ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းမှာ ရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်လာနေပြီး ၂ဝ၁၅ ခုနှစ် မတ် ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး ၁ဝ၇ဝ ကျပ်သို့ ရောက်ရှိသွားကြောင်း သိရသည်။“မနေ့က မတ် ၁ဝ ရက်မှာ ဒေါ်လာဈေးက ၁ဝ၅၄ ကျပ်လောက်ကနေပြီးတော့ ညနေပိုင်းမှာ ၁ဝ၆ဝ လောက်နဲ့ ပိတ်သွားတယ်။ ဒါပေမဲ့ ဒီနေ့ ၁၁ ရက်မှာတော့ အရွက်ဈေးက ၁ဝ၇ဝ ကျပ်လောက်ဖြစ်ပြီးတော့ Earning ဈေးက ၁ဝ၇၃ ကျပ်လောက် ဖြစ်သွားပြီ” ဟု ဒေါ်လာအရောင်းအဝယ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။မတ်လဆန်းပိုင်းတွင် အပြင်ဈေးကွက်၌ ဒေါ်လာဈေး တဖြည်းဖြည်းမြင့်တက်လာပြီး မတ် ၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁ဝ၃၉ ကျပ်ပေါက်ရာမှ ၁ဝ ရက်တွင် တစ်ဒေါ်လာလျှင် ၁ဝ၅၆ ကျပ်အထိ ရောက်သွားခဲ့ကြောင်းနှင့် Earning ဈေးမှာမူ ၁ဝ၅၈ နှင့် ၁ဝ၅၉ ကျပ်ကြားတွင် ရှိနေကြောင်း စုံစမ်းသိရှိရသည်။ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းတွင် ဒေါ်လာဈေး ၁ဝဝဝ ဝန်းကျင်မှ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်တွင်မူ တစ်ဒေါ်လာလျှင် ၁ဝ၇ဝ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း၊ ယင်းအချိန်တွင် ဗဟိုဘဏ်မှ ခေါ်ယူသတိပေးခဲ့ပြီး နောက်ပိုင်း ဒေါ်လာဈေး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာပြီး တစ်ဒေါ်လာလျှင် ၁ဝ၃၅ ကျပ်နှင့် ၁ဝ၄ဝ ကျပ် ဝန်းကျင်ကြားတွင်သာ လည်ပတ်နေခဲ့ကြောင်း သိရသည်။သို့သော် မတ် ၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁ဝ၃၉ ကျပ်မှ ၁ဝ၅ဝ ကျပ်ကြားသို့ မြင့်တက်လာခဲ့ကြောင်းနှင့် မတ် ၁ဝ ရက်တွင် အပြင်ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁ဝ၅၂ ကျပ်နှင့် ၁ဝ၅၄ ကျပ်ကြား၊ တချို့ဒိုင်များတွင် တစ်ဒေါ်လာလျှင် ၁ဝ၅၆ ကျပ်အထိ ခေါ်ထားကြောင်း သိရသည်။“မတ် ၁ဝ ရက်က တစ်ဒေါ်လာကို ၁ဝ၅၂ နဲ့ ၁ဝ၅၄ ကြားရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ လှမ်းဖုန်းဆက်ရင်တော့ တချို့ဒိုင်တွေက ၁ဝ၅၆ ကျပ်အထိ ခေါ်ထားပါတယ်။ ဒါက အပြင်ဈေးကွက်မှာ ဖြစ်တာပါ။ Money Changer တွေမှာတော့ ဝယ်ဈေး ၁ဝ၃၄ ကျပ်နဲ့ ရောင်းဈေး ၁ဝ၃၅ ကျပ်လောက်ပဲ ရေးထားတယ်။ တကယ်တမ်းကျတော့ မတ် ၉ ရက်မှာပဲ တချို့ Changer တွေက ၁ဝ၄၅ ကျပ်လောက်နဲ့ ဖြတ်ပေးတာ တွေ့ရတယ်။ ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးကတော့ မတ် ၁ဝ ရက်အထိ ၁ဝ၂၇ ကျပ်ပဲ ရှိပါတယ်” ဟု ဒေါ်လာဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေသူ တစ်ဦးက ပြောကြားသည်။မတ် ၁၁ ရက် Money Changer