အမျိုးသားပညာရေးဥပဒေကို လွှတ်တော်မှ အတည်ပြုပြီး ရက်ပေါင်း ၆ဝ အတွင်း အစိုးရထံမှ တစ်ခုခုတုံ့ပြန်မှုကို တိုက်ရိုက်သက်ဆိုင်တဲ့ ကျောင်းသား၊ သွယ်ဝိုက်သက်ဆိုင်တဲ့ ပြည်သူနဲ့ အနာဂတ်နိုင်ငံတော် ကောင်းစားစေလိုသူတို့က မျှောင်လင့်တကြီး စောင့်စားခဲ့ကြတယ်။
ဒါပေမဲ့ ကျောင်းသားတွေ မျှော်လင့်သလို၊ ပြည်သူတွေမျှော်လင့်သလို အစိုးရပိုင်းက ဘာမှမတုံ့ပြန် တုဏှိဘာဝေ မသိချင်ယောင် ဆောင်နေခဲ့တယ်။ ဒီလိုနဲ့ပြ ဿနာကို ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့ ကျောင်းသားတွေဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ ပင်မသပိတ်စစ်ကြောင်းကို မန္တလေးမှ စတင်ခဲ့တယ်။ စင်စစ် ပင်မသပိတ်စစ်ကြောင်းဆိုတာ ပေါ်လာစရာအကြောင်း မရှိဘူး။ ရက်ပေါင်း ၆ဝ အတွင်း အစိုးရဘက်ကပြင်ဆင်ပြီး တွေ့ဆုံခဲ့ရမှာ။ အကျိုးအကြောင်း တုံ့ပြန်ခဲ့ရမှာ။ ခုတော့ မသိကျိုးကျွန်ပြုထားတာက ခွေးဟောင်တိုင်း ထမကြည့်နိူင်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်နေတယ်။ ဒါဟာ ကျောင်းသားတွေကို ခံပြင်းစေတယ်။ စိတ်အနာပေါက်စေတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာပဲ ဆန္ဒပြခဲ့ကြတယ်။
ဒီလိုနဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ရန်ကုန်ကို ဦးတည်ချီတက်ခဲ့တယ်။ လက်ပံတန်းမြို့ကိုရောက်တယ်။
ဒီအချိန်ကျမှ လေးပွင့်ဆိုင်ဆွေးနွေးတယ်။ ဆွေးနွေးရာမှာလည်း ဟိုနေရာရွှေ့လိုက်၊ ဒီနေရာရွှေ့လိုက် ရက်တွေ ရွှေ့လိုက်၊ နောက်ဆုံး လွှတ်တော်ထဲရောက်တော့လည်း မလုပ်စဖူး ကြားနာပွဲတွေကို ရက်ရှည်စွဲလူစုံခေါ်ထည့် (၁၉၉၃ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပသလိုမျိုး) ပြဿ နာပေါင်းစုံဖြစ်အောင် လုပ်တယ်။ မတ် ၁၁ ရက်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)စာမေးပွဲ ကျင်းပတော့မယ်။ ဒါကြောင့် မတ် ၁ဝ ရက်မှာ ကျောင်းသားတွေက သပိတ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတယ်။
မတ်လ ၁ဝ ရက်၊ လက်ပံတန်း
မနက် နေထွက်ကတည်းက အပူရှိန်က ပါလာတယ်။ အကာအရံမဲ့နေရောင်က သပိတ်မှောက်ကျောင်းသားတွေဆီ အတားအဆီးမဲ့ ကျရောက်လာတယ်။ ပူပေမယ့် အပူခံနိုင်တယ်။ သဘောထားကြီးတဲ့ လူကြီးတွေရဲ့သဘောကို စောင့်နေရတဲ့အတွက် နေဒဏ်ကို အာရုံမရောက်ဘူး။ ပူပါစေဆယ်နေကဲ။
နောက်တော့ ဘယ်လိုကဘယ်လို ဖြစ်ကုန်မှန်းမသိဘူး။ ကျောင်းသားတွေစီးတဲ့ကားတွေကို ရဲတွေက ရိုက်နှက်ဖျက်ဆီးတယ်။
