ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက ၁၅ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ရိုက်နှက်အနိုင်ကျင့်မှုအပေါ် လာရောက်တွေ့ဆုံရန် မိန်းကလေး၏ မိသားစုဝင်များအား တပ်မတော်က ဆင့်ခေါ်

ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက ၁၅ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ရိုက်နှက်အနိုင်ကျင့်မှုအပေါ် လာရောက်တွေ့ဆုံရန် မိန်းကလေး၏ မိသားစုဝင်များအား တပ်မတော်က ဆင့်ခေါ်
Published 9 April 2015
သက်မင်း

တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ၎င်း၏နေအိမ်တွင် ခိုင်းထားသော ၁၅ နှစ်အရွယ် အိမ်အကူမိန်းကလေးအား ရိုက်နှက်အနိုင်ကျင့်ခဲ့မှုအပေါ် မိန်းကလေး မိသားစုဝင်များအား လာရောက်တွေ့ဆုံရန် သက်ဆိုင်ရာတပ်ဖြစ်သည့် ပဲခူးပင်မထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ ဆင့်ခေါ်စာပေးပို့ ထားကြောင်း မိန်းကလေး၏ ဖခင်ဖြစ်သည့် ဦးဝင်းလှိုင်က The Daily Eleven သို့ ပြောကြားသည်။
ဧပြီ ၁ဝ ရက်(ယနေ့)တွင် ပဲခူးပင်မ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်သို့ သွားရောက်ရမည်ဖြစ်ပြီး အမှုအကြောင်းအရာများကို စစ်ဆေးမေးမြန်းရန်အတွက် တပ်မတော်မှ စာဖြင့် ဆင့်ခေါ်ခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။
“ကျွန်တော်ကတော့ မေးသမျှကို အမှန်အတိုင်းပဲ ပြောပြမှာပဲ။ တရားဥပဒေ လမ်းကြောင်းအတိုင်းပဲ အမှန်အတိုင်းဖြစ် စေချင်ပါတယ်။ ၈၈ ငြိမ်း/ပွင့်ကလည်း အ ကူအညီပေးပါတယ်။ အဲဒီအကူအညီနဲ့ပဲ သွားရမှာပါ” ဟု ဦးဝင်းလှိုင်က ပြောကြားသည်။
လွန်ခဲ့သည့် သုံးနှစ်ခန့်က ဦးဝင်းလှိုင်သည် ၎င်း၏သမီးဖြစ်သော မလဝင်းငယ်အား ကော့သောင်းမြို့နယ်မှ ဗိုလ်ကြီးတင်မျိုးလွင် ဆိုသူထံတွင် အိမ်အကူအဖြစ် လုပ်ကိုင်စေခဲ့သည်။ ထိုသို့လုပ်ကိုင်လာရာ သုံးနှစ်အတွင်းတွင် ဗိုလ်ကြီးတင်မျိုးလွင် ဆိုသည်မှာ မလဝင်းငယ်အား ရေနွေးပူဖြင့် ပက်ခြင်း၊ ရိုက်နှက်ခြင်း၊ ဖန်ခွက်ဖြင့် ပေါက်ခြင်းများပြု လုပ်ခဲ့သည်။
ဗိုလ်ကြီးတင်မျိုးလွင် ဆိုသူမှာ ယခုအခါ ပဲခူးမြို့ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းကို  ရိုက်နှက်ခံရသူ မလဝင်းငယ်၏ ဖခင်က ယခုလအတွင်းတွင်ပင် ဟင်္သာတရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။ ဟင်္သာတရဲစခန်းမှတစ်ဆင့် ပဲခူးအမှတ်(၃)ရဲစခန်းတွင်လည်း ဆက်လက်အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကို ၈၈ မျိုးဆက် ငြိမ်း/ ပွင့်ရုံးတွင် ဧပြီ ၆ ရက်က ကာယကံရှင်မိန်းကလေးနှင့် ဖခင်ဦးဝင်းလှိုင်တို့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ယခုအခါ ယင်းဖြစ်စဉ်အပေါ် စစ်ဆေးမေးမြန်းစရာ ရှိသည်များကို လာရောက်တွေ့ဆုံကြရန် ကာယကံရှင် မိသားစုဝင်များအား တပ်မတော်မှ ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။         
 
 
 

Most Read

Most Recent