ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း၏ ရေလမ်းပိုင်းလုပ်ငန်းများ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီး ၂၀၁၅ ခုနှစ် ဇွန်တွင် ရေလမ်းပိုင်းစီမံကိန်းများ ပြီးစီးမည်

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း၏ ရေလမ်းပိုင်းလုပ်ငန်းများ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီး ၂၀၁၅ ခုနှစ် ဇွန်တွင် ရေလမ်းပိုင်းစီမံကိန်းများ ပြီးစီးမည်
Published 18 March 2015
ရွှန်းလဲ့ဝင်း

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်း၏ ရေလမ်းပိုင်း လုပ်ငန်းများ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် ဇွန်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း ကုလားတန်မြစ်ကြောင်း စီမံကိန်းလုပ်ငန်း အထောက်အကူပြု ကော်မတီမှ သတင်းရရှိပါသည်။“ရေလမ်းပိုင်း လုပ်ငန်းတွေကတော့ ၂၀၁၅ ဇွန်လကုန်မှ ပြီးစီးမှာ ဖြစ်ပါတယ်။ စီမံကိန်းတစ်ခုလုံး ပြီးစီးမယ့် ကာလကို ၂၀၁၆ လို့ ရည်မှန်းထားပေမယ့် အဲ့ဒီ့ထက် ပိုနောက်ကျနိုင်ပါမယ်” ဟု ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အဆင့်မြင့်အရာရှိ တစ်ဦးက ဆိုပါသည်။ ယခင်က ရေလမ်းပိုင်းလုပ်ငန်းများအား ၂၀၁၅ ခုနှစ်၊ မတ်လကုန်တွင် ပြီးစီးရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကြန့်ကြာရသည့် အကြောင်းရင်းမှာ စီမံကိန်းလုပ်ငန်းအတွက် လိုအပ်သည့် စက်ပစ္စည်းများအား သွင်းကုန်လိုင်စင် လျှောက်ထားစဉ်နှင့် ပစ္စည်းတင်သွင်းချိန်တွင် စက်ပစ္စည်းအမျိုးအစား ကွာခြားမှုကြောင့် ပစ္စည်းထုတ်ယူချိန်တွင် ကြန့်ကြာရခြင်းဖြစ်ကြောင်း သိရသည်။“အဓိက ကြန့်ကြာရတာကတော့ ဒီစီမံကိန်း တစ်ခုလုံးအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ အားလုံး တင်သွင်းဖို့အတွက် အကောက်ခွန်ကင်းလွတ်ခွင့် ပေးရမယ်ဆိုတာ စာချုပ်ထဲမှာ ထည့်ချုပ်ထားပါတယ်။ ဒါပေမယ့် အိန္ဒိယဘက်က စက်ပစ္စည်းတွေ တင်သွင်းရာမှာ သွင်းကုန်လိုင်စင် လျှောက်တုန်းက ဥပမာ- အိန္ဒိယနိုင်ငံထုတ် အမျိုးအစားက ဘာဆိုပြီး ပြထားပေမယ့် တစ်ကယ်တင်သွင်းလာတော့ တရုတ်နိုင်ငံက အခြားအမျိုးအစားတစ်မျိုး ဖြစ်နေတယ်။ အဲတော့ တစ်ခါ အခွန်ကင်းလွတ်ခွင့် ပြန်တင်ရတယ်။ အဲ့ဒါမျိုးတွေကြောင့် စီမံကိန်းပြီးဖို့ ကြန့်ကြာနေရတာပေါ့” မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းတွင် ပလက်ဝမြို့မှ စက်ပြစ်ပြင်အထိ ရေလမ်းဖောက်လုပ်မည့် နေရာမှ ကားလမ်းဖောက်ရန် ပြောင်းလဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။လက်ရှိတွင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းတွင် ပါဝင်သည့် မြစ်တွင်းသွား ရေယာဉ်ခြောက်စင်းအား တည်ဆောက်နေပြီး၊ ရေယာဉ်များ တည်ဆောက်မှုမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သည်။ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်း လုပ်ငန်းတွင် ပါဝင်မည့် အဓိကအချက်များတွင် တန်ချိန် ၃၀၀ မြစ်တွင်းသွားရေယာဉ် ခြောက်စင်းအား အိန္ဒိယနိုင်ငံမှ တည်ဆောက်ပေးအပ်ရမည် ဖြစ်သည်။ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်းတွင် စစ်တွေမှ အိန္ဒိယနယ်စပ်အထိ ကားလမ်း ၁၂၂ ကီလိုမီတာ၊ ရေလမ်း ၁၅၈ ကီလိုမီတာ ပါဝင်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ ပြီးဆုံးမည်ဟု မူလက သတင်းထုတ်ပြန်ထားသည်။အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများ ပြီးဆုံးပါက အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြီးပိုင် လွဲှအပ်ပေးသွားမည်ဖြစ်ကာ မြန်မာနိုင်ငံမှ ထိန်းသိမ်းအုပ်ချုပ်မှုပိုင်းကိုသာလျှင် တာဝန်ယူရမည်ဟု သိရသည်။ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ရင်းနှီးငွေအနေဖြင့် စစ်တွေဆိပ်ကမ်းနှင့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၇၄ သန်းခန့်၊ ပလက်ဝမှ မြန်မာအိန္ဒိယ နယ်စပ်အထိ အဝေးပြေးလမ်းဖောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၁၄၀ သန်းခန့် စုစုပေါင်းဒေါ်လာ ၂၁၄ သန်းခန့် ကုန်ကျခံ တည်ဆောက်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent