နေ့အပူချိန်မြင့်တက်မှုနှင့်အတူ မကွေးတိုင်းအတွင်း သောက်သုံးရေ အခက်အခဲများ ပိုမိုသိသာစွာ ကြုံတွေ့လာပြီး ကျေးရွာတစ်ရွာ၌ ညသန်းခေါင်ကျော်အထိ သောက်သုံးရေ တန်းစီခပ်ယူနေရ

နေ့အပူချိန်မြင့်တက်မှုနှင့်အတူ မကွေးတိုင်းအတွင်း သောက်သုံးရေ အခက်အခဲများ ပိုမိုသိသာစွာ ကြုံတွေ့လာပြီး ကျေးရွာတစ်ရွာ၌ ညသန်းခေါင်ကျော်အထိ သောက်သုံးရေ တန်းစီခပ်ယူနေရ
Published 9 April 2015
အောင်သူငြိမ်း (မကွေး)

ဧပြီလဆန်းပိုင်းမှစ၍ နေ့အပူချိန်များ မြင့်တက်နေမှုနှင့်အတူ မကွေးတိုင်းအတွင်း ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ နတ်မောက်၊ မြို့သစ်၊ အောင်လံ စသည့်မြို့နယ်များအတွင်း ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲများ ပိုမိုသိသာစွာ ကြုံတွေ့လာပြီး မကွေးမြို့နယ် သစ်ရာကောက်တိုက်နယ် အင်ကြင်းကိုင်းကျေးရွာ၌ လက်တူးတွင်းများမှရေကို ညသန်းခေါင်ကျော်အထိ တန်းစီခပ်ယူနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ယခင်နှစ်မိုးရာသီက မိုးရွာသွန်းမှုနည်းလွန်းခဲ့မှုကြောင့် အဆိုပါမြို့နယ်များအတွင်း ကျေးရွာများမှ အဓိကမှီခိုရသော ရေကန်များတွင် ရေတင်မှုနည်းခဲ့ကြောင်း ရေတင်ခဲ့သည့် ကန်များတွင်လည်း နေ့အပူရှိန်မြင့်တက်မှုကြောင့် မတ်လပိုင်းကပင် လုံးဝခန်းခြောက်ခဲ့သော ကန်များရှိခဲ့ကြောင်း၊ ထို့ကြောင့် အဝီစိစက်ရေတွင်းရှိသော ကျေးရွာများတွင် သောက်သုံးရေအတွက် အဆင်ပြေသော်လည်း အဝီစိစက်ရေတွင်း လုံးဝမရှိသော ကျေးရွာများတွင် သောက်သုံးရေ အခက်အဲများ သိသာစွာ ရင်ဆိုင်နေရကြောင်း သိရသည်။
အိမ်ခြေ ၄ဝ ခန့်တည်ရှိသည့် မကွေးမြို့နယ် အင်ကြင်းကိုင်းကျေးရွာ၌ အစီစိစက်တွင်း လုံးဝမရှိခြင်း အဝိစီစက်ရေတွင်းရှိသည့် ကျေးရွာများနှင့်လည်း အနည်းဆုံး နှစ်မိုင်ခန့် ဝေးကွာခြင်း၊ ထိုကျေးရွာကမှီခိုရသည့် ကန်များတွင်လည်း ရေခန်းခြောက်ကုန်ခြင်းကြောင့် ကျေးရွာအနီးရှိ ရိုးထဲတွင် ၁ဝ ပေ အနက်ခန့် လက်တူးတွင်းများတူး၍ ရေခပ်ယူရကြောင်း၊ ထိုတွင်းများမှ ရေပမာဏအနည်းငယ်စီသာ ထွက်သောကြောင့် ယင်းကျေးရွာမှ တောင်သူများမှာ ညသန်းခေါင်ကျော်အထိ တန်းစီခပ်ယူနေရကြောင်း သိရသည်။
“အရင် ၁ဝ နှစ်ကျော်လောက်ကတော့ ဒီရိုးထဲမှာ နှစ်ပေလောက်အနက် လက်ယက်တွင်းတူးလိုက်တာနဲ့ ရေယိုပါတယ်။ ရေထွက်လည်းများတယ်။ ကင်ပွန်းတောင်ဆည် ဆောက်တုန်းက ဒီရိုးထဲကသဲတွေကို တူးယူသွားတော့ အပေါ်ယံ စမ်းရေကြောတွေ ပြတ်ကုန်ပြီး ၁ဝ ပေလောက်အထိတူးမှ ရေတွေ့တာတွေ ဖြစ်လာတယ်။ နွေရောက်တိုင်း ရေအခက်အခဲ တွေ့လာရတာ လေးနှစ်ရှိခဲ့ပါပြီ။ အခုနှစ်မှာ သိသိသာသာ ရေထွက်နည်းလာလို့ ရေတွင်းအသစ်တွေလည်း ထပ်တူးလာရတယ်။ ဒီတွင်းတွေက ယိုတဲ့ရေနည်းလွန်းပြီး တစ်ရွာလုံးက လူတွေအတွက်တင်မကဘဲ ဆိတ်၊ နွားတွေအတွက်ပါ ဒီရေကိုပဲ သုံးရတာဆိုတော့ သုံးတဲ့လူနဲ့ ရတဲ့ရေက မကာမိတော့ဘဲ ညသန်းခေါင်ကျော်တွေအထိ တန်းစီခပ်ယူနေကြရတာပါ။ နွားအကောင်ရေများတဲ့ အိမ်တွေဆို ညသန်းခေါင်ကျော်အထိ တစ်ယောက်၊ မနက် ၄ နာရီလောက်အထိ တစ်ယောက်၊ အဲလိုမိသားစုဝင်တွေ အလှည့်ကျစီ ရေတန်းစီကြရပါတယ်။ အဝီတွင်းတူးမယ် ဆိုရင်လည်း ပေ ၆ဝဝ လောက်အထိတူးရတော့ ရွာထဲက ဘယ်သူမှ မတတ်နိုင်ကြပါဘူး” ဟု အင်ကြင်း ကိုင်းကျေးရွာမှ တောင်သူဦးသန်းဝင်းက ပြောကြားသည်။
