Pride of Myanmar ၊ ဂုဏ်ယူပါသည် မြန်မာပြည်

Pride of Myanmar ၊ ဂုဏ်ယူပါသည် မြန်မာပြည်
Published 4 April 2015
ဒေါက်တာခင်မောင်ညို

မြန်မာပြည်အတွက် ဂုဏ်ယူပါသည်လူတွေကို ကြည့်ပါ။ ကျွန်တော်တို့လည်း မြန်မာပြည်သားတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူကြပါသည်။မြန်မာတို့သည် အစဉ်အလာအရ ယဉ်ကျေးသောလူမျိုး ဖြစ်ကြသည်။ နိုင်ငံကိုကြည့်ပါ။ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည်။ ခရိုမီယံ ရေနံယူရေနီယံနှင့် ကျောက်စိမ်း၊ ပတမြား ပေါများသောနိုင်ငံလည်း ဖြစ်သည်။အနေအထားကောင်းသည့် သဘာဝပတ်ဝန်းကျင်ကိုလည်း ကြည့်စမ်းပါ။ ဧရာဝတီမြစ်ကြီးက မြန်မာပြည်မြောက်ဖျားကနေ စီးဆင်းလာသည်။ တောင်ဘက် ဧရာဝတီတိုင်းအထိ ပင်လယ်ထဲကို စီးဆင်းဝင်ရောက်သည်။နောက်တစ်ဖက်ကလည်း ချင်းတွင်းမြစ် နောက်တော့ ဒုတ္ထဝတီမြစ်။ ဇော်ဂျီမြစ်၊ ပေါင်းလောင်းမြစ်တို့ကလည်း ပေါင်းဆုံသည်။ သံလွင်မြစ်သည်လည်း တရုတ်ပြည်မှ မြစ်ဖျားခံကာ မြောက်ဘက်မှတောင်ဘက် ရှမ်း၊ ကရင်၊ ကယား၊ မွန်ပြည်နယ်မှာဆုံးပြီး ပင်လယ်ထဲ စီးဝင်သွားသော မြစ်ဖြစ်သည်။ ဒါတွေကို ကျွန်တော်တို့ ပိုင်သည်။ တောင်တွေပတ်ချာလည် တည်ရှိသည်။ အရှေ့ရိုးမ၊ အနောက်ရိုးမ၊ အလယ်ရိုးမ။ ရှမ်းကုန်းပြင်မြင့်၊ ကချင်၊ ချင်းတောင်တွေအများကြီး၊ ဒေါနတောင်တန်း၊ နောက်တော့ တောင်ညိုတောင်တန်း၊ ဒီတောင်တန်းတွေကလည်း ရှမ်း၊ ကယား ကရင်မှသည် တနင်္သာရီအထိ သွယ်တန်းလျက် တည်နေပါသည်။မိုရှည်ဒါယန်းအစ္စရေးနိုင်ငံက စစ်သေနာပတိ တစ်ယောက်ပါ။ သူသည် ဗြိတိသျှလက်အောက်တွင် နေမဝင်အင်ပါယာအတွက် တာဝန်ထမ်းဆောင်ရင်း မျက်စိတစ်ဖက် ကွယ်သွားခဲ့သည်။ အစ္စရေးနိုင်ငံကို ဒုတိယကမ္ဘာစစ်အပြီးမှာ ထူထောင်စဉ် အင်မတန်မှ ခက်ခဲကြမ်းတမ်းသော အနေအထားနှင့်ကြုံရသည်။အထူးသဖြင့် အိမ်နီးနားချင်းဖြစ်သည့် နယ်မြေပိုင်နက် အငြင်းပွားနေသော ပါလက်စတိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့သည်။ ယနေ့တိုင် ဒီအငြင်းပွားမှု မပြီးဆုံးသေးပါဘူး။ ကမ္ဘာက အစ္စရေး၏ စစ်သေနင်္ဂဗျူ ဟာကို အာရပ်နိုင်ငံအများနှင့် တိုက်ခိုက်သော ခြောက်ရက်စစ်ပွဲကို သုံးသပ်ကာ အဆုံးအဖြတ် ပေးခဲ့သည်။ လူတွေများပြီး လက်နက်တွေကောင်းသည့် အာရပ်နိုင်ငံများကို အစ္စရေးက