အာဏာရှင်တွေ ရှိနေသေးသရွေ့ ကျွန်တော်ဟာ ကျောင်းသားပါပဲ . . .

အာဏာရှင်တွေ ရှိနေသေးသရွေ့ ကျွန်တော်ဟာ ကျောင်းသားပါပဲ . . .
Published 11 March 2015
သန်းထွဋ်အောင်

(၁)ကျွန်တော်အသက် ၅၂ နှစ်ရှိနေပါပြီ။ ကျွန်တော်မမွေးခင်ကတည်းက အာဏာသိမ်းပြီး စစ်အာဏာရှင်အုပ်ချုပ်ခဲ့တဲ့ နိုင်ငံဟာ အခုထက်ထိ အာဏာရှင်တစ်ပိုင်း နိုင်ငံအဖြစ် ရှိနေတုန်းပါပဲ။ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းမပြည့်တဲ့ လက်တစ်ဆုပ်စာ လူတစ်စုနဲ့ အခွင့်အရေးရနေတဲ့ ရေပေါ်ဆီအလွှာတွေကလွဲလို့ ကျန်တဲ့သူတွေအဖို့ တိုင်းပြည်ဘာကြောင့် အောက်တန်းနောက်တန်း ကျနေရသလဲ၊ ပြည်သူတွေရဲ့ဘဝ ဘာလို့ ဆုတ်ပြတ်မွဲတေပြီး ဖိနှိပ်ခံနေရသလဲ၊ ကျွန်စုပ်တဲ့ သရက်စေ့လောက်တောင် မပြောင်ရောင်တဲ့ ဘဝတွေ၊ အာရှတိုက်မှာ အနိမ့်ကျဆုံးနဲ့ ဒုတိယမြောက် အဆင်းရဲဆုံးနိုင်ငံ။ တိုင်းပြည်ချစ်တဲ့လူတိုင်း ကိုယ်ချင်းစာစိတ်နဲ့ လူသားနှလုံးသားရှိသူတိုင်း သိကြပါတယ်။အာဏာရှင်စနစ်ရဲ့ နှစ်ပေါင်း ၅၃ နှစ်အတွင်း ဒီအကြောင်းကို အသိဆုံးက ခေတ်အဆက်ဆက်က တက်ကြွတဲ့ ပညာတတ် ကျောင်းသားလူငယ်တွေပါပဲ။ စစ်အာဏာရှင်တွေ အကြောက်ဆုံးက ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေ နိုင်ငံရေးနိုးကြားလာမှာကို အာဏာရှင်နဲ့ သူ့အသိုင်းအဝိုင်းက အရမ်းကြောက်ပါတယ်။ ခေတ်အဆက်ဆက်က ပေးဆပ်ခဲ့တဲ့ ကျောင်းသားတွေရဲ့ ဝိဉာဉ်တွေဟာ သူတို့ကို အမြဲတမ်း ခြောက်လှန့်နေဆဲ ဖြစ်ပါတယ်။ အခု ကျောင်းသားသပိတ်ကို အင်အားသုံး ဖြိုခွဲခဲ့တာ၊ ဝါဒဖြန့်ချိရေး ယန္တရားကို အလွန်အကျွံ အသုံးပြုခဲ့ရတာဟာ သူတို့ရဲ့ အတိတ်တစ္ဆေတွေ ခြောက်လှန့်ခံရလို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းကတော့ ခုထက်ထိ ကျောင်းသားတွေကို သူတို့ရဲ့ အာဏာစည်းစိမ်ကို ထိပါးမယ့် အဓိကရန်သူလို့ တွေးထင်ဆဲဖြစ်ပါတယ်။ 
(၂)၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂကို ဗိုလ်ချုပ်ကြီးနေဝင်း စစ်အစိုးရက ဗုံးခွဲဖျက်ဆီးပြီးတဲ့နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက နှစ်ပေါင်းရာချီ တည်တံ့နိုင်မယ့် စကားကို ပြောခဲ့ပါတယ်။ “သမဂ္ဂကို ဖျက်ဆီးလို့ ရပေမယ့် အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ မဖျက်ဆီးနိုင်ပါဘူး”။ မှန်ပါတယ်။ စစ်အာဏာရှင်တွေဟာ ခေတ်အဆက်ဆက် ကျောင်းသားတွေကို ပစ်သတ်တယ်။ ထောင်ထဲပို့တယ်။ ဘဝတွေ ဖျက်ဆီးပစ်တယ်။ နိမ့်ကျတဲ့ ပညာရေးနဲ့ ကျောင်းသားတွေရဲ့ အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားကို သတ်ပစ်တယ်။ ဒါပေမယ့် အမှန်တရားကို မြတ်နိုးတတ်တဲ့၊ ကိုယ့်တိုင်းပြည်နဲ့ လူမျိုး တိုးတက်ချင်တဲ့၊ ရိုးသားပြီး ရဲရင့်တဲ့ ကျောင်းသားတွေရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်တွေကို