အပြောင်းအလဲကို လက်ခံပါ

အပြောင်းအလဲကို လက်ခံပါ
Published 20 March 2015
ကိုထက်

အပြောင်းအလဲဆိုတာ ကျွန်တော်တို့ လူမှုဘ၀ ရှင်သန်ရာ ဝန်းကျင်မှာ နေ့စဉ်အချိန်နှင့်အမျှ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကလည်း ခေတ်ကာလအလိုက် ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ လောကကို အမြဲစောင့်ကြည့်ပြီး လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေအောင် လုပ်ရမှာ လူသားတွေရဲ့ တာဝန်ဝတ္တရားသာ ဖြစ်ပါတယ်။ အပြောင်းအလဲကို လက်မခံတော့ ဘာဖြစ်လဲလို့ မေးစရာရှိပါတယ်။ အပြောင်းအလဲကို လက်မခံတော့ ပြောင်းလဲလာတဲ့ ကာလယန္တရားက မပြောင်းလဲတဲ့ အရာတွေကို ကြိတ်ခြေသွားမှာ ဖြစ်ပါတယ်။ကမ္ဘာလောကကြီးက ပြောင်းလဲလာသလို ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပုံစံတွေကလည်း ပြောင်းလဲလာပါတယ်။ လက်ရှိဒီမိုကရေစီ ကာလမှာ ယခင်အုပ်ချုပ်ရေး ပုံစံတွေနဲ့ လူမှုဘ၀ ဝန်းကျင်ကို တည်ဆောက်လို့ မရတော့ပါဘူး။ အတင်းတည်ဆောက်ရင် တိုင်းပြည်၊ အစိုးရနဲ့ ပြည်သူ သုံးပွင့်ဆိုင် နစ်နာရုံပဲ ရှိပါမယ်။ အနှစ် ၂၀ ကျော်အကြာ စစ်အုပ်ချုပ်ရေးကာလမှာ မပြောရဲခဲ့တဲ့၊ ပြောခွင့်မရှိခဲ့တဲ့ ထိခိုက်နစ်နာမှုတွေ ပြည်သူ့လိုအပ်ချက်တွေကို ဆန္ဒထုတ်ဖော်တဲ့နည်းနဲ့ အစိုးရသိအောင် လုပ်နေသလို၊ ပြည်သူ့အသံ လွှတ်တော်အသံသာ ဖြစ်တယ်ဆိုပြီး လွှတ်တော်သုံးရပ်ကလည်း ခံယူထားပါတယ်။ ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ ဖြစ်လာတဲ့ အပြောင်းအရွှေ့တစ်ခုကို အစိုးရရော၊ ပြည်သူပါ လက်ခံနိုင်ရမှာ ဖြစ်ပါတယ်။ပါးနပ်ညင်သာတဲ့ အပြောင်းအလဲကို သိဖို့ ကျွန်တော်တို့ နား၊ မျက်စိတွေကို ဖွင့်ထားမှ ရပါမယ်။ အပြောင်းအလဲကိုတော့ ဆောင်ရွက်ပါရဲ့။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် တစ်ခုခုသာ ဖြစ်သွားရင်ဆိုတဲ့ စိတ်က အုပ်ချုပ်သူအစိုးရနဲ့ အုပ်ချုပ်ခံရသူ ပြည်သူတွေ အားလုံးရဲ့စိတ်မှာ ရှိနေပါတယ်။ အဲ့ဒီစိတ်ရှိတဲ့အတွက် ရှေ့ကို တစ်လှမ်းတိုးပြီး နောက်ကို နှစ်လှမ်းဆုတ်သလို ဖြစ်နေပါတယ်။အစိုးရနဲ့ ပြည်သူဆိုတာ မိဘနဲ့သား၊ သမီးသာ ဖြစ်ပါတယ်။ ပြည်သူတွေက အစိုးရက လုပ်ချင်တာလုပ် ပြည်သူနဲ့ ဘာဆိုင်လဲလို့ သဘောထားရင် ပြည်သူတွေက ဘာလို့များ အစိုးရတစ်ရပ်ကို တင်မြှောက်ထားတာပါလဲ။ တာဝန်ဝတ္တရားအရ တင်မြှောက်တာလား မရှိမဖြစ်ဆိုတဲ့ လိုအပ်ချက်အရ တင်မြှောက်တာလားဆိုတာ ကျွန်တော်တို့ပြည်သူတွေ စဉ်းစားရပါမယ်။အစိုးရဘက်ကလည်း ပြည်သူဆိုတာ ကိုယ့်သွေးသားလို့ သဘောမထားဘဲ ငါတို့ဟာ အစိုးရသာဖြစ်တယ်။ ပြည်သူနဲ့ ဘာမှမဆိုင်ဘူး။ ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ စိတ်သာရှိရင် ပြည်သူ့အစိုးရလို့ ခေါ်ထိုက်ပါသလား၊ အစိုးရဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒကို အမြဲတမ်းသိအောင် လုပ်နေရမှာဖြစ်ပြီး ပြည်သူ့လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရမှာ အစိုးရတာဝန်သာ ဖြစ်ပါတယ်။ တကယ်လို့သာ နိုင်ငံတစ်နိုင်ငံဟာ အိမ်ထောင်စုတစ်စုဆိုရင် အစိုးရဆိုတာ အိမ်ထောင်ဦးစီး တာဝန်ယူထားတာ ဖြစ်ပါတယ်။အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးကိုယ်တိုင် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းကို သားသမီးကို လိုက်နာစေချင်ရင် အိမ်ထောင်ဦးစီး ကိုယ်တိုင်က အရင်လိုက်နာဖို့တော့ လိုပါလိမ့်မယ်။ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လူ့အခွင့်အရေးဆိုတာ ရှိသလို တစ်ဖက်ကလည်း တင်းကျပ်တဲ့ မျက်နှာမလိုက်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေ ရှိပါတယ်။ အစိုးရအပါအဝင် နိုင်ငံသားတိုင်းဟာ ဥပဒေရဲ့အောက်မှာပဲ ရှိပါတယ်။ ဒီဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို နိုင်ငံသားတိုင်း လိုက်နာစေချင်ရင် ဥပဒေကို စံပြအနေနဲ့ ဖြစ်စေချင်တယ်ဆိုရင် မျက်နှာကြီးရာ ဟင်းဖတ်မပါဖို့တော့ လိုပါတယ်။
ပြည်သူဆိုတာ ကိုယ့်သွေးသားလို့ သဘောမထားဘဲ ငါတို့ဟာ အစိုးရသာဖြစ်တယ်။ ပြည်သူနဲ့ ဘာမှမဆိုင်ဘူး။ ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ စိတ်သာရှိရင် ပြည်သူ့အစိုးရလို့ ခေါ်ထိုက်ပါသလား . . . . .

