သင်္ကြန်ရုံးပိတ်ရက်အတွင်း ရထားလက်မှတ်နှင့် အဝေးပြေးကား လက်မှတ်များ ဝယ်လိုအားများနေပြီး လက်မှတ်ရုံများတွင် ညအိပ်စောင့်ဆိုင်း ဝယ်ယူရသည်အထိ ဖြစ်နေ

သင်္ကြန်ရုံးပိတ်ရက်အတွင်း ရထားလက်မှတ်နှင့် အဝေးပြေးကား လက်မှတ်များ ဝယ်လိုအားများနေပြီး လက်မှတ်ရုံများတွင် ညအိပ်စောင့်ဆိုင်း ဝယ်ယူရသည်အထိ ဖြစ်နေ
Published 9 April 2015
ထက်သျှိုင်း

သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ရထားလက်မှတ်နှင့် အဝေးပြေးကားလက်မှတ်များ ဝယ်လိုအားများနေပြီး လက်မှတ်ရုံများတွင် ညအိပ်စောင့်ဆိုင်းတန်းစီ ဝယ်ယူရသည်အထိ ဖြစ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။
“ကျွန်တော်တို့ကတော့ ရထားလက်မှတ်ကို ညကတည်းက တန်းစီလာစောင့်ပြီး ဝယ်တယ်။ တချို့ကျတော့ ပွဲစားတွေနဲ့ မှောင်ခိုလက်မှတ်ဝယ်တယ်။ ပွဲစားတွေက တန်းစီ ပြီးတော့ လက်မှတ်တွေကို ပြန်ရောင်းတာ ပေါ့။ အဲဒီလိုဆိုတော့ တကယ်ခရီးသွားမယ့် လူတွေကျ နစ်နာတယ်။ ကျွန်တော်ဆိုရင်တော့ အဲဒီလိုမဝယ်ဘူး။ လက်မှတ်မရရင် လည်း နေပါစေ။ သူတို့ကိုတော့ အားမပေး ဘူး။ အားပေးရင် သူတို့ပိုဆိုးလာမယ်” ဟု ရန်ကုန်ဘူတာကြီး ကြိုတင်လက်မှတ်ရုံသို့ လက်မှတ်လာရောက် ဝယ်ယူသည့် ဦးစိန်ဝင်းက ပြောကြားသည်။
ရန်ကုန်ဘူတာကြီး ကြိုတင်လက်မှတ်ရုံတွင် ရန်ကုန်မှ မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ ပြည်၊ မော်လမြိုင်မြို့များသို့ ပြေးဆွဲနေသည့် အထူးတန်းနှင့် ရိုးရိုးတန်းလက်မှတ်များကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ကတော့ သင်္ကြန်နီးလို့ နယ်ကို ပြန်ရင် ရထားနဲ့ ပြန်ဖြစ်တယ်။ ညပိုင်းကတည်းက လက်မှတ်ရုံရှေ့မှ လာစောင့်တာပေါ့။ ရတဲ့အခါလည်း ရတယ်။ မရရင်တော့ ကြုံသလို ပြန်ရင်ပြန်။ အဆင်မပြေရင်တော့ ဒီနှစ်နယ်ကို မပြန်ရတော့ဘူးပေါ့” ဟု နယ်မှ အလုပ်လာရောက်လုပ်ကိုင်နေသည့် မသဒ္ဒါက ဆိုသည်။

ရန်ကုန်ဘူတာကြီး ကြိုတင်လက်မှတ်ရုံတွင် ဧပြီ ၁၀ ရက်အတွက် ရထားလက်မှတ်များ စောင့်ဆိုင်းဝယ်ယူနေကြစဉ် (ဓာတ်ပုံ-ထက်သျှိုင်း)
ယခုကဲ့သို့ ခရီးသွားများသည့် သင်္ကြန်ရုံးပိတ်ရက် ကာလများ၌ ရန်ကုန်ဘူတာကြီး ကြိုတင်လက်မှတ်ရုံတွင် လက်မှတ်ရမည်ဟုဆိုကာ မသမာသူများက လိမ်လည်မှုများလည်းရှိကြောင်း သိရသည်။
သင်္ကြန်မတိုင်မီ ကာလအတွင်း မြန်မာ့မီးရထား အနေဖြင့် ဧပြီ ၁ဝ ရက်တွင် နေပြည်တော်မှ ရန်ကုန်သို့ အစုန်အထူးရထားများ၊ ဧပြီ ၁၁ နှင့် ၁၂ ရက်များတွင် ရန်ကုန်မှ မန္တလေးသို့ အဆန်အထူးရထား ပြေးဆွဲပေးမည်ဖြစ်ပြီး သင်္ကြန်ပြီးရုံးပိတ်ရက် ကာလ ဧပြီ ၁၇၊ ၁၈ ရက်များတွင် မန္တလေးမှ ရန်ကုန်သို့ အစုန်အထူးရထားများ၊ ဧပြီ ၂ဝ ရက်တွင် ရန်ကုန်မှ နေပြည်တော်သို့ အဆန်အထူးရထားများ ပြေဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက သတင်းထုတ် ပြန်ထားသည်။
လက်ရှိတွင် သင်္ကြန်ရုံးပိတ်ရက်အတွင်း နယ်မြို့များသို့ သွားရောက်မည့်သူများအတွက် အဝေးပြေးကားလက်မှတ်များ ဝယ်ယူရရှိရန် အခက်အခဲများ ရှိလာကြောင်းလည်း ခရီးသွားပြည်သူများထံမှ သိရသည်။
“ကျွန်မတို့ ကားလက်မှတ်သွားဝယ်တော့ လက်မှတ်တွေအားလုံး ရောင်းကုန်သွားပြီလို့ ပြောတယ်။ ခရီးသွားတဲ့သူကများတော့ လက်မှတ်က ရောင်းမလောက်ဘူးဖြစ်နေတယ်။ အဆင်ပြေသလို လိုက်ပါမယ်ပြောတာတောင် မရဘူး” ဟု ခရီးသည်တစ်ဦးက ပြောကြားသည်။    
 
 

Most Read

Most Recent