ဈေးကွက်တွင် အမှန်တကယ်ပြထားသည့်ဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁ဝ၃၄ ကျပ်၊ ရောင်းဈေး ၁ဝ၃၅ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာလျှင် ဝယ်ဈေး ၇၃၆ ကျပ်နှင့် ရောင်းဈေး ၇၄၈ ကျပ်၊ European ငွေဈေးမှာ ဝယ်ဈေး ၁၁ဝ၃ နှင့် ရောင်းဈေး ၁၁၂၁ ဖြစ်ကြောင်း သိရသည်။“အခုရက်ပိုင်း ဒေါ်လာဈေးတွေ တက်လာတာတွေ့ရတယ်။ နှစ်စဉ်နှစ်တိုင်းလည်း သင်္ကြန်နားနီးရင်တော့ တက်လေ့ရှိတယ်။ ဒါပေမဲ့ အခုတက်တာက နည်းနည်းကြမ်းလာတယ်။ အထူးသဖြင့် အပြင်ဈေးကွက်မှာ ဖြစ်နေတာပါ။ ပြည်ပပို့ကုန်ကရငွေ (Earning) ဈေးကတော့ မတ် ၁ဝ ရက်မှာ ၁ဝ၅၈ ကျပ်လောက်အထိခေါ်ထားတာ တွေ့ရပါတယ်” ဟု ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။၂ဝ၁၁ ခုနှစ်ကုန်ပိုင်းနှင့် ၂ဝ၁၂ နှစ်ဦးပိုင်းတွင် တစ်ဒေါ်လာလျှင် ငွေလဲနှုန်း ၈၂၄ ကျပ်ရှိခဲ့ရာမှာ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာတွင် ၈၄၅ ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာတွင်မူ တစ်ဒေါ်လာလျှင် ၉၇၆ ကျပ်ဈေး ရှိခဲ့ကြောင်း၊ အလားတူ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင်မူ တစ်ဒေါ်လာလျှင် ၁ဝ၇ဝ ကျပ်အထိ ရောက်ခဲ့ကြောင်းနှင့် ပြည်ပပို့ကုန်မှရငွေ ၁ဝ၇၅ ကျပ်အထိရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ငွေလဲနှုန်းအား သတ်မှတ်ရာတွင် ဗဟိုဘဏ်မှ နေ့စဉ်ဈေးနှုန်းများအား သတ်မှတ်ပေးနေကြခြင်းဖြစ်ပြီး တရားဝင် ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ်ရည်ညွှန်းဈေး၏ + ဝ.၈ ရာခိုင်နှုန်းနှင့် - ဝ.၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း၊ Authorized Dealer လိုင်စင်ရဘဏ်များအတွက် InterBank market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ်ရည်ညွှန်းဈေး၏ +ဝ.၃ ရာခိုင်နှုန်းနှင့် -ဝ.၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။လက်ရှိအချိန်တွင် ဗဟိုဘဏ် ရည်ညွှန်းဈေးသည် ၁ဝ၂၇ ကျပ်ဖြစ်နေသည့်အတွက် Money Changer များနှင့် Authorized Dealer လိုင်စင်ရဘဏ်များတွင် ၁ဝ၃၅ ကျပ်ဝန်းကျင်သာ ရှိသော်လည်း အပြင်ဈေးကွက်တွင်မူ ၁ဝ၅၂ ကျပ်နှင့် ၁ဝ၅၆ ကျပ်ကြားဝန်းကျင် ရှိနေကြောင်း သိရသည်။ကာလအတော်ကြာ ကျဆင်းနေသော ဒေါ်လာဈေးသည် ပြီးခဲ့သည့်နှစ် ဧပြီလမှစ၍ တဖြည်းဖြည်း တက်ရိပ်ပြလာပြီးနောက် ကုန်သွယ်မှုလိုငွေ ဆက်တိုက်ပြနေသည့် အခြေအနေများနှင့် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာပြန်၍ မာလာသောကြောင့် အတက်ဘက်သို့သာ ဦးတည်နေကြောင်း သိရသည်။
ဒေါ်လာဈေး ဆက်တိုက်မြင့်တက်နေပြီး မတ် ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး ၁၀၇၀ ကျပ်သို့ ရောက်ရှိ