ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှုပြီးဆုံး

ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှုပြီးဆုံး
Published 27 March 2015

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်းတုကျွေးရွာအနီး ကြံခင်းတွင် ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် မတ် ၂၆ ရက်ကဖော်ပြခဲ့သည်။အဆိုပါ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှုကို နှစ်ဖက်တပ်မတော်မှ ကျွမ်းကျင်ပညာရှင်များဖြင့် မတ် ၂၄ ရက်မှ ၂၆ ရက်အထိပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Yansheng က မတ် ၂၆ ရက်တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။မတ် ၁၃ ရက် ညနေပိုင်း ကိုးကန့်ဒေသအတွင်း ကိုးကန့်သောင်းကျန်းသူများနှင့်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်၊ မုန်တိမ်မြို့၊ တာ့ရွှေရှန်းတုကျွေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။တရုတ်နိုင်ငံကဖြစ်စဉ်ဖြစ်ပွားရသည့်အကြောင်းရင်းများကို သေချာစွာစုံစမ်းစစ်ဆေးရန် မြန်မာအာဏာပိုင်များကိုတိုက်တွန်းခဲ့ပြီး ပဋိပက္ခကိုဖြေရှင်းရန်လည်း ပြောကြားသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအချင်းချင်းနှင့် တပ်မတော်များအချင်းချင်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့တပ်မတော်သည် အထက်ပါကိစ္စနှင့်ပတ်သက်၍ ပဏာမစုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှုပြီး တစ်ဖက်နယ်နိမိတ်ကိုကျော်လွန်ခြင်းမရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုများကို မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်း၌သာ အထူးအလေးထား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် တိုက်ခိုက်မှုများကြောင့် နယ်နိမိတ်နှင့် နီးကပ်စွာတည်ရှိသော တရုတ်နိုင်ငံတွင်းမှ ပြည်သူအချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း မြန်မာအစိုးရက မတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း သံတမန်လမ်းကြောင်းမှ နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာ့တပ်မတော်မှလည်း နှစ်နိုင်ငံတပ်မတော်များအချင်းချင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်လျက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှင့်အညီဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent