ပင်မကျောင်းသား သပိတ်စစ်ကြောင်း၌ ပါဝင်သည့် ကျောင်းသူ မပိုပိုအား ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် ရုံးထုတ်

ပင်မကျောင်းသား သပိတ်စစ်ကြောင်း၌ ပါဝင်သည့် ကျောင်းသူ မပိုပိုအား ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် ရုံးထုတ်
Published 9 April 2015
အောင်ကျော်ထက်

ပင်မကျောင်းသား သပိတ်စစ်ကြောင်း၌ ပါဝင်ခဲ့သည့် ကျောင်းသူ မပိုပိုအား ဧပြီ  ၉ ရက် နံနက်ပိုင်းက ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ-၅ဝ၅(ခ) အပါအဝင် ပုဒ်မလေးခုဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
“ဒီနေ့က တရားရုံးမှာ ရမန်ယူရုံပဲ။ လောလောဆယ် ပိုပိုကို အင်းစိန်ထောင်ကို ပို့ထားတယ်။ နောက်ရုံးချိန်းကျရင် ပိုပိုနဲ့ အတူတူ ကိုဝင်းကျော့မှူးကိုလည်း ရုံးထုတ်စစ်ဆေးမှာပါ။ ခုလို သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေကို ဖမ်းဆီးအရေးယူတာတွေဟာ အစိုးရဟာ သူတို့ကတိမတည်တာကို ဖော်ပြနေတာ။ အစိုးရက လူဆိုးတွေလို့ သတ်မှတ်ထားတဲ့ ကျောင်းသားတွေက သူတို့ထက် နှလုံးရည်လှတယ်။ အစိုးရ အရှက်မရှိတာတော့ လွန်လွန်းအားကြီးတယ်” ဟု မပိုပို၏ သူငယ်ချင်းတစ်ဦးက ပြောကြားသည်။
ဗကသကျောင်းသူဖြစ်သည့် ပိုပို (ခေါ်) ရတနာစုပိုလှိုင်ကို ကမာရွတ်ရဲစခန်းမှ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅ဝ၅(ခ)တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
မပိုပိုအနေဖြင့် မတ် ၁ဝ ရက် ညနေက လှည်းတန်းတွင် ပြုလုပ်ခဲ့သည့် ကျောင်းသား သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည်ဆိုကာ ယခုကဲ့သို့ အမှုဖွင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ စုံစမ်းသိရသည်။
မပိုပိုကို ဧပြီ ၈ ရက် ညနေပိုင်းတွင် ၎င်းနေထိုင်သော သန်လျင်မြို့နယ်ရှိ နေအိမ်တွင် ရဲတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုံးချိန်းကို ဧပြီ ၁ဝ ရက် နံနက်ပိုင်းသို့ ချိန်းဆိုခဲ့ပြီး မပိုပိုနှင့်အတူ ဝန်းရံ ပြည်သူတစ်ဦးဖြစ်သည့် ကိုဝင်းကျော့မှူးကိုပါ ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗကသကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင် အပါအဝင် ကျောင်းသားခေါင်းဆောင် လေးဦးနှင့် ဝန်းရံပြည်သူ တစ်ဦးဖြစ်သည့် ကိုဝင်းကျော့မှူးကိုလည်း ပုဒ်မ -၅ဝ၅(ခ)၊ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့ဖြင့် ကမာရွတ်ရဲစခန်းကပင် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။
 
 
 

Most Read

Most Recent