နွေရာသီတွင် စိုက်ပျိုးရေးလုပ်ငန်း မလုပ်ကိုင်နိုင်သောကြောင့် တောင်တွင်းကြီးမြို့နယ်အတွင်း ကျေးရွာအများစုမှ တောင်သူများ ပဲခူးရိုးမ၌ သစ်ဝါးခုတ်၍ ရပ်တည်သူများလာ

နွေရာသီတွင် စိုက်ပျိုးရေးလုပ်ငန်း မလုပ်ကိုင်နိုင်သောကြောင့် တောင်တွင်းကြီးမြို့နယ်အတွင်း ကျေးရွာအများစုမှ တောင်သူများ ပဲခူးရိုးမ၌ သစ်ဝါးခုတ်၍ ရပ်တည်သူများလာ
Published 9 April 2015
အောင်သူငြိမ်း(မကွေး)

သဘာဝမိုးရေကိုသာ အဓိကအားထား စိုက်ပျိုးကြရပြီး နွေရာသီတွင် စိုက်ပျိုးရေး လုပ်ငန်းမလုပ်ကိုင်နိုင်သောကြောင့် တောင် တွင်းကြီးမြို့နယ်အတွင်း ကျေးရွာအများစုမှ တောင်သူများ ပဲခူးရိုးမတောင်ကြောများ၌ သစ်ဝါးခုတ်၍ ရပ်တည်သူများပြားလာပြီး တစ်နှစ်ထက်တစ်နှစ် သစ်ဝါးရှားပါးမှု ပိုမို ကြုံတွေ့လာရကြောင်း ဒေသခံများထံမှ သိရ သည်။
တောင်တွင်းကြီးမြို့နယ်အတွင်း မိုးရာ သီတွင် စပါး၊ ပဲမျိုးစုံ၊ နှမ်းနှင့် ပြောင်းတို့ ကိုစိုက်ပျိုးလေ့ရှိကြောင်း ဆောင်းရာသီတွင် ကြံလုပ်ငန်းများ လုပ်ကိုင်လေ့ရှိကြောင်း နွေရာသီတွင် ယင်းလုပ်ငန်းများကို လုံးဝမလုပ်ကိုင်နိုင်သောကြောင့် နှစ်စဉ်ဇန်နဝါရီလပိုင်း မှစ၍ ပဲခူးရိုးမတောင်ကြောများတွင် မျော တိုင်နှင့်ဝါးခုတ်ခြင်းတို့ကို အများအပြား လုပ်ကိုင်လေ့ရှိကြောင်း ထိုသို့ခုတ်ယူရရှိသည့် မျောနှင့်ဝါးများကို တောင်တွင်းကြီး မြို့မှတစ်ဆင့်မြို့သစ်၊ နတ်မောက်မြို့များသို့ တင်ပို့လေ့ရှိကြောင်း သိရသည်။
“တောင်သူတွေက ရာသီဥတုဖောက် ပြန်မှုကြောင့် စိုက်ပျိုးရေးအဆင်မပြေတာ တွေ၊ ကြံရာသီမှာကျလည်း ကြံတကယ်ပေါ် ချိန်မှာ အောက်ဈေးနဲ့ပဲ ရောင်းရတာတွေ ကြောင့် တောင်ပေါ်မှာ သစ်ဝါးခုတ်တဲ့ အလုပ်ကိုပဲ ပိုစိတ်ဝင်စားလာကြပါတယ်။ မိုးရာသီတုန်းကမိုးနည်းခဲ့တော့ ကျွန်တော် တို့ရွာတွေက မှီခိုရတဲ့ ဆည်တွေကလည်း ရေမပေးနိုင်တော့ လယ်တွေမှာ နွေစပါး လည်း မစိုက်နိုင်ကြပါဘူး။ ဒါကြောင့် ကျေးရွာတိုင်းနီးပါးက သစ်တောကိုပဲ မှီခို လာကြတော့ ဝါးခုတ်ရတာတွေဆိုရင် တစ်နှစ်ထက်တစ်နှစ် တောင်ကြောအမြင့်တွေနဲ့ ဝေးတဲ့နေရာတွေကို ပိုပိုသွားလာရပါတယ်။ လူရောနွားတွေရော ပင်ပန်းလွန်းပေမယ့် အခြားလုပ်ငန်းလည်း လုပ်စရာမရှိတော့ ဒီလိုနွေရာသီဆို သစ်ဝါးခုတ်တာတွေပဲ လုပ်ကြရပါတယ်။ ဝါးခုတ်တဲ့လူတွေက အနည်းဆုံး တစ်ညအိပ်လောက် တက်သွားကြရပြီး တောင်ပေါ်မှာ တဲနဲ့နေထိုင်ကြသူတွေလည်း ရှိပါတယ်” ဟု တောင်တွင်းကြီးမြို့နယ် ကသာကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။
ထိုတောင်ကြောများမှ ခုတ်ယူရရှိသော ဝါးများကို သက်ကယ်၊ ဖျာ၊ ထရံစသည်တို့ ရက်လုပ်၍ အခြားမြို့နယ်များသို့ တင်ပို့လေ့ရှိကြောင်း၊ နတ်မောက်မြို့တွင် ရက်လုပ် သည့်နှီးဖျာများကို ဧရာဝတီတိုင်းအတွင်း ဆားလှန်းသည့် လုပ်ငန်းခွင်များအထိ တင်ပို့လေ့ရှိပြီး နှီးခမောက်နှင့် နှီးဦးထုပ်များ ကိုလည်း နိုင်ငံအနှံ့သို့ တင်ပို့လေ့ရှိကြောင်း၊ တောင်တွင်းကြီးမြို့ ဝါးအဝယ်ဒိုင်များတွင် ဧပြီ ၈ ရက်က ကြသောင်းဝါး တစ်လုံးလျှင် ကျပ် ၃ဝဝ၊ မျှင်ဝါးတစ်လုံးလျှင် ကျပ် ၄ဝဝ နှင့် မျောတိုင်တစ်လုံးလျှင် အရွယ်အစားအလိုက် ကျပ် ၅ဝဝဝ ဝန်းကျင်မှ ကျပ် ၂ဝဝဝဝ ခန့်အထိ ပေါက်ဈေးရှိကြောင်း သတင်းရရှိသည်။
 
 
 

Most Read

Most Recent