အနိုင်ယူခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်ရိပ်စစ်ငွေ့တွေ များစွာကျန်နေသည်။ကိုရီးယားတိုက်ပွဲ၊ ဗီယက်နမ်တိုက်ပွဲများရှိသလို မြန်မာပြည်တွင်လည်း တရုတ်ဖြူ (ကူမင်တန်တရုတ်)များနှင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့သည်။ စစ်တွေဖြစ်လေလေ စစ်ဗိုလ်ချုပ်တွေ တန်ခိုးထွားလေလေ ဖြစ်သည်။ ဒါကို အာဏာရှင်ဗိုလ်နေဝင်းက ကောင်းကောင်းသိသည်။ စစ်တပ်အာဏာ ထူထောင်ရေးတွင် သူပုန်များ သို့မဟုတ် ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းများ အရေးပါသည်။အစည်းအဝေးတစ်ခုတွင် ရဲဘော်သုံးကျိပ်ဝင် အငယ်ဆုံး ဗိုလ်မှူးချုပ်ကျော်ဇောက ပြောကြားသည်။“ပြည်တွင်းသောင်းကျန်းသူတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ကျွန်တော်တို့ အပြီးအပြတ် ချေမှုန်းလိုက်ပါမယ်။ မကြာပါဘူး။ အမြစ်ပြတ်အောင် တိုက်ထုတ်ပါမယ်”တဲ့။ ဤတွင် ဦးနေဝင်းက ဗိုလ်မှူးချုပ်ကျော်ဇောကိုပြောသည်။ “ကောင်လေး၊ ထိုင် ထိုင်၊ ဒီသောင်းကျန်းသူ လက်နက်ကိုင်တွေမရှိရင် မင်းပခုံးပေါ်ကဟာတွေ အကုန်လုံး ပြုတ်ကုန်မှာပေါ့”ဟူ၍။ထားပါတော့။ မိုရှည်ဒါယန်း (Moshe Dayan) ပြောတာကို ဆက်လိုပါသည်။မိုရှည်ဒါယန်းသည် ယနေ့ Shangri-La Hotel နံဘေးရှိ ဂျူးသချိုၤင်းကို ထိန်းသိမ်းထားပေးပါရန် ဦးနေဝင်းအား ပန်ကြားလို၍ ရောက်လာခြင်းဖြစ်သည်။(မှတ်ချက်။ ။ ထိုသချိုၤင်းသည်လည်း ယနေ့ အခြားသချိုၤင်းများနည်းတူ ရွှေ့ပြောင်းလိုက်ဟန်တူသည်)မိုရှည်ဒါယန်းသည် ဦးနေဝင်းကိုပြောကြားသည်။ “အိုင်ဆေး ကိုနေဝင်း၊ ကျုပ်နဲ့ ခင်ဗျား နေရာချင်း လဲလိုက်ချင်တယ်”၊“ဘာဖြစ်လို့လဲ”၊“ဘာဖြစ်ရမလဲဗျာ၊ တောင်တွေ ပတ်ရံဝိုင်းထားတဲ့နိုင်ငံမှာ သယံဇာတတွေကလည်း ပေါတယ်။ ပြီးတော့ တိုင်းပြည်ကို မြစ်ကြီးတစ်စင်းကလည်း မြောက်ကနေတောင်အထိ စီးဆင်းသွားတယ်။ မြေဩဇာအင်မတန်ကောင်းတဲ့ မြေပြန့်ကြီးကိုလည်း ပိုင်ဆိုင်ထားတယ်”“ဒီတော့”“ကျုပ်သာဆိုရင် ကျူးကျော်ရန်စတဲ့ အိမ်နီးနားချင်းတွေနဲ့ စစ်တစ်ပွဲလောက်တော့ နွှဲလိုက်ချင်တယ်ဗျာ”တဲ့။ မှတ်သားစရာပါ။တရုတ်ကြောက်သူများဒါပေမဲ့ တရုတ်ကြောက်သူများကို တွေ့နေရပါသည်။ ဧရာဝတီမြစ်၏ ဦးခေါင်းကိုဖြတ်ဖို့ တရုတ်ကို ခွင့်ပြုသည်။ မြစ်ဆုံစီမံကိန်းသည် မြန်မာပြည်အတွက် ဆိုးရွားသော