၂၀၁၂-၂၀၁၃ မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ်ဘီလျံ ၇၂၀၀ ကျော် ရှိနေ

၂၀၁၂-၂၀၁၃ မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း ဘတ်ဂျက်လိုငွေ စုစုပေါင်း ကျပ်ဘီလျံ ၇၂၀၀ ကျော် ရှိနေ
Published 8 March 2015
အငယ်ထွေး၊နီလာ၊ ဆန်းထူးအောင်

အစိုးရသစ်လက်ထက်အတွင်း မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုကို လေ့လာပါက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း ဘတ်ဂျက်လိုငွေပြမှုသည် ကျပ်ဘီလျံ ၇၂ဝဝ ကျော် ရောက်ရှိနေကြောင်း မတ် ၆ ရက်တွင် UMFCCI ၌ ကျင်းပသော မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း အကြိုစကားဝိုင်းဆွေးနွေးပွဲမှ ရရှိသော အချက်အလက်များအရ သိရသည်။“မြန်မာနိုင်ငံမှာ နှစ်စဉ်လိုလို ဘတ်ဂျက်လိုငွေ ပြနေပါတယ်။ ဒီနှစ်လည်း လိုငွေပြတယ်။ နောက်နှစ်လည်း လိုငွေပြတယ်။ မဆန်းပါဘူး ဆိုပြီးတော့ လိုငွေကို ဆွဲမယ်ဆိုရင် မကောင်းဘူးလို့ မြင်ပါတယ်။ အစဉ်အလာအရ လိုငွေပြတယ်ဆိုတာကြီးက မကောင်းပါဘူး။ ဦးသိန်းစိန်အစိုးရ တက်လာတဲ့ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွေမှာ ဘတ်ဂျက်လိုငွေကို ပေါင်းလိုက်မယ်ဆိုရင် ကျပ်ငွေဘီလျံပေါင်း ၇၂ဝဝ ကျော်ရှိတယ်။ အဲဒီငွေတွေက လူတွေလက်ထဲ ရောက်သွားပြီးတော့ လည်ပတ်မှုနှုန်းထက် မြင့်နေမယ်ဆိုရင် ဆင်းရဲနွမ်းပါးတဲ့သူတွေနဲ့ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို တော်တော်ခံရမှာ ဖြစ်ပါတယ်” ဟု Human Development Institute မှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖေဝင်းက အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားသည်။ယင်းကဲ့သို့ ဘတ်ဂျက်လိုငွေ မြင့်မားနေရခြင်းမှာ ပထမအကြိမ် လျာထားသည့် ဘတ်ဂျက်များအပြင် ထပ်တိုးဘတ်ဂျက်များ တောင်းခံသည့်အတွက်ဖြစ်ကြောင်း၊ အစဉ်အလာအားဖြင့် ဘတ်ဂျက်အမျိုးအစား သုံးမျိုးရှိကြောင်း၊ ပထမတစ်မျိုးသည် Balance Budget ဖြစ်ပြီး ကျန်နှစ်မျိုးမှာ လိုငွေပြဘတ်ဂျက်နှင့် ပိုငွေပြဘတ်ဂျက်တို့ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် နှစ်စဉ် လိုငွေပြဘတ်ဂျက်များသာ ဖြစ်နေကြောင်း သိရသည်။“နောက်တစ်ချက်က လိုငွေဘတ်ဂျက်မှာ ဧပြီ ၁ ရက်စပြီး လုပ်တယ်။ အောက်တိုဘာ၊ နိုဝင်ဘာရောက်တော့ ထပ်မံပေးလိုငွေဆိုပြီး နိုင်ငံတော်က လက်မှတ်ထိုးပြီး ကြေညာရတယ်။ အဲဒီမှာ ရငွေကို ဘယ်လိုရှာမယ်ဆိုတာ မပါဘဲနဲ့ သုံးငွေဘယ်လိုသုံးမယ် ဆိုတာတွေပဲ ပါတယ်။ အဲဒါက ကျွန်တော်တို့နိုင်ငံမှာ အစဉ်အလာကို ဖြစ်နေတယ်။ ပြီးတော့ ပထမတင်ထားတဲ့ လိုငွေကလည်း တော်တော်များတယ်။ ဒါပေမဲ့လည်း နောက်ထက်ထပ်မံ ပေးသွင်းငွေမှာ သုံးမယ့်ပိုက်ဆံကို ကြိုစဉ်းစားရမယ့်ဟာတွေ မပါဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာ တရားဝင်ကြေညာထားတဲ့ ဘတ်ဂျက်လိုငွေသည် ကျပ် ၂၇၅၁ ဘီလျံ ရှိပါတယ်။ ဒါပေမဲ့ ထပ်ပြီးအပိုဆောင်းထားတဲ့ ကျပ်ဘီလျံ ၁ဝဝဝ နဲ့ ပတ်ဝန်းကျင်ရှိတယ်ဆိုတော့ ပထမကြေညာထားတာက ဘီလျံ ၂၇ဝဝ ကျော်၊ နောက်ထက်ထပ်ပြီးတော့ ဘီလျံ ၁ဝဝဝ လောက်ဆိုတော့ တော်တော်ကြီးများသွားတယ်။ အဲဒါ ဘာကြောင့်ဖြစ်လဲဆိုတာနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ ကြိုတင်စာရင်းလုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ထည့်စဉ်းစားသင့်တဲ့အချက် ဖြစ်ပါတယ်” ဟု ဦးဇော်ဖေဝင်းက ပြောကြားသည်။
အနိုင်ရပါတီဘက်ကတင်လာတဲ့ ငွေတွေကို အတိုက်အခံပါတီဘက်က ထောက်တာ ဖြစ်ပါတယ်။ ဒီကော်မတီကနေ ဦးဆောင်ပြီး အနိုင်ရပါတီကို ထောက်တာ။ ဒါကြောင့်မို့ ဒီစနစ်ကိုလည်း လာမယ့် ပြုပြင်ပြောင်းလဲရေး ကာလတွေ ၂ဝ၁၅  အလွန် အခင်းအကျင်းတွေမှာတော့ အတိုက်အခံပါတီဘက်က အနိုင်ရပါတီကို ထောက်နိုင်ဖို့အတွက် . . . . .

