ကျောင်းသားများ တောင်းဆိုသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ သမဂ္ဂဖွဲ့စည်းရေးများ ပါဝင်သည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

ကျောင်းသားများ တောင်းဆိုသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ သမဂ္ဂဖွဲ့စည်းရေးများ ပါဝင်သည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု
Published 26 March 2015
စိုးမင်းထိုက်

ကျောင်းသားများ တောင်းဆိုထားသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ပါဝင်သည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား မတ် ၂၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တာ်တွင် အတည်ပြုခဲ့သည်။အဆိုပါ ဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ကျောင်းသားများ သဘောတူညီခဲ့သည့် အချက်များအပေါ် မူတည်၍ ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်တွင် အခြေခံပြီး အမျိုးသားလွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ခြင်း ဖြစ်သည်။ကျောင်းသားများ အဓိက တောင်းဆိုခဲ့သည့် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရန်အတွက် ဥပဒေကြမ်းတွင် အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိဉာဉ်နှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်မှု လှုပ်ရှားခွင့် ရရှိရေးဆိုသည့် အချက်အား ထည့်သွင်းထားကြောင်း၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် ပညာရေးမူဝါဒများ၊ ဆက်စပ်ဥပဒေများနှင့် နည်းဥပဒေများ ရေးဆွဲရာတွင် အမှီအခိုကင်းသော ပညာရှင်များ၊ ပညာရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ၊ မိဘများ၊ ဆရာသမဂ္ဂ ကိုယ်စားလှယ်များ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ၏ အကြံပြုချက်များ ရယူရမည်ဟု ထည့်သွင်းထားသည်။ဥပဒေကြမ်း၏ အပိုဒ် ၁၇ ပုဒ်မ ၄ (ဋ)တွင် တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်သည် အခြေခံပညာအထက်တန်း စာမေးပွဲရမှတ်ဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ တက်ရောက်မည့် တက္ကသိုလ်၏ လိုအပ်ချက်အရ စိစစ်ရွေးချယ်သည့်စနစ် ထားရှိရေးဟု ပြင်ဆင်ဖြည့်စွက်ထားကြောင်း သိရသည်။ထို့အပြင် အခမဲ့ မသင်မနေရ မူလတန်းပညာရေးကို အကောင်အထည်ဖော်ပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရန်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် ပညာရေးစနစ်ကို ကျင့်သုံးရေး စသည့်အချက်များ၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် စသည်ဖြင့် ထည့်သွင်းထားသည်။တိုင်းရင်းသား လူမျိုးများ၏ ကလေးများအတွက် မိခင်တိုင်းရင်းသား ဘာသာစကားကို သင်ကြားမှု ဘာသာစကားအဖြစ် ရှေးဦးကလေးသူငယ် ပညာရေးမှစ၍ မြန်မာဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတို့နှင့် တွဲဖက်၍ အသုံးပြုခွင့်ရှိသည်ဟု ပြင်ဆင်ထားသည်။ဥပဒေကြမ်း၏ ပုဒ်မ ၂၀ တွင် မသန်စွမ်းသူများအား သင့်လျော်သည့် သင်ကြားရေး နည်းစနစ်များဖြင့် သင်ကြားပေးနိုင်မည့် ဆရာများ ပေါ်ထွန်းလာစေရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်ရမည်ဟု အသစ်ဖြည့်စွက်ထားကြောင်း သိရသည်။တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်ပါက တက္ကသိုလ်ကောင်စီ အချင်းချင်း ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ ပညာရေးဥပဒေတွင် ပြဋ္ဌာန်းပေးရမည်ဟု ပြင်ဆင်ထားကြောင်း၊ တက္ကသိုလ်၏ စီမံခန့်ခွဲရေးကို တက္ကသိုလ်ကောင်စီက တာဝန်ယူ ဆောင်ရွက်ရမည်၊ အဆင့်မြင့်ပညာ ကျောင်းများသည် ပညာရေးဆိုင်ရာ လုပ်ငန်းများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ရှိရမည်ဟု အစားထိုး ထည့်သွင်းထားကြောင်း သိရသည်။ဥပဒေကြမ်း၏ ပုဒ်မ ၃၈ တွင် ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများနှင့် မိသားစုဝင်များအတွက် အခမဲ့ မသင်မနေရ မူလတန်းပညာရေး ပြီးမြောက်စေရေးနှင့် အဆင့်ဆင့်တိုးချဲ့ ဖော်ဆောင်နိုင်ရေးအတွက် ရွေ့လျားကျောင်းများ တည်ထောင်ရန် စီစဉ်ပေးရမည်ဟု ထည့်သွင်းအတည်ပြုထားသည်။အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီအား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့မှ ရွေးချယ်သည့် ပညာရှင် နှစ်ဦးစီ၊ သင်ရိုးညွှန်းတမ်း ပညာရှင်များ၊ ဆရာသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂများမှ ညှိနှိုင်းရွေးချယ်သော အမှီအခိုကင်းသည့် ပညာရှင် နှစ်ဦးစီဖြင့် ဖွဲ့စည်းရန် စသည်ဖြင့် ထည့်သွင်းထားကြောင်း သိရသည်။ဥပဒေပုဒ်မ ၄၃ တွင် သင်ကြားရေးတွင် ဘာသာစကားသုံးမျိုးစနစ်ဖြစ်သော မြန်မာဘာသာစကား၊ မိခင်တိုင်းရင်းသား ဘာသာစကား၊ အင်္ဂလိပ် ဘာသာစကားတို့ကို အသုံးပြု သင်ကြားနိုင်သည်၊ မိခင်တိုင်းရင်းသား ဘာသာစကား အမျိုးအစားကို ရွေးချယ်အသုံးပြုရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရွေးချယ်ဆုံးဖြတ်ခွင့် ရှိသည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း သိရသည်။ပညာရေး အသုံးစရိတ်အတွက် ဆုံးဖြတ်ရာတွင်မူ တပ်မတော်သားကိုယ်စားလှယ် အကြံပြုထားသည့် နိုင်ငံ၏ ပညာရေး အသုံးစရိတ်ကို ငါးနှစ်အတွင်း သင့်လျော်သည့် ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့် သုံးစွဲနိုင်ရန် ရည်မှန်းဆောင်ရွက်ရမည်ဟု အကြံပြုချက်အား မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။ဥပဒေကြမ်း၏ ပုဒ်မ ၆၀ တွင် ဝန်ကြီးဌာနသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများအတွက် အမှီအခိုကင်းသော ပညာရှင်များ ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးရမည်ဟု ပြင်ဆင်အတည်ပြုထားသည်။
ဒါဟာ နောက်ဆုံး မဟုတ်သေးပါဘူး။ အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်ပဲ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဘက်မှာ ဆက်ဆွေးနွေးဦးမှာပါ . . . . .

ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “ဒီလောက် ဒီမိုကရေစီဆန်တဲ့ ဆောင်ရွက်မှုကတော့ မရှိတော့ဘူး။ များသောအားဖြင့် ဆရာတို့ ဥပဒေကြမ်းကော်မတီ အနေနဲ့ အရင်ကဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရအောင်ညှိတယ်။ အတတ်နိုင်ဆုံး မဲမခွဲနိုင်အောင်ပေါ့။ အခုဟာကတော့ အဲဒီလို မညှိတော့ဘဲ မဲခွဲပြီး အတည်ပြုနိုင်အောင်ပေါ့။ ဒီမိုကရေစီ စံနှုန်းနဲ့ ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အခါ အများရဲ့ဆန္ဒကို လိုက်နာရတာပေါ့” ဟု ပြောကြားသည်။ပညာရေးဘတ်ဂျက် ၂၀ ရာခိုင်နှုန်းအပေါ် မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ထောက်ခံမဲ ပေးခဲ့ကြောင်း၊ အများ၏ ဆန္ဒအရ ငါးနှစ်အတွင်း အဆင့်ဆင့် တိုးမြှင့်သုံးစွဲရန် အဆိုက နိုင်သွားကြောင်း၊ လွှတ်တော်က ဆုံးဖြတ်ပြီးတော့ အတည်ပြုခဲ့ကြောင်း ဆက်လက်ပြောကြားသည်။ကျောင်းသားများ တောင်းဆိုသည့် အချက်များ၏ ၇၇ ရာခိုင်နှုန်းခန့် ရရှိခဲ့ကြောင်း၊ ပုဒ်မများကို မဲခွဲပေမယ့်လည်း ဥပဒေကြမ်းကော်မတီက အကြံပြုထားသည့် အချက်များအပေါ်မှာပဲ မူတည်ပြီး အတည်ပြုသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကျောင်းသားတွေ တောင်းဆိုခဲ့တဲ့ ၁၁ ချက်လုံးအပေါ်မှာ အားလုံး Cover ဖြစ်စေရမယ်လို့လည်း ပြောခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတဲ့ အခါမှာလည်း ပြောခဲ့ပြီးပါပြီ။ တိကျတဲ့ Definite တောင်းတဲ့ ၂၀ ရာခိုင်နှုန်းဆိုတာ တချို့ပါတီတွေ၊ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အများကြီး ပြောကြတာပဲ။ အမှန်အားဖြင့်ဆိုရင် ဘတ်ဂျက်ကို Fix သတ်မှတ်ရတာ တော်တော်ခဲယဉ်းပါတယ်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲတွေမှာ တောက်လျှောက်ပြောခဲ့ပါတယ်။ Anually သွားပါတယ်။ ဘတ်ဂျက်ဆိုတာ။ ၂၂ ရာခိုင်နှုန်း ဖြစ်ချင်ဖြစ်တယ်။ ၁၉ လည်း ဖြစ်ချင်ဖြစ်မယ်။ ၁၈ လည်း ဖြစ်ချင်ဖြစ်မယ်။ တိုင်းပြည်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ အပြောင်းအလဲ ရှိနိုင်တယ်ဆိုတာ။ ပြဋ္ဌာန်းလိုက်တဲ့ ပြဋ္ဌာန်းချက်မှာလည်း ၂၀ ရာခိုင်နှုန်းဆိုတာ မပါသွားဘူး။ ဒါပေမဲ့ နှစ်စဉ်တိုးမြှင့် သုံးစွဲသွားရမယ် ဆိုတာတော့ ပါတယ်။ နောက်ပြီးတော့ ဒါဟာ နောက်ဆုံး မဟုတ်သေးပါဘူး။ အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်ပဲ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဘက်မှာ ဆက်ဆွေးနွေးဦးမှာပါ” ဟု