ချိုးနှိမ်လို့ မရခဲ့ပါဘူး။၁၉၆၂ ဇူလိုင် ကျောင်းသားအရေးအခင်းမှာ ပါဝင်တဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားတွေ အတော်များများ မရှိတော့ပါဘူး။ ရှိလည်း ၇ဝ-၈ဝ ရှိနေပါပြီ။ ၁၉၇၄ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းက လူတွေက ၆ဝ-၆၅၊ ၁၉၈၈ အရေးအခင်းက ကျောင်းသားတွေက ၄၅-၅ဝ ဝန်းကျင်တွေ ဖြစ်နေပါပြီ။ ဒါပေမယ့် ကျောင်းသားတွေရဲ့ သမဂ္ဂစိတ်ဓာတ် ရှင်သန်ဆဲဖြစ်ပါတယ်။ 
(၃)အမှန်ပြောရရင်တော့ အမျိုးသားပညာရေး ဥပဒေကို ကျွန်တော်ကြေကြေညက်ညက် မသိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပညာရေးဟာ သိသိသာသာ ပြုပြင်ပြောင်းလဲဖို့ ဆိုတာပဲ သိပါတယ်။ ၁၉၈၈ အရေးအခင်း ပြီးတဲ့နောက်မှာ စစ်အာဏာရှင်တွေဟာ ကျောင်းသားတွေကို ထောင်ချ၊ ကျောင်းတွေကို ပိတ်ပစ်၊ ပညာအရည်အသွေးတွေကို လျှော့ချ၊ ပညာရေး အသုံးစရိတ်ကို ဖြတ်တောက်ခဲ့ပါတယ်။ကျောင်းသားတွေရဲ့ တွေးခေါ်စဉ်းစားနိုင်စွမ်းကို ချိုးနှိမ်ပြီး ကျောင်းတွေအားလုံးကို တင်းကြပ်တဲ့ လုံခြုံရေးအောက်မှာ ကျောင်းစာသင်ခန်းတွေကို ထောင်သာသာ ပြောင်းလဲပစ်ခဲ့ပါတယ်။ ခြောက်လ တစ်တန်း၊ သုံးတန်း ဘွဲ့တစ်ခုရတဲ့နှစ်တွေတောင် ရှိခဲ့ပါတယ်။ အဆောင်တွေကနေ ကျောင်းသားတွေ မောင်းထုတ်၊ တက္ကသိုလ်တွေ မြို့ပြင်ထုတ်၊ အရည်အချင်းထက် အရေအတွက်ကို ဦးစားပေးခဲ့တဲ့ ပညာရေးစနစ်ကို ရိုက်သွင်းခဲ့ပါတယ်။ ကျောင်းသားကျောင်းသူတွေသာမက ဆရာဆရာမပိုင်းမှာလည်း မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူ ပါရဂူဆိုတဲ့ ဆိုရိုးစကားဖြစ်အောင် အရည်အသွေးပိုင်းမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။နှစ်ပေါင်း ၂ဝ ကျော်အတွင်း ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးစောမောင်၊ ဦးသန်းရွှေ၊ ကျန်းမာရေးပညာရေး ကော်မတီဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးခင်ညွန့်၊ ဦးသိန်းစိန်၊ ဦးတင်အောင်မြင့်ဦးတို့ ပညာရေးစနစ်နဲ့ ကျောင်းသားတွေအပေါ် ဘယ်လိုစေတနာမျိုး ထားခဲ့သလဲ ပိုသိမှာပါ။ နှစ်ပေါင်း ၂ဝ လုံးလုံး တိုင်းပြည်ဂျီဒီပီရဲ့ တစ်ရာခိုင်နှုန်းအောက် သုံးစွဲခဲ့တဲ့ အကျိုးဆက်၊ ဒီနိုင်ငံရဲ့ ပညာရေးစနစ်ရဲ့ ထုတ်ကုန်တွေ ဘယ်လိုဖြစ်ခဲ့ရသလဲဆိုတာ သူတို့နားလည်မှာပဲ ဖြစ်ပါတယ်။
အာဏာရှင်စနစ် ရှိနေရင်၊ အာဏာရှင်တွေ ရှိနေရင် အသက် ၅၂ နှစ်ရှိတဲ့ ကျွန်တော်လည်း ကျောင်းသားဖြစ်နေဦးမှာပဲ။ ကျောင်းသားမဖြစ်ဖူးတဲ့သူ မရှိဘူး။ ကျောင်းသားမရှိတဲ့ မိသားစု မရှိဘူး။ အာဏာရှင်စနစ် မချုပ်ငြိမ်းသေးတဲ့ နိုင်ငံတွေမှာ နိုင်ငံကို တိုးတက်စေချင်သူတွေ၊ နိုင်ငံကို ချစ်တဲ့သူတွေ အားလုံးဟာ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကျောင်းသားတွေ ဖြစ်ပါတယ် . . . . .

