တရုတ်နိုင်ငံအတွင်း ဗုံးဆန်ကျရောက်ကာ လူသေဆုံးထိခိုက်မှုအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက ဝမ်းနည်းကြောင်း အပါအဝင် ကြေညာချက်တစ်ရပ် ထုတ်ပြန်

တရုတ်နိုင်ငံအတွင်း ဗုံးဆန်ကျရောက်ကာ လူသေဆုံးထိခိုက်မှုအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက ဝမ်းနည်းကြောင်း အပါအဝင် ကြေညာချက်တစ်ရပ် ထုတ်ပြန်
Published 16 March 2015
ရှိုင်းလင်းအောင်

တရုတ်နိုင်ငံအတွင်း ဗုံးဆံကျရောက်ပြီး တရုတ်နိုင်ငံသားငါးဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက ဝမ်းနည်းကြောင်း အပါအဝင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်မှ သိရသည်။ပြီးခဲ့သည့် မတ် ၁၃ ရက်တွင် မြန်မာနိုင်ငံနယ်စပ် ကိုးကန့်ခရိုင် ကိုးကန့်ဒေသအတွင်း ကိုးကန့်လက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ကန်မြို့အနီး ကြံခင်းထဲသို့ မြန်မာ့တိုက်လေယာဉ်မှ ဗုံးဆန်တစ်ခု ကျရောက်ပေါက်ကွဲမှုကြောင့် နယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားငါးဦး သေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်မှ သိရသည်။ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အချင်းချင်းနှင့် တပ်မတော်အချင်းချင်း ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် အထက်ပါကိစ္စနှင့် ပတ်သက်ပြီး ပဏာမစုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား ရှေးရှုပြီး ပစ်ခတ်တိုက်ခတ်မှုများကို မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း၌သာ ပြုလုပ်ပါကြောင်း၊ သို့ရာတွင် ပစ်ခတ်မှုများကြောင့် နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိနေသည့်အတွက် တရုတ်ဘက်မှ ပြည်သူအချို့ သေဆုံးထိခိုက်မှုအား စိတ်မကောင်းဖြစ်ရပါကြောင်း၊ ဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် တပ်မတော်နှင့် တရုတ်နိုင်ငံ ဒေသအာဏာပိုင်အဖွဲ့နှင့် တာဝန်ရှိသူများ အနေဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးလျက်ရှိကြောင်း၊ ယင်းဖြစ်စဉ်တွင် မြန်မာ-တရုတ်နယ်စပ် တည်ငြိမ်မှုကို ပျက်ပြားစေလိုသော ကိုးကန့်လက်နက်ကိုင်များ ပါဝင်ခြင်း ရှိ၊ မရှိ ဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဌာန အချင်းချင်း သံတမန်လမ်းကြောင်းအား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ နှစ်နိုင်ငံတပ်မတော်များ အချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေး မူကြီးငါးချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ မတ် ၁၅ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်များအရ သိရသည်။ထိုသို့ မြန်မာ့တိုက်လေယာဉ်မှ ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသား သေဆုံးခဲ့ကာ မတ် ၁၃ ရက် ညနေပိုင်းတွင် မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်တွင် တရုတ်တိုက်လေယာဉ်များကို ကင်းလှည့်စေလွှတ်ထားကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent