ဖားကန့်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခု ကျင်းပြိုကျရာ ကုမ္ပဏီဝန်ထမ်း ၁၁ ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ

ဖားကန့်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခု ကျင်းပြိုကျရာ ကုမ္ပဏီဝန်ထမ်း ၁၁ ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ
Published 9 April 2015
အောင်ဟိန်းမင်း (ဖားကန့်)

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေမှော်ကျေးရွာအနီးတွင် လုပ်ကိုင်နေသော ကျောက်မျက်ကုမ္ပဏီတစ်ခုဖြစ်သည့် မြတ်ယ မုံ ကုမ္ပဏီလုပ်ကွက်တစ်ခုမှာ ဧပြီ ၈ ရက် ညနေ လေးနာရီခွဲအချိန် လုပ်ငန်းလုပ်ကိုင် နေစဉ်၌ ကျင်းပြိုကျမှုဖြစ်ပေါ်ခဲ့ရာ ကုမ္ပဏီဝန်ထမ်း ၁၁ ဦးသေဆုံးပြီး လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီက ပြောကြားသည်။
မြတ်ယမုံကုမ္ပဏီမှ တာဝန်ခံကိုယ်စားလှယ် ဦးမိုးခိုင်ထွန်းက “မနေ့က ညနေ ၄ နာရီခွဲလောက်မှာ ဖြစ်သွားတာ။ ရုတ်တရက်ပြိုကျတာဆိုတော့ ဖြစ်ပွားချိန်မြန်တယ်။ ၁ဝ စက္ကန့်လောက်ပဲကြာတာ။ လူက ၁ဝ ယောက်ပါသွားတယ်။ စက်ငါးစီးပါသွားတယ်။ ဒဏ်ရာရထားတဲ့ ငါးယောက်ကတော့ ဆေးရုံမှာပါ” ဟု ပြောကြားသည်။
နစ်မြုပ်သွားသူများအား ရှာဖွေမှုများပြုလုပ်နေပြီး ယခုအချိန်တွင် တစ်လောင်းသာ တွေ့ရှိသေးကြောင်း၊ အားလုံးတွေ့သည်အထိ ရှာဖွေမှုပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီက ပြောကြားသည်။
လုံးခင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒဏ်ရာရရှိထားသူ ငါးဦးအနက် တစ်ဦးသည် ဧပြီ ၉ ရက် နံနက်ပိုင်းတွင် သေဆုံးသွားပြီး ကျန်လေးဦးမှာ မစိုးရိမ်ရကြောင်း လုံးခင်းတိုက်နယ်ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာအောင်ကိုကိုသူက ပြောကြားသည်။
၎င်းက “ဒီမနက်ပိုင်းကတော့ တစ်ယောက်ဆုံးသွားတယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး။ အားလုံး အခြေအနေ ကောင်းပါတယ်” ဟုဆိုသည်။
သေဆုံးသွားသူများတွင် ကုမ္ပဏီမှ ကျောက်ရှာဖွေသူခြောက်ဦး၊ ဖောက်စက်သမားနှစ်ဦး၊ ဘက်ဟိုးသမားဦးတို့ဖြစ်ကြောင်း သိရသည်။ အပြင်တွင် ပြောဆိုနေကျသော လူဆယ်ချီသေဆုံး နိုင်သည်ဆိုသော စကားကို ကုမ္ပဏီမှ ကောလာဟလသာ ဖြစ်ကြောင်း၊ စာရင်းရှိသေဆုံးသူ ၁၁ ဦးကိုသာ အတည်ပြုခဲ့ပြီး သေဆုံးသူ၏ မိသားစုဝင်များအား ထောက်ပံ့ကြေးငွေ ပေးလျော်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုကျသည့် အဓိကအကြောင်းရင်းမှာ လွန်ခဲ့သည့် နှစ်ရက်သုံးရက်က ဖားကန့်တွင် မိုးရွာသွန်းမှု ဖြစ်ပွားခဲ့သည့်အတွက် ကျင်းပေါ်တွင်ပုံထားသော စွန့်ပစ်မြေစာ ပျော်ဝင်သွားပြီး ပြိုကျခြင်းဖြစ်ကြောင်း၊ ကျင်းပေါ်တွင် တည်ရှိသော အင်မားယန်ချောင်းမှာလည်း စွန့်ပစ်မြေစာများကြောင့် ရေထွက်လမ်း ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ပြင်လုပ်ကွက် အတွင်း၌လည်း စိမ့်ရေများထွက်ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် မကြာခဏ မြေပြိုကျမှုဖြစ်ပေါ်လျက်ရှိပြီး မတ်လအတွင်း နှစ်ကြိမ်ပြိုကျ၍ လူအများအပြား သေဆုံးမှုများမှာ လုပ်ကွက်ပြင်ပ စွန့်ပစ်မြေစာပုံ ပြိုကျမှုများသာဖြစ်ပြီး ယခုအကြိမ်ပြိုကျမှုမှာ ကုမ္ပဏီ လုပ်ကွက်အတွင်းဖြစ်၍ ကုမ္ပဏီဝန်ထမ်းသာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
 
 

Most Read

Most Recent