ကျောင်းသားတွေ နိုင်ငံရေးနဲ့ ကင်းကင်းရှိရေး ရည်မှန်းချက်တော့ အောင်မြင်ပါတယ်။ သမိုင်းအစဉ်အလာကြီးမားတဲ့ ကျောင်းသားတွေ နိုင်ငံရေးကနေ အနှစ် ၂ဝ နီးပါး ကွယ်ပျောက်သွားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ဘုံကျွန်တေ (ရွှေ့ပြောင်းအလုပ်သမားတွေ၊ တစ်သက်လုံး မြန်မာပညာတတ်ဘွဲ့ရ အမျိုးသမီးတွေ မလုပ်ဘူးတဲ့ အိမ်ဖော်အလုပ်တွေ) ကျွန်သာသာဘဝတွေ ပိုင်ဆိုင်တဲ့အဖြစ်ကို ရောက်ခဲ့ရပါတယ်။၂ဝ၁၃-၂ဝ၁၄ စာရင်းအရ အခြေခံပညာအဆင့် ကျောင်းသား ၈ ဒသမ ၆ သန်း၊ အဆင့်မြင့်ပညာကျောင်းသား တစ်သန်း၊ စုစုပေါင်းကျောင်းသား ၁ဝ သန်းရှိတဲ့ နိုင်ငံမှာ ပညာရေးအသုံးစရိတ်က သန်းပေါင်း ၈၉၂၈၇၃ (၈၉ဝ ဘီလျံ) ပဲ ရှိပါတယ်။ ၂ဝ၁၁-၂ဝ၁၂ တုန်းကဆိုရင် သုံးပုံတစ်ပုံသာ ရှိခဲ့ပါတယ်။ ဆိုလိုတာက ကျောင်းသားတစ်ယောက်ကို ငွေသုံးသောင်းကနေ ကိုးသောင်းအထိပဲ သုံးခဲ့တယ်။ တစ်ယောက်ကို ဒေါ်လာတစ်ရာအောက်ပဲ သုံးခဲ့တယ်လို့ ဆိုတာပါ။ ဒီနေရာမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ အသုံးစရိတ်နဲ့ နှိုင်းယှဉ်လို့ ရနိုင်ပါတယ်။ဒီလို အစိုးရကျောင်းတွေမှာ ကျောင်းသားတွေအတွက် ဒေါ်လာတစ်ရာအောက် သုံးနေတဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးရဲ့ သားသမီးမြေးတွေ၊ ခရိုနီတွေ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးငယ်တွေ၊ အခွင့်ထူးခံ လူတန်းစားတွေရဲ့ သားသမီးတွေ အများစုနေတဲ့ နိုင်ငံတကာ ပုဂ္ဂလိကကျောင်းတွေမှာ ကျောင်းသားတစ်ယောက်ရဲ့ ကျောင်းလခဟာ တစ်နှစ်ဒေါ်လာ ၅ဝဝဝ ကနေ ၁၅ဝဝဝ အတွင်း ရှိသလို ဒီကျောင်းတွေသာမက အစိုးရကျောင်းတွေကနေ နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်မယ်ဆိုရင် ဒေါ်လာ ၂ဝဝဝဝ ကနေ ၁ဝဝဝဝဝ အထိ ကုန်ကျနိုင်ပါတယ်။ နိုင်ငံတကာ ပညာရပ်တွေကို သင်ကြားခွင့်ရတဲ့ ၅ဝဝဝဝ ထက်မပိုတဲ့ ကျောင်းသားတွေရဲ့ ပညာသင်စရိတ် ကုန်ကျငွေဟာ ဒေါ်လာ သန်း ၅ဝဝ ကနေ ၇ဝဝ လောက် ရှိနိုင်ပါတယ်။ ဆိုလိုတာက ဒီကုန်ကျငွေဟာ ကျောင်းသား ၁ဝ သန်းအတွက် သုံးစွဲတဲ့ ငွေကြေးနဲ့ တူနေတာကို ဖော်ပြတာပါပဲ။နိမ့်ကျတဲ့ ပြည်တွင်းပညာရေးကို ကိုယ့်သားသမီးတွေကို ပေးခဲ့သလား။ အာဏာရှင်အသိုင်းအဝိုင်းကို မေးခွန်းထုတ်ရပါမယ်။ ခင်ဗျားတို့ သားသမီးတွေ ဘယ်လိုပညာရေးမျိုး ရနေကြပါသလဲ။ ကျွန်တော့်သားတွေ အကောင်းဆုံး နိုင်ငံတကာကျောင်းမှာ နေမယ်။ အမေရိကန်က အကောင်းဆုံး တက္ကသိုလ်မှာ တတ်တော့မယ်။ ဒါပေမယ့် ကျွန်တော် နှစ် ၃ဝ ကျော်က တတ်ဖူးတဲ့ အထက်တန်းကျောင်းလေးကတော့ အရင်ကလိုပဲ ခပ်စုတ်စုတ်ဖြစ်နေရင် ကျွန်တော့်အဖို့ လိပ်ပြာလုံစရာ မရှိပါဘူး။ 
