တရုတ်နိုင်ငံသား ၁၃၈ ဦး ပါဝင်သော တရုတ်သစ်ခိုးဂိုဏ်းကို ထောင်ဒဏ်နှစ်ရှည်ချရန် အပက (၃) နှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူခဲ့ပြီး အမှုလေးမှုဖြင့် တရားစွဲ

တရုတ်နိုင်ငံသား ၁၃၈ ဦး ပါဝင်သော တရုတ်သစ်ခိုးဂိုဏ်းကို ထောင်ဒဏ်နှစ်ရှည်ချရန် အပက (၃) နှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူခဲ့ပြီး အမှုလေးမှုဖြင့် တရားစွဲ
Published 9 April 2015
အောင်ရဲကို

တရုတ်သစ်ခိုးဂိုဏ်းကို ထောင်ဒဏ်နှစ်ရှည်ချရန် အပက (၃)နှင့် လူဝင်မှုကြီး ကြပ်ရေးဥပဒေတို့ဖြင့် အရေးယူမှုပြုလုပ် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီလအတွင်းက ကချင်ပြည်နယ် ဝိုင်းမော်ဒေသတွင် ဖမ်းမိခဲ့သည့် တရုတ်သစ် ခိုးဂိုဏ်းတွင် တရုတ်နိုင်ငံသား ၁၃၈ ဦး ပါဝင်ခဲ့ပြီး အပေါင်းအပါအဖြစ် မြန်မာနိုင်ငံသား အချို့လည်း ပါဝင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် အဆိုပါတရုတ်နိုင်ငံသားများကို အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ-၃၊ လဝက အက်ဥပဒေပုဒ်မ  ၁၃ (၁) တို့ဖြင့် အရေးယူ ဆောင်ရွက်နေသည်ဟု သိရသည်။
တရားမဝင် ဝင်ရောက်ကာ သစ်ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသားများကို ထောင်ဒဏ်နှစ်ရှည်ချမှတ်နိုင်ရန် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ အပက (၃) ဖြင့် တရားစွဲရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် အရေးယူတရားစွဲဆိုရန် ခွင့်ပြုမိန့်ကျခဲ့ပြီး တရားရုံးသို့ တင်ပို့ခဲ့ပြီး ဖြစ်ကြောင်း၊ ယခင်တရားစွဲဆိုသည့် ပုဒ်မ-၆ (၁) နှင့် မူးယစ်ဥပဒေတို့ ပါဝင်ပါက အမှုလေးမှုဖြင့် အရေးယူနိုင်ရန် စီစဉ်ထားပြီး ဖြစ်သည်ဟု သိရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “အခုစွဲတဲ့အမှုရယ်၊ အရင်စွဲခဲ့ တဲ့အမှုတွေ ပေါင်းလိုက်ရင် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအရ ထောင်ဒဏ်ကနည်းမှာ မဟုတ်ပါဘူး။ အနည်းဆုံး အနှစ် ၂ဝ ကျော်လောက်တော့ ရှိမှာပါ” ဟု ပြောကြားသည်။
၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအတွင်းက ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများမှာ စီမံကိန်းကြီး တစ်ခုသဖွယ် သစ်ခိုးထုတ်မှုကို နှစ်စဉ်လုပ်ကိုင်ခဲ့ခြင်းဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တရုတ်နိုင်ငံသားများ တရားမဝင်ခုတ်လှဲခဲ့သည့် သစ်တောနေရာများမှာ ပြန့်ကြဲနေပြီး ဝိုင်မော်မြို့တွင်း၌ အရှေ့၊ အနောက် ခွဲပြီး စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေရကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။
နောက်ဆုံးတွေ့ရှိထားသည့် သစ်လုံးအရေအတွက်မှာ ၁၆၁၂၁ လုံးဖြစ်ပြီး သစ်တန်ချိန်မှာ ရေတွက်ပြီးစီးသည့် သစ်လုံးရေ ၁၁၃၁၂ လုံးအရ တန်ချိန် (၃၁၂၁ ဒသမ ၉၈၅) တန်ရှိကြောင်း သစ်တောဦးစီးဌာနမှ တွက်ချက်ထားသည်။
တပ်မတော်၏ ထောက်လှမ်းမှုဖြင့် တရုတ်နိုင်ငံသား ၁၃၈ ဦးပါဝင်သည့် တရုတ်သစ်ခိုးဂိုဏ်းနှင့် ၎င်းတို့အသုံးပြုသည့် မြေတူးစက်တစ်စီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ ကရိန်းနှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ပါဂျဲရိုးလေးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ ဆိုင်ကယ်ကိုးစီးတို့ပါ ဖမ်းဆီးနိုင်ခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ယခုဖြစ်စဉ်အပေါ် ၎င်းတို့၏ နိုင်ငံသားများ အခွင့်အရေးအတွက် ကာကွယ်ပြောဆိုမှုများ ပြုလုပ်ထားသည်။
တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံ အတွင်းသို့ ၂ဝ၁၂ ခုနှစ်မှစတင်ကာ သစ်အပါအဝင် သယံဇာတများကို ခိုးထုတ်နေခဲ့သည်ဟု သစ်တောဦးစီးဌာန၏ တာဝန်ရှိသူများက ပြောကြားထားမှုများ ရှိထားသည်။
ယခင်ကာလများက သစ်အပါအဝင် သယံဇာတများ ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသားများကို သစ်တောဥပဒေ၊ လဝကဥပဒေ တို့ဖြင့်ပင် အရေးယူပါက အနည်းဆုံးထောင် ဒဏ်တစ်နှစ်မှ ငါးနှစ်အထိ ချမှတ်နိုင်ခြင်း ရှိသော်လည်း ငွေဒဏ်နှင့် ပြည်နှင်ဒဏ်ပေးသည့် ပြစ်ဒဏ်များသာ အများဆုံးချမှတ်ခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင်သစ်လုပ်ငန်း အကြီးဆုံးလုပ်ကိုင်သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ်ဒေါ်လာ ခုနစ်ဘီလျံဖိုး ခန့်အား တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေပြီး ရာခိုင်နှုန်း ၉ဝ ခန့်မှာ မြန်မာနိုင်ငံမှ သစ်များဖြစ်နေကြောင်း သစ်တောအသင်း၏ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည်။
              
 

Most Read

Most Recent