တာချီလိတ်မြို့မှ အသတ်ခံရသည့် ခြောက်နှစ်အရွယ် ကလေးငယ်၏ အမှုတွင် သံသယရှိသူနှစ်ဦးကို သက်ဆိုင်ရာရဲစခန်းက စစ်ဆေးနေ

တာချီလိတ်မြို့မှ အသတ်ခံရသည့် ခြောက်နှစ်အရွယ် ကလေးငယ်၏ အမှုတွင် သံသယရှိသူနှစ်ဦးကို သက်ဆိုင်ရာရဲစခန်းက စစ်ဆေးနေ
Published 9 April 2015
ရှိုင်းလင်းအောင်

မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ အသတ်ခံရသည့် အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်၏ အမှုတွင် သံသယရှိသူနှစ်ဦးအား သက်ဆိုင်ရာရဲစခန်းမှ စစ်ဆေးနေကြောင်း ဧပြီ ၉ ရက်တွင် စုံစမ်းသိရသည်။
“အမှုကို စုံစမ်းနေဆဲပါပဲ။ သံသယရှိသူ နှစ်ယောက်ကိုတော့ စစ်ဆေးနေပါတယ်။ ကျန်တာတွေလည်း ထပ်စစ်ဆေးနေပါတယ်။ အမှုနဲ့ပတ်သက်ပြီး အခြားကိစ္စတွေကို ပြောလို့မရပါဘူး။ ဒါတွေက လျှို့ဝှက်ကိစ္စတွေဖြစ်နေတယ်။ မီဒီယာက ပြောလိုက်ရင် သက်သေတွေ ဝေးသွားမှာဆိုးလို့ပါ” ဟု တာချီလိတ်မြို့မရဲစခန်းမှ ဒုရဲမှူးကျော်သန်းက ဧပြီ ၉ ရက် နံနက်ပိုင်းက ပြောကြားသည်။
တာချီလိတ်မြို့မရဲစခန်းမှ ကျူးလွန်သူတရားခံကို ဖမ်းဆီးရမိရန်အတွက် ဆုငွေ သိန်း ၂ဝ ထုတ်ထားပြီး ထိုင်းနိုင်ငံ မဲဆိုင်ချောင်းတွင် အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည့်အတွက် ထိုင်းနိုင်ငံ မဲဆိုင်ရဲစခန်းနှင့် ပူးပေါင်းကာ ကျူးလွန်သူကို ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်း တာချီလိတ်ရဲစခန်းမှ စုံစမ်းသိရသည်။
ယင်းအသတ်ခံရသည့် မိန်းကလေးသည် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မေဖလားဝါးကွင်း အိမ်အမှတ်(၂/၁၈၇) တွင် နေထိုင်သည့် ဦးစိုင်းရီတစ်နှင့် ဒေါ်နန်းဖုန်တို့၏ သမီးဖြစ်သူ မနန်းဖွေဟွမ်ဖြစ်ပြီး မတ် ၂၇ ရက်တွင် နေအိမ်မှ ပျောက်ဆုံးသွားခဲ့သည့်အတွက် သက်ဆိုင်ရာရဲစခန်း၌ လူပျောက်တိုင်တန်း ထားခဲ့ကြောင်း သိရသည်။
မတ် ၃ဝ ရက် ညနေပိုင်းတွင် အဆိုပါမိန်းကလေး၏ ရုပ်အလောင်းအား မဲဆိုင်ချောင်းတွင် မြွေရေခွံအိတ် အစိမ်းအတွင်း တရုတ်စောင်ဖြင့်ပတ်လျက် လည်ပင်းတွင် ကြိုးချည်ထားသော ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရပြီး အလောင်းအား တာချီလိတ် ပြည်သူ့ဆေးရုံမှ ရင်ခွဲစစ်ဆေးရာတွင် လည်ပင်းကြိုးတွင် ကွင်းအရာ ထင်ကျန်နေကြောင်း သိရပြီး ရေထဲ၌ အချိန်ကြာ နစ်မြုပ်နေသည့်အတွက် ရေများစိမ့်ဝင်ကာ ခန္ဓာကိုယ် ဖောင်းကားနေသည့် ပုံပန်းသဏ္ဌာန်သာ တွေ့ရပြီး ကိုယ်တွင်း အင်္ဂါအစုံအလင် ပါရှိကြောင်း ရင်ခွဲစစ်ဆေးချက်များအရ သိရသည်။
ထိုသို့ အသတ်ခဲ့ရသည့် မိန်းကလေးငယ်မှာ ကိုယ်တွင်းကလီစာများ ထုတ်ယူကာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သတင်းများပျံ့နှံ့နေကာ မြို့ခံပြည်သူများကြားတွင် စိုးရိမ်ထိတ်လန့်နေမှုများ ရှိနေပြီး သက်ဆိုင်ရာရဲစခန်းက ကောလာဟလများသာ ဖြစ်သည်ဟု ပြန်လည်ဖြေရှင်း ထားကြောင်းလည်း သိရသည်။
ယင်းအမှုကို တာချီလိတ်မြို့မရဲစခန်းမှ (ပ) ၇၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
                        
 
 

Most Read

Most Recent