ရွှေလင်ဗန်း စက်မှုဇုန်အတွင်း လစ်လပ်အစိုးရမြေပေါ်တွင် စက်မှုဇုန်လုပ်သားများအတွက် အိမ်ခန်းပေါင်း ၁၅၀၀ ကျော် ရရှိမည့် တန်ဖိုးနည်းအိမ်ရာများ စတင်ဆောက်လုပ်

ရွှေလင်ဗန်း စက်မှုဇုန်အတွင်း လစ်လပ်အစိုးရမြေပေါ်တွင် စက်မှုဇုန်လုပ်သားများအတွက် အိမ်ခန်းပေါင်း ၁၅၀၀ ကျော် ရရှိမည့် တန်ဖိုးနည်းအိမ်ရာများ စတင်ဆောက်လုပ်
Published 9 April 2015
နီလာ

ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ဗန်းစက်မှုဇုန်အတွင်း အစိုးရမြေပေါ်တွင် စက်မှုဇုန် လုပ်သားများအတွက် အိမ်ခန်းပေါင်း ၁၅ဝဝ ကျော်ရရှိမည့် တန်ဖိုးနည်းအိမ်ရာများ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
“အကုန်လုံးကို ရွှေလင်ဗန်းစက်မှုဇုန်မှာ ပဲဆောက်မှာ။ အိုးအိမ်က လောလောဆယ်မှာ ပထမဆုံး Pilot Phrase လေးလုံးကို သူတို့စဆောက်နေပြီ။ အိုးအိမ်က ကန်ထရိုက်တွေပေးပြီး ဆောက်နေတာ။ ကျန်တာက ကျွန်တော်တို့စက်မှုဇုန်က ကန်ထရိုက်တွေခေါ်ပြီး ကိုယ်ဟာကိုယ်ဆောက်ပြီး ရောင်းမှာပေါ့နော်” ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ လစ်လပ်နေသည့် အစိုးရပိုင်မြေနေရာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အစိုးရထံမှ ယင်းကဲ့သို့ မြေငှားရမ်းအသုံးပြုမှုအတွက် တစ်ဧကလျှင် သုံးသိန်းကျပ်နှုန်းဖြင့် တစ်နှစ်တစ်ခါ ပေးသွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
ရွှေလင်ဗန်းစက်မှုဇုန်တွင် အဆောက်အအုံစုစုပေါင်း ၂၆ လုံးဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ အဆောက်အအုံများအနက် လှိုင်သာယာစက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ ၆ နှင့် ၇ အတွက် အဆောက်အအုံ ပေးထားကြောင်းနှင့် ကျန်သည်တို့မှာ ရွှေလင်ဗန်းစက်မှုဇုန် အတွက်ဖြစ်ကြောင်း သိရသည်။
“တစ်တိုက်ကို အခန်း ၆ဝ နဲ့ စုစုပေါင်းဆိုရင် အခန်းပေါင်း ၁၅ဝဝ လောက်ရမယ်။ အဓိကက စက်မှုဇုန်မှာရှိတဲ့ စက်ရုံလုပ်သားတွေ ဝန်ထမ်းတွေအတွက်ပါ။ ဒါပေမဲ့ သူတို့ တွေက အကုန်လုံးဝယ်နိုင်မယ်တော့ မထင် ဘူး။ ဒါပေမဲ့ များသောအားဖြင့် စက်ရုံပိုင်ရှင် တွေရဲ့အကူအညီနဲ့ ဝယ်ကြမယ်ထင်တယ်။စက်ရုံပိုင်ရှင်တွေကလည်း သူတို့ဝန်ထမ်းတွေ ထားဖို့အတွက် ဝယ်ကြမယ်။ ဈေးကစားဖို့၊ အမြတ်တင်ရောင်းချဖို့တော့ လုံးဝမဟုတ်ပါ ဘူး။ အဓိကက လုပ်သားတွေအတွက်ပါ” ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန်များအတွင်းရှိ စက်ရုံလုပ်သားများနှင့် ကျူးကျော်တဲများအတွက် အိမ်ရာစီမံကိန်းများ တည်ဆောက်သွားရန် နိုင်ငံတော် အစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမ၌ ပြောကြားသည်။
အဆိုပါအိမ်ရာ စီမံကိန်းများအတွက် စက်မှုဇုန်မှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားဝန်ထမ်းများ နေထိုင်ရန် လေးထပ်နှင့် ငါးထပ်အဆောက်အအုံ နှစ်လုံးအား ပထမဦးစွာ တည်ဆောက်၍ စက်မှုဇုန်အတွင်းရှိ လုပ်သားများအနက် နေထိုင ရန်ခက်ခဲမှုရှိသော အိမ်ရာမဲ့ဝန်ထမ်းများအတွက် ဦးစွာလွှဲပြောင်းပေးပြီး စက်မှုဇုန်တာဝန်ခံများအနေဖြင့် လုပ်သားများနေထိုင်မှု အခက်အခဲမရှိစေရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးတင့်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
စက်ရုံအလုပ်ရုံ ဝန်ထမ်းများအတွက် ဈေးနှုန်းသက်သာ၍ စီမံကိန်းမြန်မြန် အကောင်အထည် ဖော်နိုင်မည့် Steel Structure များဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဝယ်ယူနိုင်မည့် ဝန်ထမ်းများအတွက် ဝယ်ယူခွင့်ပေးနိုင်သကဲ့သို့ စာချုပ်စာတမ်းနှင့် အငှားချ စနစ်ဖြင့်လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။                           
 

Most Read

Most Recent