၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကုန်ရန် ရက်ပိုင်းအလိုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ငါးဘီလျံကျော်ရှိနေပြီး ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှုလိုငွေထက် ကျော်လွန်နေ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကုန်ရန် ရက်ပိုင်းအလိုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ငါးဘီလျံကျော်ရှိနေပြီး ယခင်ဘဏ္ဍာနှစ် ကုန်သွယ်မှုလိုငွေထက် ကျော်လွန်နေ
Published 12 March 2015
မင်းသီဟဇော်

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်ကုန်ရန် ရက်ပိုင်းအလိုတွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ငါးဘီလျံကျော်အထိရှိနေပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး၏ ကုန်သွယ်မှုလိုငွေထက် နှစ်ဆခန့် များပြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ မတ် ၆ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂၅၅၁၉ ဒသမ  ၅၉၁ သန်းရှိခဲ့ပြီး သွင်းကုန်အတွက် ဒေါ်လာ ၁၅၂၉၇ ဒသမ ၄၉၃ သန်း၊ ပို့ကုန်မှ ဒေါ်လာ ၁ဝ၂၂၂ ဒသမ ဝ၉၈ သန်းရရှိခဲ့ကြောင်း သိရ သည်။ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင် သွင်းမှု များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ မှာ ဒေါ်လာ ၅ဝ၇၅ ဒသမ ၃၉၅ သန်း ရှိနေကြောင်း သိရသည်။
ယခင်ဘဏ္ဍာနှစ် ၂ဝ၁၃-၂ဝ၁၄ တွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၂ ဒသမ ၆၅ ဘီလျံသာ ရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် ကုန်ဆုံးရန် ရက်ပိုင်းအလိုတွင် ကုန်သွယ်မှုလိုငွေမှာ ယခင်ဘဏ္ဍာနှစ်ထက် များပြားနေသည်။
လက်ရှိအစိုးရ တက်လာပြီး ဘဏ္ဍာနှစ် လေးနှစ်အတွင်း လက်ရှိဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေ အများဆုံးနှစ် ဖြစ်လာနိုင်ကြောင်း သိရသည်။
တရားမဝင် ကုန်သွယ်မှုများကို တားဆီးအရေးယူနေခြင်း၊ ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများကို ဖြေလျှော့ပေးနေခြင်းများကြောင့် လက်ရှိမြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာလ ကုန်သွယ်မှုထက် ပိုမိုရရှိနေကြောင်း သိရသည်။
“ကုန်သွယ်မှုလိုငွေ ဘာကြောင့် ပြရလဲဆိုတဲ့ စဉ်းစားစရာ အချက်တွေတော့ ရှိသေးတာပေါ့။ ကုန်သွယ်မှုလိုငွေပြတာ သက်သက်နဲ့တော့ ပြည်တွင်းထုတ်လုပ်သူတွေကို တိုက်ရိုက်မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ သွယ်ဝိုက်ပြီး ထိခိုက်နိုင်တာတွေတော့ ရှိတာပေါ့” ဟု စီးပွားရေးပညာရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။
ကုန်သွယ်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည်  ပြည်ပမှ အကူအညီရယူကာ Trade related Project များကို ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါလုပ်ငန်း စီမံချက်များမှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအား ပေးအပ်သည့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီဖြစ်သည့် Enhanced Integrated Framework-EIF အစီအစဉ်၊ အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy-NES)၊ အမျိုးသားကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှု အစီအမံရေးဆွဲခြင်း (National Trade Facilitation Implementation Plan- NTFIP) စသည့်လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။               
 

Most Read

Most Recent