ဗုံးကြောင့် သေဆုံးခဲ့သည့် တရုတ်နိုင်ငံသား တစ်ဦးလျှင် ဒေါ်လာ ၁၁၀၀၀ ကျော် လျော်ကြေးပေးရန် မြန်မာအစိုးရ ကမ်းလှမ်း

ဗုံးကြောင့် သေဆုံးခဲ့သည့် တရုတ်နိုင်ငံသား တစ်ဦးလျှင် ဒေါ်လာ ၁၁၀၀၀ ကျော် လျော်ကြေးပေးရန် မြန်မာအစိုးရ ကမ်းလှမ်း
Published 18 March 2015

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်၊ မုန်တိမ်မြို့၊ တာ့ရွှေရှန်းတု ကျေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦး ဗုံးဆန်ကျရောက်မှုကြောင့် သေဆုံးခဲ့သည့်အတွက် သေဆုံးသူတစ်ဦးလျှင် လျော်ကြေးအဖြစ် တရုတ်ယွမ် ၇ဝဝဝဝ (ဒေါ်လာ ၁၁၂၂၂) ကို ပေးအပ်သွားမည်ဟု မြန်မာအစိုးရက ကမ်းလှမ်းခဲ့သည်ဟု တရုတ် The Global Times သတင်းစာက မတ် ၁၈ ရက်တွင် ဖော်ပြခဲ့ကြောင်း www.chinadaily.com.cn ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သို့ရာတွင် လျော်ကြေးပေးရန် ကမ်းလှမ်းမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက အကြောင်းမပြန်သေးကြောင်း ရေးသားထားသည်။မြန်မာကိုယ်စားလှယ်အချို့က ကိုးကန့်ဒေသတွင် အသေအပျောက် ထိခိုက်မှုများအတွက် အမြင့်ဆုံးလျော်ကြေးမှာ တရုတ်ယွမ် ၂ဝဝဝဝ ဖြစ်ကြောင်း ပြောကြားသည်။ဒေသခံ တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန်အတွက် တာဝန်ရှိသူများနှင့် ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီသည် ယူနန်ပြည်နယ်သို့ မတ် ၁၆ ရက်တွင် သွားရောက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei က မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။မတ် ၁၃ ရက် ညနေပိုင်း ကိုးကန့်ဒေသအတွင်း ကိုးကန့်အဖွဲ့များနှင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်၊ မုန်တိမ်မြို့၊ တာ့ရွှေရှန်းတု ကျေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့မှု ဖြစ်စဉ်အပြီး ယခုကဲ့သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီသည် ယူနန်ပြည်နယ်သို့ မတ် ၁၆ ရက်တွင် သွားရောက်ခဲ့ခြင်းဖြစ်သည်။ထိုသို့ဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်တွင် တိုက်ခိုက်ရေးဂျက်လေယာဉ်များဖြင့် လေကြောင်းကင်းလှည့်မှုကို တရုတ်လေတပ်က တိုးမြှင့်ခဲ့သည်။တရုတ်အစိုးရနှင့် စစ်တပ်က ကန့်ကွက်ပြီးနောက် ကိုးကန့်ဒေသတွင် လက်ရှိတွင် မြန်မာစစ်လေယာဉ်များ ပျံသန်းမှုမရှိကြောင်း ရေးသားထားသည်။တရုတ် The Global Times သတင်းစာ၏ ခေါင်းကြီးတွင် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်ရေးရရှိရန် တရုတ်နိုင်ငံအတွက် အကောင်းဆုံးနည်းလမ်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် တက်တက်ကြွကြွ တွန်းအားပေးရန်ဖြစ်ကြောင်း ရေးသားထားသည်။မတ် ၁၃ ရက် ညနေပိုင်း ကိုးကန့်ဒေသအတွင်း ကိုးကန့်သောင်းကျန်းသူများနှင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်၊ မုန်တိမ်မြို့၊ တာ့ရွှေရှန်းတု ကျေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အချင်းချင်းနှင့် တပ်မတော်များအချင်းချင်း ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ့တပ်မတော်သည် အထက်ပါကိစ္စနှင့် ပတ်သက်၍ ပဏာမစုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး တစ်ဖက်နယ်နိမိတ်ကို ကျော်လွန်ခြင်း မရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုများကို မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်း၌သာ အထူးအလေးထား ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် တိုက်ခိုက်မှုများကြောင့် နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသော တရုတ်နိုင်ငံတွင်းမှ ပြည်သူအချို့ သေဆုံးထိခိုက် ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း မြန်မာအစိုးရက မတ် ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent