အလုပ်နှင့်ထောင်ဒဏ်ခြောက်လ ကျခံနေရသည့် ကိုသိန်းအောင်မြင့်အား ကိုပါကြီးကိစ္စ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ပုဒ်မ ၁၈ ဖြင့် အောင်မြေသာစံတရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီး ဧပြီ ၂၃ ရက် အပြီးသတ် အမိန့်ချမည်

အလုပ်နှင့်ထောင်ဒဏ်ခြောက်လ ကျခံနေရသည့် ကိုသိန်းအောင်မြင့်အား ကိုပါကြီးကိစ္စ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ ပုဒ်မ ၁၈ ဖြင့် အောင်မြေသာစံတရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီး ဧပြီ ၂၃ ရက် အပြီးသတ် အမိန့်ချမည်
Published 9 April 2015
ဌေးလှအောင်

ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ကျခံနေရသည့် ကိုသိန်းအောင်မြင့်အား ကိုပါကြီးကိစ္စ ဆန္ဒထုတ်ဖော်ခဲ့မှုနှင့်ပတ်သက်၍ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် ဧပြီ ၉ ရက် နံနက် ၁၁ နာရီခန့်က ရုံးထုတ်ခဲ့ပြီး မွန်းတည့် ၁ နာရီခန့်တွင် စစ်ဆေးခဲ့ကာ ဧပြီ ၂၃ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်ခဲ့ကြောင်း သိရသည်။
ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ကျခံနေရသည့်အပြင် ကိုပါကြီးအမှုကိစ္စအား ဆန္ဒပြခဲ့မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆို ခံထားရသည့် ကိုသိန်းအောင်မြင့်အား ဧပြီ ၉ ရက် နံနက်ပိုင်းက ရုံးထုတ်လာချိန်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ၎င်းအား အချုပ်ကားပေါ်မှ ဆင်းလာချိန်တွင် တရွတ်တိုက်ဆွဲ ခေါ်ယူခဲ့ခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ကိုသိန်းအောင်မြင့်အား ရုံးထုတ်လာချိန်တွင် “ဒီနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိဘူး။ အာဏာရှင်အစိုးရကို အယုံအကြည်မရှိဘူး။ ၂ဝ၁၅ ရွေးကောက်ပွဲက နီးလာပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြ” အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။
“ကျွန်တော် အခုရင်ဆိုင်နေရတဲ့ အမှုတွေက တစ်ခုမှတရားမျှတမှုမရှိဘူး။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့နိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်က ယိမ်းယိုင်ပျက်စီးနေတာ မဟုတ်ဘူူး။ တရားစီရင်ရေးမဏ္ဍိုင်က ရှိကိုမရှိတော့တာ။ ၂ဝ၁၁ ခုနှစ်တုန်းက ဒီအစိုးရဟာ ယုံကြည်ရမလိုပဲဆိုပြီး ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်ပြောခဲ့တယ်။ အခုလက်ရှိအချိန်မှာတော့ ဒီအစိုးရကို လုံးဝယုံကြည်လို့မရတော့ဘူး” ဟု ကိုသိန်းအောင်မြင့်က ပြောကြားသည်။
ဧပြီ ၉ ရက်က အောင်မြေသာစံမြို့နယ် တရားရုံးတွင် ကိုသိန်းအောင်မြင့်အား စစ်ဆေးခဲ့ရာ ကိုသိန်းအောင်မြင့်က တရားစီရင်ရေးမဏ္ဍိုင်အား အယုံအကြည်မရှိသဖြင့် မည်သည့်သက်သေ အကြောင်းအရာမျှ ထွက်ဆိုရန် အစီအစဉ်မရှိကြောင်း ပြောဆိုခဲ့ရာ မြို့နယ်တရားသူကြီးက ဧပြီ ၂၃ ရက်တွင် အမှုအား အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရသည့် ကိုသိန်းအောင်မြင့်နှင့် ၎င်း၏ဇနီးဖြစ်သူ မခက်ခက်တင်တို့မှာ ၂ဝ၁၄ ခုနှစ် မတ် ၂၇ ရက်က မန္တလေးမြို့တွင် လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် တရားရုံးက ၂ဝ၁၅ ခုနှစ် မတ် ၂၃ ရက်က ကိုသိန်းအောင်မြင့်နှင့် ဇနီးမခက်ခက်တင်၊ ကိုစောလှအောင်နှင့် ကိုကျော်မျိုးထွန်းတို့အား ပုဒ်မ ၁၈ ဖြင့် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်နှင့်ထောင်ဒဏ် ခြောက်လချမှတ်ခဲ့သည်။
လက်ရှိ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရသည့် ကိုသိန်းအောင်မြင့်မှာ ၂ဝ၁၄ ခုနှစ်  အောက် တိုဘာ ၂၇ ရက်က မန္တလေးမြို့ လမ်း ၈ဝ နှင့် ၂၆ လမ်း (ကျုံးထောင့်) တွင် ကိုပါကြီး အသတ်ခံခဲ့ရမှုအား အမှုမှန် ပေါ်ပေါက်စေရေးအတွက် နိုင်ငံရေးအင်အားစုများနှင့် စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ရာ ၎င်းတစ်ဦးတည်းသာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ကျခံနေရသည့် ကိုသိန်းအောင်မြင့်နှင့် ဇနီးမခက်ခက်တင်တို့တွင် အရွယ်မရောက်သေးသည့် ကိုးနှစ်အရွယ်ရှိ သမီးတစ်ဦးနှင့် ခုနစ်နှစ်အရွယ်ရှိ သားတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရသည်။
ကိုသိန်အောင်မြင့်အား အောင်မြေသာစံမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်လာချိန်တွင် ၎င်း၏ ကိုးနှစ်အရွယ်ရှိ သမီးဖြစ်သူက ဖခင်အား လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။       
 
 
 

Most Read

Most Recent