ဘတ်ဂျက်ကို ခွဲဝေအသုံးချရာတွင်မူ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအတွက် အသုံးချမှုသည် ၁၆ ဒသမ ၄၆ ရာခိုင်နှုန်း၊ ကျန်းမာရေးတွင် ၂ ဒသမ ၈၄ ရာခိုင်နှုန်းနှင့် ပညာရေးတွင် ၅ ဒသမ ၆၂၁ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။“ဘတ်ဂျက်ကို လေ့လာတဲ့အခါမှာ ကာကွယ်ရေးစရိတ် များနေတယ်။ များနေတာကိုလည်း အော်ကြတယ်။ အဲဒီတော့ ဒါလေးတွေက ပြန်စဉ်းစားသင့်တဲ့ အချက်လေးတွေပါ၊ နောက်ထပ်လိုငွေတွေ ပြလာမယ်ဆိုရင် ဒီလိုငွေတွေကို တမင်ရည်ရွယ်ချက်နဲ့ လိုငွေဘတ်ဂျက်ကို ဆွဲတာ။ ဒါမှမဟုတ်ရင် အစဉ်အလာအရ ပြီးခဲ့တဲ့နှစ်တွေက လိုငွေပြတာပဲ မဆန်းပါဘူးဆိုပြီး ဆွဲတာလားဆိုတာကို သေချာစဉ်းစားဖို့ လိုပါတယ်။ အစိုးရသစ် လက်ထက်မှာလည်း ဘတ်ဂျက်ကို အစဉ်အလာတိုင်းပဲ ဆွဲနေတုန်းပါပဲ။ အခုထိလည်း ပွင့်လင်းမြင်သာမှုက အားနည်းနေသေးတယ် ဆိုတာကို တွေ့ ရပါတယ်” ဟု ဦးဇော်ဖေဝင်းက ပြောကြားသည်။“Check and Balance နဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားက အစိုးရက အမြဲတမ်း ဗဟိုဘဏ်ကို သူ့ရဲ့လိုငွေအတွက် ဖြည့်စီးပေးနိုင်ရမယ်ဆိုတဲ့ မူဝါဒ ရှိတယ်။ လောလောဆယ်မှာ အဲဒီမူဝါဒအတိုင်း သွားနေတယ်။ ကျွန်တော်တို့နိုင်ငံမှာ Check and Balance ပျက်သွားတာ တော်တော်ကြာနေပါပြီ။ ဆိုရှယ်လစ်ခေတ်ကနေ ဒီနေ့အထိပါပဲ” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောကြားသည်။“ဒီနေရာမှာ လွှတ်တော်ရဲ့ အားနည်းချက်တချို့ကိုလည်း တင်ပြချင်ပါတယ်။ ဒီဘတ်ဂျက်ကို စိစစ်တဲ့နေရာမှာ ပြည်သူ့ငွေစာရင်း ကော်မတီကနေ စိစစ်ရပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံတွေမှာ အတိုက်အခံပါတီရဲ့ဘက်ကနေ ဒီကော်မတီရဲ့ ဥက္ကဌတာဝန် ယူရပါတယ်။ အခု လောလောဆယ်မှာတော့ အနိုင်ရပါတီဘက်က ဒီကော်မတီရဲ့ ဥက္ကဌတာဝန် ယူထားပါတယ်။ ပြည်သူ့ငွေစာရင်း ကော်မတီရဲ့ ဥက္ကဌကပါ။ ဒါဟာ အားနည်းချက်တစ်ခု ဖြစ်ပါတယ်။ အနိုင်ရပါတီဘက်ကတင်လာတဲ့ ငွေတွေကို အတိုက်အခံပါတီဘက်က ထောက်တာ ဖြစ်ပါတယ်။ ဒီကော်မတီကနေ ဦးဆောင်ပြီး အနိုင်ရပါတီကို ထောက်တာ။ ဒါကြောင့်မို့ ဒီစနစ်ကိုလည်း လာမယ့် ပြုပြင်ပြောင်းလဲရေး ကာလတွေ ၂ဝ၁၅  အလွန် အခင်းအကျင်းတွေမှာတော့ အတိုက်အခံပါတီဘက်က အနိုင်ရပါတီကို ထောက်နိုင်ဖို့အတွက် အခြေအနေမျိုးက ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတာ လွှတ်တော်ဘက်က ပြုပြင်ဖို့ လိုအပ်ပါတယ်” ဟု လှည်းကူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Most Read

Most Recent