နောက်တော့ ကျောင်းသားတွေ၊ အရပ်သားတွေ၊ ဘုန်းတော်ကြီးတွေ၊ သတင်းမီဒီယာသမားတွေ၊ တွေ့သမျှအားလုံးကို ရိုက်တယ်။ ရိုက်ပုံက တာဝန်တစ်ခု၊ လူစုကွဲစေသော တာဝန်အနေနဲ့ ရိုက်တာမဟုတ်ဘူး။ မုန်းတီးစိတ်၊ ရန်လိုစိတ်၊ ဒေါသစိတ်တွေ အပြည့်နဲ့ ရိုက်တာ။ ဘာကြောင့် ဒီလိုရေးရသလဲ။ ရဲတို့ရဲ့ရိုက်အား၊ အရိုက်ခံရသူရဲ့လူ ကိုယ်ခန္ဓာကိုယ်ရွေးပြီး ရိုက်ချက်တို့ကို ကြည့်ရင် သိသာတယ်။
ဒီလိုဖြစ်မယ်လို့ အစဉ်အလာဖြေရှင်းနည်းများမှ သင်ခန်းစာရပြီးသား၊ သိပြီးသား။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့အစိုးရမှာ ပြုပြင်ပြောင်းလဲလာမလားဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည် ရေးရေးလေးတော့ ထားမိတယ်။ ငြိမ်းငြိမ်းချမ်းချမ်းလေးများ ဖြေရှင်းမလားလို့။ ဒါပေမဲ့ နေပူရှိန်အောက်မှာ မျှော်လင့်ချက်ရေးရေးကို တွေးတောငေးမောနေစဉ် ကျောကုန်းပေါ် ကျလာတဲ့ နံပါတ်တုတ်ရဲ့ရိုက်ချက်ကြောင့် နာကျင်မှုကအရှိန်က မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်တယ်။ ထပြေးတယ်။ ပြေးတဲ့ရှေ့မှာ ရဲသုံးယောက်ဝိုင်းထားတယ်။
အနီးဆုံးရဲက မျက်နှာကိုဖြတ်ရိုက်တယ်။ ရှောင်ပေမယ့် မလွတ်ဘူး။ နောက်တစ်ယောက်က ပုခုံးပေါ်ကို အပေါ်စီးမှ စီးမိုးပြီးရိုက်ချတယ်။ ကျောင်းသား လဲကျသွားတယ်။ ခြေသလုံးကို ရိုက်တယ်။ ဖိနပ်နဲ့ကျောကုန်းကို ကန်တယ်။ နာကြင်မှုတွေက တစ်ကိုယ်လုံးပဲ။ ထပြေးလို့ မရတော့ဘူး။ မျက်စိတွေပြာဝေနေပြီ။ ဘာကိုမှမမြင်ရဘူး။ ကျောင်းသားကို တရွတ်တိုက်ဆွဲသွားတယ်။
ဆွဲသွားတုန်း လက်ယားနေတဲ့ရဲက တုတ်နဲ့ တစ်ချက်တစ်ချက် ထပ်ရိုက် လိုက်သေးတယ်။ နောက်တော့ ကားတစ်စီးပေါ် ရောက်သွားတယ်။
ဘောပင်ကိုပိုင်ပေမယ့် ဘောပင်တစ်ချောင်းတောင် ကိုင်မလာတဲ့ လက်နက်မဲ့ ကျောင်းသား။ ကရာတေး၊ သိုင်း၊ လက်ဝှေ့ ဘာမှ တတ်မြောက်မထားတဲ့ ကျောင်းသား။ အုပ်စုဖွဲ့မိုက်ဖို့၊ ရမ်းကားဖို့ မကြိုးစားတဲ့ ကျောင်းသား။ တိုင်းပြည်ကောင်းဖို့ ကြိုးစားတဲ့ ကျောင်းသား။ ပညာရေးကောင်းဖို့ ကြိုးစားတဲ့ကျောင်းသား။ ဒါတွေလုပ်တာ အရိုက်ခံစရာလား။ ကျောင်းသားခမျာ ခေါင်းမှာ ချာချာလည်မူးနေတယ်။ မူးနေရင်း အတွေးတွေ၊ ခံစားချက်တွေ ဗလောင်ဆူလာတယ်။
ကျောင်းသားကို ဘယ်သူရိုက်သလဲ
ကျောင်းသားကို ဘယ်သူရိုက်သလဲလို့ တစ်ကိုယ်လုံး စစ်စစ်နာတဲ့ကြားက အသံမထွက်ဘဲ မေးနေမိတယ်။ နံပါတ်တုတ်လား။ နံပါတ်တုတ်က အသက်မရှိဘူး။ သူ့ဘာသာသူ ထရိုက်လို့ရမှာမဟုတ်ဘူး။ တစ်ယောက်ယောက်က ကိုင်ရိုက်မှ နံပါတ်တုတ်က ရိုက်နိုင်မှာ။ ဒါဆို နံပါတ်တုတ်ကို ကိုင်ဆောင်ထားသူတွေက ဘယ်သူတွေလဲ။ ရဲတွေ။ ရဲ ဆိုတာ ကျောင်းသားရဲ့ရန်သူ မဟုတ်ဘူး။ ကျောင်းသားကလည်း ရဲရဲ့ရန်သူ မဟုတ်ဘူး။ ရဲနဲ့ ဖက်ရန်ဖြစ်ရအောင်လည်း ကိုယ်ခန္ဓာက