ရေနံချောင်းမြို့နယ် စခန်းကန်ကျေးရွာတွင်လည်း မတ်လကုန်ပိုင်းက ကျေးရွာအနီးရှိကန်များ၌ ရေခန်းခြောက်ကုန်ပြီး စက်ရေတွင်းမှလည်း ရေမရသောကြောင့် သက်ဆိုင်ရာမြို့နယ်မှ မီးသတ်ကားများဖြင့် ရေသယ်ယူပေးနေရကြောင်း၊ ချောက်မြို့နယ် ဂွေးချိုကျေးရွာအုပ်စုအတွင်း ကျေးရွာအချို့တွင် နွေရာသီတွင် လူရေချိုးသည့်အခါ နွားစားကျင်းထဲ၌ဆင်းချိုး၍ ထိုရေဖြင့် နွားကျွေးရသည်များရှိကြောင်း၊ မကွေးတိုင်းအတွင်း ကျေးရွာများအများစုတွင် အဝီစိစက်တွင်း တည်ရှိသည့်တိုင် မွေးမြူရေး ဆိတ်၊ နွားများအတွက်ပါ ထိုစက်တွင်းမှ ရေများကိုသာ အသုံးပြုလာရသောကြောင့် ရေတစ်စည်ရရှိရန် အချိန် ၂ နာရီခန့် တန်းစီစောင့်ဆိုင်းရသည်များလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မကွေးတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေထက်ရှင်က “သောက်သုံးရေ အခက်အခဲ ကြုံတွေ့ရတဲ့ ကျေးရွာတွေအတွက် ရေသယ်ပေးဖို့ စည်ပင်နဲ့ မီးသတ်ဌာနတွေကိုလည်း အကူအညီ တောင်းသွားမှာပါ။ ရေသယ်ဖို့ ကုန်မယ့်ဆီကို ကျွန်တော်တို့ဌာနက ကူညီသွားမှာပါ။ တစ်မိုင်ပတ်လည်အတွင်း ရေအရင်းအမြစ် လုံးဝမရှိတဲ့ ကျေးရွာတွေစာရင်းကို မြို့နယ်အလိုက်တွေ ပြုစုခိုင်းထားပြီး ကျွန်တော်တို့ဆီမှာလည်း ရောက်နေပါပြီ။ သောက်သုံးရေ အခက်အခဲကြုံရတဲ့ ကျေးရွာတွေက ဒေသခံတွေ အနေနဲ့လည်း ကျွန်တော်တို့ကျေးလက် ဦးစီးဌာနရုံးတွေကို ဆက်သွယ်ပေးစေလိုပါတယ်” ဟုဆိုသည်။
မကွေးတိုင်း ၂၅ မြို့နယ်အနက် မြေအောက်ရေကြောတွင် ရေအငန်ဓာတ်များလွန်းမှုကြောင့် မင်းဘူးမြို့ပေါ် ရပ်ကွက်များတွင်လည်း နွေရာသီရောက်တိုင်း သောက်သုံးရေ အခက်အခဲ ကြုံရလေ့ရှိကြောင်း သိရသည်။
အဆိုပါ အခက်အခဲများအတွက် မကွေးတိုင်းကျေးလက် ဦးစီးဌာနက အာရှ၊ ဂျပန် ပေါင်းကူးအဖွဲ့ (BAJ)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့နှင့်လည်း အဝီစိစက်ရေတွင်းများ ပြုပြင်ခြင်း၊ အသစ်တူးဖော်ခြင်းများကို ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ယင်းဌာနအနေဖြင့်၂ဝ၁၄၊ ၂ဝ၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းအတွင်း ကျေးရွာပေါင်း ၃၁၄ ရွာ အတွက် စက်ရေတွင်း ၁၉၇ တွင်း အသစ်တူး ဖော်ခြင်းနှင့် ရေကန်များ၊ သဘာဝစမ်းတွင်းများ ပြုပြင်ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်နေကြောင်း အဆိုပါဌာနအနေဖြင့် မကွေးတိုင်း မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူ၊ ဂန့်ဂေါ စသည့်မြို့နယ်များအတွင်း ကျေးရွာပေါင်း ၁၅၉ ရွာတွင် သောက်သုံးရေ အခက်အခဲကြုံလျှင် ရေဂါလံပေါင်း သိန်း ၂ဝ ကျော် ဖြန့်ဝေပေးသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။     
 

Most Read

Most Recent