စီမံကိန်းဖြစ်ကြောင်း ပြည်သူတွေက ထောက်ပြသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုလည်း တရုတ်လက်ထဲ (ပွဲစားလုပ်သူ ဦးပိုင်မှတစ်ဆင့်) အပ်သည်။ ပဋိပက္ခတွေ ဖြစ်ကာ သံဃာတော်များ မီးလောင်ခံရသည်။ ဒေါ်ခင်ဝင်းနဖူး ကျည်ဆန်မှန်ကာ နောက်စေ့ ပွင့်သွားသည်။ ယနေ့လောက်ကိုင်တွင် တရုတ်တို့က သူတို့ဘက်ခြမ်းတွင် စစ်ရေးလေ့ကျင့်နေသည်။လောက်ကိုင်ကိစ္စတွေ မပေါ်မီကတည်း က သမ္မတအကြံပေးတစ်ယောက်က ပြောကြားသည်။ တရုတ်သည် ကျေးဇူးရှင်ပါဟု ဆိုသည်။ တရုတ်ကို ကြောက်ရသည်ဟု ဆိုသည်။ အစဉ်အဆက် တရုတ်နှင့် ကျွန်တော်တို့ ပြဿနာတွေဖြစ်သည်။ မတည့်အတူနေသလို ဖြစ်သည်။ တရုတ်ကို ကျွန်တော်တို့က အိမ်နီးနားချင်းကောင်းလို ဆက်ဆံပါသည်။ သူတို့သည် အကြိမ်ကြိမ်ကျူးကျော်ဖူးသည်။ကြည့်ပါဦးဗျာ၊ ကားအစီးလေးရာကျော် သစ်ခိုးနေတာကို မိသည်။ သူတို့တွင် ယန္တရားကြီးများ ပါလာသည်။ Chain Saw တို့ဖြင့် သစ်ပင်တွေကို ဖြတ်သည်။ မိသည့်ကားက လေးရာဆိုတော့ မမိသည်က ဘယ်လောက်ရှိသလဲ။ တစ်ချိန်က ဘုံဘေဘားမား သစ်ခိုးထုတ်သည့်ပြဿနာမှစပြီး မြန်မာပြည် ကျွန်ဖြစ်ရသည်။ သီချင်းရှိသည်၊ မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့ပြရမည်တဲ့။ “တို့ ဗိုလ်က ဓားဆွဲကာ ရှေ့ကတက်ပါမည်”ဟု ကြားဖူးသည်။ မိုရှည်ဒါယန်းကတော့ ၁၉၈၁ ခုနှစ်က ကွယ်လွန်သွားပါပြီ။ အစ္စရေးဟာ ယနေ့ တိုင်တိုက်ပွဲတွေထဲ ရပ်တည်နေပါသည်။နိဂုံးကိုသစ်ကပြောဖူးပါသည်။ “နှစ်(၅ဝ) ကျော် နောက်ကျကျန်နေတာကို ငါတို့တော့ မပါဘူး မထင်ပါနဲ့၊ တို့ကထိပ်ကပဲပေါ့”။ ဒီမိုကရေစီရနေပြီလေ၊ တို့တစ်တွေ အစည်းအဝေးမှာတောင် ဆန္ဒပြခွင့်ရှိတာပဲတဲ့။ မှားပါသည်။ ဆန္ဒပြကျောင်းသားတွေကို ရိုက်သည်။ ခုန်ပြီးတော့တောင် ရိုက်သေးသည်။ အစိုးရက မြန်မာပြည်အတွက် လုပ်နေတာလား။ အာဏာရှင်တွေအတွက် လုပ်နေကြတာလား။ နိုင်ငံတော်သမ္မတကတော့ သည်းခံတဲ့အကျင့်လိုသည်ဟု ပြောပါသည်။ ကျွန်တော်တို့က သည်းခံရမှာလား။ အစိုးရက သည်းခံရမှာ လား။ ကျောင်းသားတွေတော့ အတီးခံရသည်။ ကျွန်တော်တို့လည်း မြန်မာပြည်သားတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူကြပါသည်။ မြန်မာတို့သည် အစဉ်အလာအရ ယဉ်ကျေးသောလူမျိုး ဖြစ်ကြသည်။ ဂုဏ်ယူနိုင်တဲ့နိုင်ငံသားတွေ ဖြစ်ကြပါစေ။