ထွားထွားကျိုင်းကျိုင်းမဟုတ်ဘူး။ နောက်ရဲဆိုတာ အထက်ကအမိန့်ပေးမှ ဥပဒေကိုအကောင်အထည် ဖော်ရတာ။ ဒါဆိုသူတို့ကို ဘယ်သူက အရိုက်ခိုင်းသလဲ။ ခိုင်းတဲ့အထက်လူကြီးက မညှာနဲ့ ပြင်းပြင်းထန်ထန်ရိုက်လို့များ ဖြည့်စွက်ညွှန်ကြားချက်တွေ ပေးထားသလား။ အဲဒီအထက်လူကြီးမှာလည်း ဒီလောက်လုပ်ပိုင်ခွင့် မရှိတန်ဘူး။ အဲဒီအထက်ရဲ့အထက်မှာ သူ့ထက်ကြီးတဲ့ အထက်လူကြီး ရှိဦးမှာ။ သူကလည်း။ တွေးသာတွေးရ ခေါင်းမူးလာပြီ။ သူ့ထက်ကြီးတဲ့ နောက်ထပ် အထက်လူကြီးရှိဦးမှာ။ ဆင့်ကဲဆင့်ကဲ အထက်လူကြီးတွေပြောသမျှ မှန်မှန်မှားမှား အကောင်အထည်ဖော်လာတာ။
ကြာခဲ့ပြီ။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်ကလည်း ကျောင်း သားသမဂ္ဂအဆောက်အအုံကို ဖြိုခွဲပြီး ကျောင်းသားတွေကိုသတ်တာ၊ ရိုက်တာ ဘယ်သူလဲ။ ရှစ်လေးလုံးအရေးတော်ပုံမှာ ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာလား။ ရဲကရိုက်တာလား။ ခေတ်အဆက်ဆက် ကျောင်းသားတွေကို စစ်တပ်က ရိုက်တာလား။ ရဲက ရိုက်တာလား။
စစ်တပ်တို့၊ ရဲတို့ဆိုတာ အမိန့်နာခံရတဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေသာ ဖြစ်တယ်။ သူတို့ကို ဘယ်သူက အမိန့်ပေးနေတာလဲ။ အမိန့်ပေးနေသူဟာ အထက်ကပဲ။ အဲဒီအထက်ရဲ့အထက်မှာ။ တစ်နည်းပြောရရင် ဥပဒေရဲ့အထက်မှာ ရှိနေတဲ့သူက အထက်လူကြီးပေါင်း များစွာရဲ့ထိပ်ဆုံးက အာဏာရှင်စနစ်ကို တောက်လျှောက်အသက်သွင်းလာတဲ့ အာဏာရှင်ဆိုတာ နည်းနည်းသဘောပေါက်လာတယ်။
အဲဒီအာဏာရှင် စနစ်ဆိုးကြီးက ကျောင်းသားကိုရိုက်မှာပဲ။ အလုပ်သမားကိုလည်း ရိုက်မှာပဲ။ လယ်သမားကိုလည်း ရိုက်မှာပဲ။ မီဒီယာသမားကိုလည်း ရိုက်မှာပဲ။ ဘယ်သူ့ကိုမဆို (အာဏာရှင်) သူ့ကို ဆန့်ကျင်တဲ့လူတိုင်းကို ရိုက်မှာပဲ။
အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်နေ သရွေ့၊ အာဏာရှင်စနစ်ဆိုး အာဏာရနေသရွေ့၊ ဥပဒေအထက်မှာ အာဏာရှင်ရှိနေသရွေ့ နံပါတ်တုတ်တွေဟာ သက်မဲ့ဘဝမှ သက်ရှိဘဝကို ရောက်ကုန်ပြီး အာဏာရှင်ရဲ့ လက်ကိုင်တုတ်တွေ ဖြစ်နေဦးမှာ အသေအချာ။ ဆိုတော့ အာဏာရှင်ဖြေရှင်းနည်းတွေဟာ အာဏာရှင်အကျင့်စရိုက်၊ အာဏာရှင်လုပ်နည်းလုပ်ဟန် ထိန်းမနိုင်သိမ်းမရ ဖော်ပြနေတာဖြစ်လို့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နေပါတယ်လို့ ဘယ်လိုပဲ အသံကောင်းဟစ်ဟစ် နောက်ဆုံး သရုပ်သကန်အမှန်ပေါ်လာတာပါပဲ။
ဒါကြောင့် အာဏာရှင်အမူအကျင့်တွေကို ရုပ်သိမ်းပြီး ကျောင်းသား၊ ပြည်သူတွေကို တုတ်နဲ့မရိုက်၊ သေနတ်နဲ့မပစ်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ တိုင်းပြည်ကို တည်ဆောက်ကြပါစို့လို့ တိုက်တွန်းအပ်ပါကြောင်း။