ကမ်းနားလမ်းတွင် ပြေးဆွဲနေသည့် RBE ရိုးရိုးအင်ဂျင်တပ် ရထားအား လျှပ်စစ်ရထားအဖြစ် ပြောင်းလဲပြေးဆွဲသွားမည်

ကမ်းနားလမ်းတွင် ပြေးဆွဲနေသည့် RBE ရိုးရိုးအင်ဂျင်တပ် ရထားအား လျှပ်စစ်ရထားအဖြစ် ပြောင်းလဲပြေးဆွဲသွားမည်
Published 22 March 2015
သင်းဖြိုး

ကမ်းနားလမ်းတွင် ပြေးဆွဲနေသည့် ရိုးရိုးအင်ဂျင်တပ် RBE ရထားကို လျှပ်စစ်ရထားအဖြစ် ယခုနှစ်အတွင်း ပြောင်းလဲပြေးဆွဲ သွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာ့မီးရထား အနေဖြင့် မြို့ပတ်ရထား အားလုံးကို လျှပ်စစ်ရထားအဖြစ် ပြောင်းလဲပြေးဆွဲနိုင်ရန် လျာထားသောကြောင့် ကမ်းနားလမ်းတွင် ပြေးဆွဲနေသည့် RBE ရထားအား လျှပ်စစ်ရထားအဖြစ် ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲသွားမည် ဖြစ်သည်။“လျှပ်စစ်ရထားပြေးဆွဲဖို့ လျှပ်စစ်ကလည်း အလုံအလောက် ရှိတယ်။ ဒါကြောင့် Pilot Project အနေနဲ့ စပြီးဆောင်ရွက်မယ်။ အားနည်းချက်၊ အားသာချက်တွေလည်း ရှိနိုင်တယ်။ နောက်ပိုင်းမှာ မြို့ပတ်ရထားကြီး တစ်ခုလုံးကို လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ တစ်ပြိုင်နက်တည်းမှာလည်း တခြားနိုင်ငံတွေမှာ သုံးနေသလို အမြန်ရထားတွေကိုလည်း စဉ်းစားပါတယ်။ များပြားတဲ့ ငွေကြေးကုန်ကျမှုရှိမှာ ဖြစ်တဲ့အတွက် နိုင်ငံတကာက ရထားလက်မှတ်ခ ကောက်ခံတဲ့အတိုင်းပဲ ကောက်ခံရမှာပါ။ အဲဒီအခါ မြန်မာပြည်သူတွေအနေနဲ့ စီးနိုင်ပါ့မလား။ လက်မှတ်ခကို ဘယ်လောက်ကောက်ခံရင် အဆင်ပြေနိုင်မလဲ ဆိုတာကို စဉ်းစားပြီးမှ စီမံကိန်းကြီးတွေကို စပြီးဆောင်ရွက်မှာပါ” ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မတ် ၂၀ ရက်တွင် ပြောကြားသည်။ရထားများကို လျှပ်စစ်ရထားအဖြစ် ပြောင်းလဲပြေးဆွဲနိုင်ရန်အပြင် လမ်းပိုင်းကြံ့ခိုင်မှု ရှိစေရေးနှင့် ရထားဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက်လည်း JICA, Japan International Transport Institute၊ ဂျပန်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။လက်ရှိတွင် သံလမ်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းကို သင်္ဃန်းကျွန်းနှင့် လေးထောင့်ကန်လမ်းတွင် စတင်ဆောင်ရွက်နေပြီး ရန်ကုန်-မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်မှု လုပ်ငန်းအတွက် စီမံကိန်း ပထမအဆင့်ကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို လျှပ်စစ်ရထား ပြေးဆွဲနိုင်သည်အထိ ဆောင်ရွက်မည်ဆိုပါက ၁၈ ဘီလျံမှ ဘီလျံ ၂၀ အထိ သုံးစွဲရမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုများပြီး လက်မှတ်ခမှာလည်း နိုင်ငံတကာတွင် ကောက်ခံနေသည့်အတိုင်း ကောက်ခံမှသာ အဆင်ပြေမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် လက်မှတ်ဝယ်နိုင်ခြင်း ရှိ၊ မရှိကိုလည်း ပြန်လည်ချင့်ချိန်သွားမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင်လည်း RBE ရထားတွဲများကို တိုးချဲ့ဝယ်ယူမည်ဖြစ်၍ ယင်းအတွက် ဂျပန်ချေးငွေ ယန်း ၂၀၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်းလည်း သိရသည်။“RBE ရထားတွေကို ဂျပန်ကနေ တိုးချဲ့ဝယ်ယူမယ်။ ၁၂ စီးကို သူတို့က လက်ဆောင်အနေနဲ့ ပို့ပေးမယ်။ နောက်ထပ် ၁၅ စီးကိုလည်း စရိတ်ငြိမ်းပို့ပေးနိုင်ဖို့ ဂျပန်အလယ်ပိုင်း ရထားလုပ်ငန်းနဲ့ ညှိနှိုင်းမှုတွေ လုပ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။    ယခုအခါ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရထားစီးနင်းသူ ဦးရေမှာ တစ်နေ့လျှင် ပျမ်းမျှ နှစ်သန်းကျော်ခန့် ရှိနေပြီး နိုင်ငံခြားသားဦးရေ ၂၀၀ ကျော်ခန့် စီးနင်းလေ့ရှိကြောင်း သိရသည်။ လက်ရှိတွင် ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေချိန်ဖြစ်၍ ရထားစီးသူဦးရေ နည်းပါးနေကြောင်း သိရသည်။        

Most Read

Most Recent