်တွေထဲမှာ ပထမတွေ့ရှိချက်က အသက်ရှင်သူ၊ ကယ်ဆယ်ရေး စက်လှေပိုင်ရှင်၊ ရေငုပ်ဒေသခံတွေကို အဓိကတွေ့တယ်။ အားလုံး လူရှစ်ဦးခန့်ရှိတယ်။ စုံစမ်းတွေ့ရှိချက် အပေါ်မှာ အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ကွဲလွဲနေတဲ့ အချက်တွေထဲမှာ သေဆုံးသူ အရေအတွက်ကို အစိုးရက ၆၂ ဦးပြောတယ်။ ကျွန်တော်တို့တွေ့တာက ၉၉ ဦးတွေ့တယ်။ ပျောက်တဲ့အထဲမှာ ကလေးတွေပါသွားတယ်။ သင်္ဘောအောက်ထပ်က အခန်းခြောက်ခန်းကို ရှာဖွေမှု မလုပ်ခဲ့တာတွေ၊ သင်္ဘောဝမ်းထဲရေဝင်လို့ ဆင်းပက်နေတဲ့လူ ၁ဝ ဦးကျော်ဟာ ပျောက်နေတဲ့အထဲ ပါနေတယ်။ ပျောက်နေတဲ့စာရင်းတွေကို မိသားစုတွေက ဖုန်းဆက်သတင်းပေးတာရှိတယ်။ ခြုံပြောရရင် ပျောက်ဆုံးသူဟာ ၈ဝ ခန့်အထိရှိနေပြီး သေဆုံးသူ ၁၅ဝ ဦး ခန့်မှန်းပါတယ်။ အလောင်းတွေကို ကိုယ်တိုင်သက်သေ မပြနိုင်တာတော့ အခက်အခဲရှိပါတယ်” ဟု လွှတ်တော်မှ ဖွဲ့စည်းလိုက်သည့် စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ မြေပုံ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောကြားသည်။
တောင်ကုတ်မြို့မှ စစ်တွေမြို့သို့ ဦးတည်မောင်းနှင်လာသည့် အောင်တံခွန် အမှတ် (၃) ရေယာဉ်သည် မတ် ၁၃ ရက်ညက မြေပုံမြို့နယ်အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ရေယာဉ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည် စာရင်းအတိအကျကို မပြောနိုင်သည့်အပြင် သေဆုံးသူစာရင်းနှင့် ပျောက်ဆုံးစာရင်ကိုလည်း လက်ရှိအချိန်အထိ တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
 
 

Most Read

Most Recent