(၄)ပညာရေးဆိုင်ရာ ခြစားမှုတွေကို တားဆီးနိုင်မယ်၊ ပညာရေးလွတ်လပ်ခွင့် (Academic Freedom) ကို အာမခံမယ်၊ သမိုင်းအစဉ်အလာ ကြီးမားတဲ့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ပေးတဲ့ ပညာရေးဥပဒေ လိုအပ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ လွှတ်တော်မှာ ညှိနှိုင်းရပါမယ်။အခုဖြစ်ပေါ်နေတဲ့ ကျောင်းသားသပိတ် ဒီလောက်အထိ အခြေအနေဆိုးရတာဟာ အစိုးရထဲမှာရှိတဲ့ အာဏာရှင်စိတ်ဓာတ် မပျက်ပြယ်သေးတဲ့ သမ္မတအနီးအနားက လူတစ်စုကြောင့် ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျောင်းသားတွေ နိုင်ငံရေးအစဉ်အလာ နိုးကြားမှုကို ကြောက်ရွံ့ပြီး ဝါဒဖြန့်ချိရေးယန္တရား မှိုင်းတိုက်နေတဲ့ လူတစ်စုကို သမ္မတအနေနဲ့ အရေးယူရပါမယ်။ ကျောင်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရပါလိမ့်မယ်။ မှားယွင်းမှုအတွက် တာဝန်ယူရပါလိမ့်မယ်။ ဒါမှမဟုတ်ဘူး။ ဖိနှိပ်မှုတွေကို ဆက်လုပ်မယ်ဆိုရင်တော့ တိုင်းပြည်မှာ ကြေကွဲဝမ်းနည်းစရာတွေ ပေါ်လာပါလိမ့်မယ်။ 
(၅)အထွေထွေဖိနှိပ်မှုတွေကို ဆက်လုပ်မယ်။ မဖြေရှင်းဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း မပြင်ဘူး။ ရွေးကောက်ပွဲကိုလည်း ညစ်မယ်။ ရှုံးရင်လည်း အာဏာမလွှဲဘူး။ ဆူပူအုံကြွမှုဖြစ်ရင် အာဏာသိမ်းမယ်။ အာဏာရှင်တွေရဲ့ လမ်းဟောင်းကြီးကို လျှောက်ရင်တော့ အားလုံးရဲ့ အနာဂတ် မကောင်းနိုင်တော့ဘူး။ မလုပ်ပါနဲ့။အာဏာရှင်တွေကို သမိုင်းအစဉ်အလာအရ အံတုနိုင်သူတွေဟာ ကျောင်းသားတွေ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ရှိနေရင်၊ အာဏာရှင်တွေ ရှိနေရင် အသက် ၅၂ နှစ်ရှိတဲ့ ကျွန်တော်လည်း ကျောင်းသားဖြစ်နေဦးမှာပဲ။ ကျောင်းသားမဖြစ်ဖူးတဲ့သူ မရှိဘူး။ ကျောင်းသားမရှိတဲ့ မိသားစု မရှိဘူး။ အာဏာရှင်စနစ် မချုပ်ငြိမ်းသေးတဲ့ နိုင်ငံတွေမှာ နိုင်ငံကို တိုးတက်စေချင်သူတွေ၊ နိုင်ငံကို ချစ်တဲ့သူတွေ အားလုံးဟာ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကျောင်းသားတွေ ဖြစ်ပါတယ်။သမဂ္ဂအဆောက်အဦလည်း မရှိတော့ဘူး။ သမဂ္ဂအဆက်ဆက် တာဝန်ယူခဲ့သူတွေလည်း အားမရှိတော့ဘူး။ ဒါပေမယ့် သမဂ္ဂစိတ်ဓာတ်ကတော့ လက်ဆင့်ကမ်းနေဆဲ ဖြစ်ပါတယ်။