ပင်မကျောင်းသားသပိတ်စစ်ကြောင်းအားထောက်ခံကြောင်း ဦးဆောင်ဆန္ဒပြခဲ့သည့် လက်ပံတန်းမြို့ဒေသခံ ၁၂ ဦးအနက် ကိုးဦးကို လက်ပံတန်းတရားရုံးတွင်စတင်စစ်ဆေး

ပင်မကျောင်းသားသပိတ်စစ်ကြောင်းအားထောက်ခံကြောင်း ဦးဆောင်ဆန္ဒပြခဲ့သည့် လက်ပံတန်းမြို့ဒေသခံ ၁၂ ဦးအနက် ကိုးဦးကို လက်ပံတန်းတရားရုံးတွင်စတင်စစ်ဆေး
Published 20 March 2015
မင်းသိန်းနိုင်၊ ဝေလင်းအောင်

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ ပိတ်ဆို့ထားဆီးခံခဲ့ရသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းအားထောက်ခံကြောင်း ဦးဆောင်ဆန္ဒပြသည့် ဒေသခံ ၁၂ ဦးအနက် ကိုးဦးကို မြို့နယ်တရားရုံး၌ မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ပထမဆုံးအကြိမ် စတင်စစ်ဆေးခဲ့သည်။အဆိုပါရုံးချိန်းသို့ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသူများအနက် ကိုးဦးသာ တရားရုံးသို့လာရောက်ခဲ့ပြီး ကျန်သုံးဦးမှာ တိမ်းရှောင်နေသည့်အတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။"ဒီနေ့ကတော့ ဘာမှမစစ်ဆေးသေးပါဘူး။ ကျွန်မတို့က သပိတ်မှောက်ကျောင်းသားတွေနဲ့တွေ့ချင်လို့ ဆန္ဒပြတဲ့နေရာကိုသွားခဲ့တယ်။ ဟိုရောက်တော့ ရဲတပ်ဖွဲ့ဝင်တွေက ဒိုင်းတွေကာထားတဲ့အတွက် သက်ဆိုင်ရာကို ကျောင်းသားတွေနဲ့ အချိန်တစ်နာရီလောက်မြင်ခွင့်ပေးဖို့ပြောခဲ့တယ်။ ကျန်တာကတော့ ကျန်တဲ့လူတွေ သူတို့အစီအစဉ်နဲ့သူတို့လုပ်ကြတာပေါ့။ ပြီးတော့ လူ ၅၀၀ လောက်ရှိတဲ့အထဲက ကျွန်မတို့ကိုပဲတရားစွဲတယ်ဆိုတော့ ဘယ်လောက်တောင်အမြင်ကတ်နေလဲမသိပါဘူး။ ရုံးချိန်းကိုတော့ ဧပြီ ၁ရက်ကို ထပ်မံချိန်းဆိုခဲ့ပါတယ်" ဟု ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသည့် မကြည်ကြည်ဝင်းက ပြောကြားသည်။ထို့ပြင် အဆိုပါပထမအကြိမ်ရုံးချိန်း၌ တရားစွဲခံရသူများအတွက် ရှေ့နေပါဝါလွှဲစာကို တရားရုံးသို့လျှောက်ထားခဲ့ပြီး လာမည့်ရုံးချိန်းတွင် တရားလို လက်ပံတန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစန်းမြင့်အား စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားစွဲခံရသူများ၏ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှိန်က မတ် ၁၉ ရက် မွန်းလွဲပိုင်းကဆိုသည်။"အဲဒီနေ့ကဖြစ်စဉ်ကို ကျွန်တော်မသိဘူး။ အဲဒီနေ့က ကျွန်တော်စစ်ကွင်းမြို့ဘက်ကိုရောက်နေတာ။ ပြန်တော့လည်း ညနေ ၅ နာရီမှပြန်လာတာ။ နောက်နေ့ကျတော့ ကျွန်တော့်ကို ရဲတွေက ရဲစခန်းမှာဖြေရှင်းပေးဖို့လာခေါ်တယ်။ ကျွန်တော်လည်းမဟုတ်တဲ့အတွက် ဖြေရှင်းဖို့လိုက်သွားလိုက်တယ်။ ဟိုရောက်တော့ ကျွန်တော့်ကို အချုပ်ထဲတန်းထည့်တယ်။ ပြီးတော့ လူစုလူဝေးနဲ့ စီတန်းလှည့်လည်တယ်ဆိုပြီး ပုဒ်မ ၁၈ နဲ့အမှုဖွင့်တယ်။ အခု ကိုယ်တိုင်လည်းမပါဝင်ဘဲနဲ့ တရားစွဲခံရတဲ့အတွက် ရင်ထဲမှာတော့ခံစားရတယ်။ ကျွန်တော်ခေါက်ဆွဲလုပ်ပြီး ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်တယ်ဆိုတာ တစ်မြို့လုံးကလူတိုင်းသိပါတယ်" ဟု တရားစွဲခံထားရသည့် ကိုနန္ဒာစိုးကပြောကြားသည်။လက်ပံတန်းဒေသခံများ ပုဒ်မ ၁၈ဖြင့် တရားစွဲခံထားရခြင်းမှာ ပြီးခဲ့သည့် မတ် ၄ ရက်က လက်ပံတန်းမြို့တွင် အမျိုးသားပညာရေးဥပဒေကိုသပိတ်မှောက်နေသော ဒီမိုကရေစီပညာရေးပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ထောက်ခံကြောင်းနှင့် ကျောင်းသားများအား ပိတ်ဆို့တားဆီးမှုများဖယ်ရှားပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းကြောင့် တရားစွဲခံထားရခြင်းဖြစ်သည်။အမှုဖွင့်ခံထားရသည့်ဒေသခံများမှာ ကိုနိုင်ဝင်း (ခေါ်) ပေါကြီး၊ ကိုမျိုးဆွေ၊ မကြည်ကြည်ဝင်း၊ ကိုမြတ်သူအောင်၊ ကိုဝင်းမင်းထွန်း၊ ကိုနိုင်ဝင်း၊ ကိုဗေဒါလေး၊ ကိုမြတ်သူ၊ ကိုအီဇာလေး၊ ကိုအေးကိုထွဋ်၊ ကိုဝင်းနိုင်၊ ကိုနန္ဒစိုးတို့ဖြစ်ကြောင်းသိရပြီး တရားစွဲခံထားရသူကိုးဦးမှာ အာမခံဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။

Most Read

Most Recent