မြန်မာနိုင်ငံ၏ ပေါ်ထွန်းစ ဈေးကွက်များ၏ လိုအပ်ချက်ကြောင့် ငွေကြေးဈေးကွက်၊ အင်ဂျင်နီယာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရပ်များ သင်ယူလိုသူ များစွာတိုးလာဟုဆို

မြန်မာနိုင်ငံ၏ ပေါ်ထွန်းစ ဈေးကွက်များ၏ လိုအပ်ချက်ကြောင့် ငွေကြေးဈေးကွက်၊ အင်ဂျင်နီယာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရပ်များ သင်ယူလိုသူ များစွာတိုးလာဟုဆို
Published 19 March 2015
နွဲ့ယဉ်အေး

လက်ရှိမြန်မာနိုင်ငံ၏ ပေါ်ထွန်းစဈေးကွက်များဖြစ်သည့် ငွေကြေးဈေးကွက်၊ ဆောက်လုပ်ရေးဈေးကွက်နှင့် ခရီးသွားလုပ် ငန်းဆိုင်ရာဈေးကွက်များတွင် အလုပ်အကိုင် လိုအပ်ချက်ပေါင်းများစွာ ပေါ်ပေါက်လာ သည့်အတွက် အဆိုပါလုပ်ငန်းများနှင့် သက်ဆိုင်သည့်ပညာရပ်များ သင်ယူလိုသူများစွာ တိုးလာကြောင်း အဆိုပါဈေးကွက်များမှ သိရသည်။
ဘဏ္ဍာရေးနှင့် ငွေကြေးဈေးကွက်ဆို လျင် မြန်မာနိုင်ငံတွင် ပထမဆုံးပေါ်ထွန်း မည့်ဈေးကွက်ဖြစ်ပြီး အလုပ်အကိုင်ပေါင်းများစွာ ပေါ်ထွက်လာသော်လည်း အဆိုပါ ပညာရပ်များတွင် တတ်ကျွမ်းသူမရှိသလောက် ဖြစ်နေသဖြင့် ဈေးကွက်လိုအပ်ချက် ကြီး မားနေကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။
“စတော့အိတ်ချိန်းအတွက်က အရည်အချင်းလိုအပ်ချက် အသစ်တွေလိုပါတယ်။ မဖြစ်လာသေးတဲ့ကိစ္စကို ကြိုပြောနေစဉ်မှာ  တော့ လူတွေကမမြင်ဘူး။ ၁ဝ တန်းပြီးရင် တော့ ဆရာဝန်၊ အင်ဂျင်နီယာတွေအပြင် ရွေးချယ်စရာတွေ တိုးလာပါပြီ”ဟု FMI ကုမ္ပဏီမှ CFO ဦးထွန်းထွန်းက Money Talk ဆွေးနွေးပွဲတွင် ပြောကြားသည်။
ဆောက်လုပ်ရေးဈေးကွက်နှင့် ခရီးသွားဈေးကွက်မှာလည်း မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည့် ဈေးကွက်များဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက် မြင့်မားနေကြောင်း သိရသည်။
“အခုနောက်ပိုင်းမှာ ကျောင်းသားတွေ နိုင်ငံခြားကိုသွားပြီး ပညာသင်တာမှာ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးနဲ့ စာရင်းအင်းပိုင်းစတဲ့ စီးပွားရေးပိုင်းဆိုင်ရာ ပညာရပ်တွေ၊ အင်ဂျင်နီယာပိုင်းနဲ့ ဟိုတယ်နဲ့ ခရီးသွား ပညာရပ်ပိုင်းတွေသင်ဖို့ စိတ်ဝင်စားမှု တိုးတက်လာပါတယ်။ သွားရောက်ပညာ သင်ကြားတဲ့အခါမှာလည်း Bachelor ဘွဲ့အထိရအောင် သင်ကြပါတယ်။ အများအားဖြင့်တော့ စင်ကာပူနိုင်ငံကို သွားပြီး အဲဒီကမှတစ်ဆင့် ယူကေ၊ ဩစတြေးလျ စတဲ့နိုင်ငံတွေကို ကူးတာရှိပါတယ်။ အဲဒီနိုင်ငံတွေကို တိုက်ရိုက်သွားတက်တာလဲ ရှိပါတယ်” ဟု SR Education မှ တာဝန်ရှိသူတစ်ဦးက ကျောင်းသားများ၏ စိတ်ဝင်စားမှုများအပေါ် ရှင်းလင်းပြောကြားသည်။
ငွေကြေးဈေးကွက်ဆိုင်ရာ အသိပညာများကို စိတ်ဝင်စားမှုမြင့်တက်နေချိန်တွင် နာရီပိုင်းသင်တန်းတစ်ခုလျှင် ငွေကျပ် သိန်း နှင့်ချီ၍တောင်းနေသည့် သင်တန်းအချို့ ပေါ်ပေါက်လာနေကြောင်းလည်း သိရသည်။
“အခုလက်ရှိဖွင့်နေတဲ့ သင်တန်းတွေက ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) အသိအ မှတ်ပြုသင်တန်းတွေတော့ မဟုတ်ဘူး။ မကျွမ်းကျင်သူတွေက သင်ပေးမိရင် သင်ယူသူတွေ ဦးနှောက်အဆိပ်သင့်သွားမှာ စိုးရိမ်တဲ့အတွက် နောက်ပိုင်းမှာ SECM က သင်တန်းတွေကို စိစစ်ပြီး အသိအမှတ် ပြုပေးသွားမယ်” ဟု SECM ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှာလည်း မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တတ်ကျွမ်းနားလည်သည့် လူ့အရင်းအမြစ် လိုအပ်ချက် မြင့်မားလျက်ရှိနေကြောင်း သိရသည်။           
 

Most Read

Most Recent