အိမ်ထောင်စုတစ်ခုမှာ အိမ်ထောင်ဦးစီးဟာ သားသမီးဆွေမျိုးတွေရဲ့ အခက်အခဲကို အမြဲတမ်း အကဲခတ်ပြီး ကြည့်ရှုစောင့်ရှောက်နေရတာ ဖြစ်ပါတယ်။ သားသမီးတွေက သူတို့မှာ လိုအပ်နေတဲ့ အရာကို တောင်းဆိုတဲ့အခါ ဖြည့်ဆည်းပေးမယ့်အစား ငါ့စကားနားထောင်ရမယ်၊ ငါက မိဘပဲ ငါ့စကားနားမထောင်ရင် ရိုက်နှက်ဆုံးမမယ်ဆိုတဲ့ နည်းလမ်းကို သုံးရင်တော့ အကြောက်တရားကိုသာ ဖြစ်စေပြီး ရိုသေလေးစားမှုကို ရမှာမဟုတ်ပါဘူး။ သားသမီးတွေရဲ့စိတ်မှာ ငါတို့မိဘက လိုချင်တာတောင်းရင် ရိုက်ဖို့ပဲ သိတယ်ဆိုတဲ့ စိတ်ဝင်သွားမှာ ဖြစ်ပါတယ်။ဒီကလေး ဘာကြောင့် တောင်းဆိုနေလဲ ဆိုတာ မိဘက သိရမှာ ဖြစ်ပါတယ်။ မသိရင်လည်း သိအောင်လုပ်ရမယ့်တာဝန် ရှိပါတယ်။ မဖြည့်ဆည်းပေးနိုင်ဘူး ဆိုရင်လည်း ရှင်းပြဖို့တော့ လိုပါတယ်။ သားသမီးနဲ့ မိဘကြားမှာ ငါ့စကားနားထောင် ငါခိုင်းတာလုပ်ဆိုတဲ့ ပုံစံနေရာမှာ အပြန်အလှန် ညှိနှိုင်းဆွေးနွေးတဲ့ ခေတ်စနစ်ကို ပြောင်းနေပြီဆိုတာ သိရပါမယ်။အိမ်နီးနားချင်း ချမ်းသာတဲ့ မိသားစုတွေက နေအိမ်တိုက်တာ၊ ကားတွေ တဝီဝီစီးပြီး ညနေဆိုရင် စားသောက်ဆိုင်တွေ ရုပ်ရှင်ရုံတွေကို မိသားစုလိုက်သွားတာကို အိမ်က ကလေးငယ်က အားကျနေမှာ ဖြစ်ပါတယ်။ ဒီလို အားကျနေတယ်ဆိုတာကို သိတဲ့ အိမ်ထောင်ဦးစီးဟာ ကားဝယ်မစီးနိုင်ပေမယ့် ကျောပေါ်မှာ သားကိုတင်၊ သမီးကို လက်စွဲပြီး ဘုရားပွဲဈေးတော့ သူတတ်နိုင်တဲ့ အင်အားနဲ့ လျှောက်လည်လို့ ရပါသေးတယ်။ မဖြစ်နိုင်တာကို အားကျရလားဆိုပြီး မရိုက်နှက်ဘဲ တတ်နိုင်တာလေး လုပ်ပေးတဲ့ ဖခင်ရဲ့ ကျေးဇူးကို အောက်မေ့နေမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ တိုင်းပြည်ဟာ အခုမှစပြီး ဒီမိုကရေစီ လေးနှစ်တာကို ဖြတ်သန်းနေပေမယ့် လေးနှစ်အရွယ် ကလေးငယ်တော့ မဟုတ်ပါဘူး။ လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီ ဆယ်နှစ်တာခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ ၂၆ နှစ်တာ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နဝတ၊ နအဖခေတ်တွေကို ဖြတ်သန်းလာခဲ့တာ နှစ်ပေါင်း ၆၇ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ရင့်ကျက်မှုကို အထိုက်အလျောက်လည်း ကျင့်သားရနေပြီ ဖြစ်ပါတယ်။အကောင်းအဆိုး၊ ချိုသည်ခါးသည် ဆိုတာကို ပြည်သူတွေက သိနေပြီဖြစ်ပါတယ်။ ထမင်းလည်း ခွံ့ကျွေးစရာ မလိုတော့သလို ချော့သိပ်မှ အိပ်ပျော်တဲ့အရွယ် မဟုတ်ဘူး ဆိုတာကိုတော့ အိမ်ထောင်ဦးစီးနေရာက တာဝန်ယူထားသူတွေ သိသင့်နေပြီ ဖြစ်ပါတယ်။ မိဘရဲ့ အခက်အခဲ တချို့ကိုလည်း စာနာနားလည်နိုင်ပြီ ဖြစ်ပါတယ်။ မဖြစ်နိုင်တာကို တောင်းဆိုတာတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်တာကို တောင်းဆိုနေပေမယ့် လုံးဝမလိုက်လျောမယ့်အစား တတ်နိုင်သလောက်တော့ လိုက်လျောရမှာ ဖြစ်ပါတယ်။ လိုက်လျောလို့ရတဲ့ အတိုင်းအတာနဲ့ ပတ်သက်ပြီး ရှင်းပြဖို့လည်း လိုပါတယ်။မိဘရော သားသမီးပါ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုဆိုတဲ့ အပြောင်းအလဲကို လက်ခံနိုင်မှ အဓိပ္ပာယ်ရှိတဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ အပြန်အလှန် အကြောက်တရားတွေ လွှမ်းမိုးနေပြီး ပျင်းရိငြီးငွေ့စရာကောင်းတဲ့ နေ့ရက်တွေကို အတိတ်မှာ ထားခဲ့လိုက်ပါ။ ပြောင်းလဲလာတဲ့ နေ့သစ်တွေကို လက်ကမ်းလိုက်ပါ။ အပြောင်းအလဲဆိုတာ တကယ်တော့ စိတ်ပျက်စရာ မဟုတ်ပါဘူး။ နောက်တစ်ဆင့် ထပ်တက်နိုင်တဲ့ လှေကားထစ်သာ ဖြစ်ပါတယ်။ မိဘနဲ့ သားသမီးအကြား အပြောင်းအလဲ ပုံစံအသစ်ကို လက်ကမ်းလိုက်ပါလို့ တိုက်တွန်းလျက်။

Most Read

Most Recent