ဒေါက်တာမြတ်ဉာဏစိုးက သုံးသပ်သည်။ပြည်သူ့လွှတ်တော်ကို ပေးပို့ပြီး ဥပဒေကြမ်းကို ဆက်လက်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်း လုပ်ငန်းစဉ် ကုန်ဆုံးခြင်း မရှိသေးကြောင်း ဆက်လက်ပြောကြားသည်။“အရေးကြီးတဲ့ ပုဒ်မရှိမယ်။ မောင်တို့က တစ်ကျပ်တောင်းတယ်။ ဦးက ငါးမူးပေးတယ်။ ဈေးဆစ်ရင်းနဲ့ သုံးမတ်နဲ့ တည့်ကြတာပေါ့ဆိုတဲ့ အနေအထားအထိတော့ ဝင်တယ်လို့ ယုံကြည်ပါတယ်။ ပယ်ဖျက်တယ် ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတာ၊ တည်ဆဲဥပဒေနဲ့ မညီတာပေါ့။ ဝန်ထမ်းတွေ နိုင်ငံရေး ကင်းရှင်းရမယ် ဆိုတဲ့အတွက် ဆရာ၊ ဆရာမများ နှစ်သက်ရာ နိုင်ငံရေးပါတီသို့ ဝင်ရောက်ခွင့်ရှိသည်တို့ အဲဒီလိုဟာမျိုး ပယ်ဖျက်တာပါ။ နောက်ပြီးတော့ ထပ်နေလို့” ဟု ပြောကြားသည်။ဒေါက်တာမြတ်ဉာဏစိုးက “ဥပဒေကြမ်းမှာ အဓိကကျတာ ပညာရေးလွတ်လပ်ခွင့် အာမခံမှု အခန်းခေါင်းစဉ်သာ ပျောက်သွားတာ။ အဲဒီအထဲက အချက်တွေ ပြန်ယူပြီးတော့ သင့်လျော်ရာ နေရာတွေမှာ အကုန် ပြန်ထည့်ပေးထားတယ်။ နောက်တစ်ခါ ကော်မရှင်ဆိုတဲ့ အသုံးအနှုန်း။ ကော်မရှင်က လုံးဝပြောင်းသွားပြီ။ အရင်တုန်းကလို ဗဟိုချုပ်ကိုင်တဲ့ ပြည်ထောင်စုအဆင့် ဆိုလိုတာ ဒုတိယသမ္မတ တစ်ဦးဦးက ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ကျောင်းသားတွေ ဆွေးနွေးသွားတဲ့ အထဲမှာလည်း ပါတယ်။ ဝန်ကြီးဌာနတွေက ပြန့်ကျဲပြီးတော့ ကိုင်တွယ်နေတာ ၁၃ ခုလောက် ရှိတယ်လေ။ ကက်ဘိနက် ထက်ဝက်လောက် ဖြစ်နေတယ်ဆိုတာ။ အခုဟာက ပညာရေးဝန်ကြီးဌာနအောက်ကိုပဲ အားလုံးက ရောက်တော့မယ်။ ဒီအချက်တွေလည်း ပါပြီ။ အဲဒီတော့ အခု အသစ်ပြန်ဖွဲ့စည်းတဲ့ ကော်မရှင်ဟာ အမျိုးသားပညာရေးမူဝါဒကော်မရှင်ပဲ ဖြစ်တယ်။ မူဝါဒပိုင်းဆိုင်ရာပဲ။ ဘာမှ ဝင်ရောက်စွက်ဖက် ချုပ်ကိုင်မှု မရှိတော့ဘူး။ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ဆိုတာမှာလည်း တရားဝင်ကို နည်းဥပဒေထဲမှာ ထည့်ပေးထားတယ်။ ပထမ အမျိုးသားပညာရေး ဥပဒေမှာပါတဲ့ ကော်မရှင်နဲ့ လုံးဝကို မတူတော့ပါဘူး” ဟု ပြောကြားသည်။သင်ရိုးညွှန်းတမ်းကော်မတီသည် အရေးကြီးကြောင်း၊ နောက် ပညာရေးအရည်အသွေးကို ဆန်းစစ်အကဲဖြတ်ရန် အဆိုပါ ကော်မတီများတွင် ဒေါက်တာဗညားအောင်မိုး အဆိုပြုချက်များ အောင်မြင်သွားသည့်အတွက်  တိုင်းရင်းသား ပညာရှင်များ ပါလာခဲ့ကြောင်း၊ ထို့အတွက် ဥပဒေတစ်ရပ်ကို ရာခိုင်နှုန်းမည်မျှ အောင်မြင်သည်ဆိုတာ အရှုံးအမြတ် တွက်လို့မရကြောင်း ပြောကြားသည်။  

Most Read

Most Recent