(၁)“မြောင်းမြခရိုင်တရားရုံးတွင် လာဘ်ပေးလာဘ်ယူပြု တရားစီရင်မှုများနှင့် အကျင့်ပျက် ဝန်ထမ်းများ အရေးယူပေးရေး ဒေသခံများ ဆန္ဒထုတ်ဖော်ကြသလို ရှေ့နေများနှင့် တရားရေးတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း”(၂၆-၂-၂ဝ၁၅ The Daily Eleven နေ့စဉ်သတင်းစာ စာမျက်နှာ-၂၄)ဒါကတော့ ထူးလျက်နှင့် မဆန်းသတင်း တစ်ခုပါလာတာပဲ။ တရားစီရင်ရေးအပေါ် ပြည်သူတွေတိုး၍ တိုး၍ မကျေနပ်လာကြောင်း ဖော်ပြနေတဲ့သတင်း ဖြစ်ပါတယ်။ ထပ်တိုးလာတဲ့ သတင်းကတော့ “ရှေ့နေများ၊ အမှုလိုက်ရှေ့နေ၊ ဥပဒေအရာရှိများ၊ အမှုပွဲစား ဒလန်တားရှေ့နေ အလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံတွေ ပါလာတာပဲ။သတင်းက ဒီမှာတင် ရပ်မနေဘဲ ဘယ်လိုဆက်ပါလဲဆိုတော့ “ဆန္ဒထုတ်ဖော်ရာတွင် ကြွေးကြော်ခဲ့သည့် ကြွေးကြော်သံများ နှင့်ပတ်သက်၍ မြောင်းမြခရိုင်ရှေ့နေများအသင်းက ဆန္ဒထုတ်ဖော်သူများကို တရားဥပဒေအရ ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း” ဆိုတာ ဆက်ပါလို့လည်း အခုလို ဒီဆောင်းပါးကို ရေးသားဖြစ်သွားတာပါ။(၂)မြောင်းမြခရိုင် တရားသူကြီး ဒေါ်အက်စ်ဂနက်ဆိုတာက စာရေးသူလည်းသိတဲ့ တရားသူကြီး တစ်ဦးပါ။ ပြည်မြို့မှာ သူ တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက ပုဒ်မ-၅ (ည) နဲ့ ပြည်မြို့ ခေတ္တရာမြို့သစ်ဘက်က NLD နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးခေါင်းဆောင်တစ်ဦးကို သတင်းတပ်ဖွဲ့က တရားစွဲဆိုစဉ်က အမှုမမြောက်ဘူးဆိုပြီးတော့ တရားသေ လွှတ်ပေးရဲခဲတဲ့ တရားသူကြီးတစ်ဦးပါ။ လက်ရှိ NLD နာယကကြီး ဦးတင်ဦး ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ တရားပွဲတစ်ခုမှာ ထုတ်ဖော်ချီးကျူးခံရတဲ့သူ တစ်ဦးပါ။ အဲဒီ့အချိန်က တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကို ဗိုလ်ချုပ်ခင်ညွန့်က ဦးဆောင်နေပြီး NLD ကို အပြတ်ချေမှုန်းနေတဲ့ကာလ ဖြစ်ပါတယ်။ တရားသူကြီးတစ်ယောက်အနေနဲ့ အင်မတန်မှ စွန့်စွန့်စားစား ဆုံးဖြတ်ခဲ့ရတာပါ။အခုအချိန်မှာ တရားစီရင်ရေးအနေနဲ့ လုံးဝလွတ်လပ်သွားပြီလို့ မဆိုနိုင်သေးသလို စစ်အာဏာရှင်အောက်မှာ ၂၆ နှစ်နေခဲ့ရစဉ်က ကျင့်သုံးခဲ့တဲ့ လာဘ်ပေးလာဘ်ယူမှု၊ တရားမမျှတမှု အလေ့အထတွေလည်း မပြောင်းမလဲဘဲ ပကတိအတိုင်း ကျန်နေပါသေးတယ်။စာရေးသူကိုယ်တိုင်လည်း ဒီအကြောင်းတွေကို အခါအားလျော်စွာ ဆောင်းပါးများ ရေးသားခြင်း၊ စာနယ်ဇင်းများတွင် တွေ့ဆုံမေးမြေန်းခန်းများ၌ ဖြေကြားခြင်းများနှင့် ဟောပြောပွဲများတွင် ထည့်သွင်းဟောပြောခြင်းများကို တရားစီရင်ရေးစနစ် ပိုမိုကောင်းမွန်လာစေရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက် ရှိပါတယ်။တရားသူကြီးများအနေနဲ့လည်း “တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံသာမကဘဲ ထိုသို့ အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည်“ { ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် မောင်ရွှေ (ခ) မောင်ရှေပါ-၂} ၊ ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး {တရားရုံးချုပ်) စာ-၆၁၆ } ဟူသော စီရင်ထုံးပါ မူအတိုင်း “ပြည်သူကို မျက်နှာမူ၍” ပြည်သူလူထု အမြင်ရှင်းအောင် ကျင့်ကြံလုပ်ဆောင် နေထိုင်သင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။(၃)ဘဝတူ လုပ်ဖော်ကိုင်ဖက် မြောင်းမြခရိုင် ရှေ့နေအသင်းမှ ဥက္ကဋ္ဌနှင့် အမှုဆောင်လူကြီးများ၊ မိတ်ဆွေရှေ့နေ ရှေ့ရပ်များကိုလည်း တစ်ဆက်တစ်စပ်တည်း အသိပေးလိုတာကတော့ စာရေးသူဟာ အသက် ၇ဝ ခန့်ရှိ ရှေ့နေကြီးတစ်ဦး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှေ့နေကွန်ရက်မှာလည်း တာဝန်ရှိ လူကြီးတစ်ဦးအဖြစ် အများပြည်သူအကျိုးအတွက် ဥပဒေရေးရာကိစ္စများကို လက်တွေ့ကူညီ ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သလို တရားရုံးများ ရှေ့မှောက်တွင်လည်း အမှုလိုက်ပါ ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။စာရေးသူ၏ ကြီးမားစွာသော လက်တွေ့အတွေ့အကြုံများအရ စာရေးသူတို့ ရှေ့နေရှေ့ရပ်လောကမှာ မြောင်းမြမှ ဆန္ဒပြပြည်သူများ ဆန္ဒပြတောင်းဆိုသည့်အတိုင်း အဖြစ်အပျက်များဟာ အမှန်တကယ် ဖြစ်ပျက်လျက်ရှိကြောင်း ရှေ့နေရှေ့ရပ်များကိုယ်တိုင် သိရှိသလို အများပြည်သူတစ်ရပ်လုံးလည်း သိရှိကြပါသည်။ မြောင်းမြခရိုင် တစ်ခုတည်းသာမက တစ်ပြည်လုံးဒီလိုဖြစ်ရပ်တွေ အမှန်တကယ် တည်ရှိဖြစ်ပွားလျက် ရှိပါတယ်။ စာရေးသူတို့လည်း အဲဒီလိုရှေ့နေများ၊ ဥပဒေဝန်ထမ်းများ၏ဒဏ်ကို အလူးအလဲ ခံခဲ့ကြရသူတွေပါ။၁၉၈၈ ခုနှစ်နောက်ပိုင်း တစ်ပြည်လုံး ဌာနဆိုင်ရာ အသီးသီး အကျင့်စာရိတ္တပျက်စီးကြရာမှာ ရှေ့နေရှေ့ရပ်တွေလည်း တောင့်မခံနိုင်ဘဲ စားဝတ်နေရေးအရ ပါဝင်ပတ်သက်ခဲ့ကြရပါတယ်။ သိက္ခာ၊ သမာဓိကို ထိန်းသိမ်းပြီး မိမိ၏ အသက်မွေးဝမ်းကျောင်းကို လုပ်ကိုင်နေသူများရှိသကဲ့သို့ “မြောင်းမြမှ ဆန္ဒထုတ်ဖော်ကြသော ပြည်သူများ ရည်ညွှန်းဖော်ထုတ်သလို” ရှေ့နေရှေ့ရပ်များ၊ ဥပဒေဝန်ထမ်းများလည်း၊ နေရာအန့ှံ အမှန်တကယ်ရှိနေကြောင်း ဥပဒေလောကသားများ သိရှိကြပါတယ်။ ထို့အတူ ပြည်သူများလည်း သိရှိကြပါတယ်။ အဆန်းတကြယ် မဟုတ်ပါဘူးခင်ဗျာ။ ပေါ်ပေါ်ထင်ထင်ပါပဲ။(၄)အဆန်းတကြယ် ဖြစ်ရတာကတော့ ဆန္ဒပြသူများပြောသလို အမှန်တကယ် ဖြစ်ရပ်မှန်များ ရှိပါလျက်၊ ထိုဆန္ဒပြသူများကို ဥပဒေအရ ပြန်လည်တုံ့ပြန် အရေးယူဆောင်ရွက်မည်ဟူသော စာရေးသူတို့၏ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်ရှေ့နေများရဲ့ တုံ့ပြန်ပြောဆိုချက်ပင် ဖြစ်ပါတယ်။ စာရေးသူအနေဖြင့် ရှေ့နေများအကြောင်း ရှေ့နေလောကအကြောင်း ထဲထဲဝင်ဝင် သိနေသူတစ်ဦးဖြစ်၍လည်း ထိုသို့ တုံ့ပြန်ပြောဆိုချက်အပေါ် လူထုကိုယ်စား များစွာဝမ်းနည်း အံ့ဩရပါတယ်။ ဒါကြောင့် ဒီကိစ္စကိုတော့ ဆရာတို့အနေနဲ့ ပြန်စဉ်းစားပေးကြစေလိုပါတယ်။ မေတ္တာရပ်ခံလည်း မေတ္တာရပ်ခံပါတယ်။ တကယ်တော့ စာရေးသူတို့ ရှေ့နေလောကတွင် ဖြစ်ပျက်နေသော “ဆန္ဒဖော်ထုတ်သူတို့ ရည်ညွှန်းပြောဆိုသည့်” ရှေ့နေရှေ့ရပ်များအဖြစ် မိမိကိုယ်တိုင် မဖြစ်စေရန် အများပြည်သူရှေ့တွင် ကျင့်ကြံနေထိုင် လုပ်ကိုင်ကြရန်သာ ဖြစ်သင့်ပါတယ်။ တစ်ဆက်တည်းမှာပဲ ထိုဆန္ဒထုတ်ဖော်သူတို့ ရည်ညွှန်း ပြောဆိုသည့် ရှေ့နေရှေ့ရပ်များကိုလည်း မိမိတို့ကိုယ်တိုင် ဝိုင်းဝန်းကြိုးပမ်း ဖော်ထုတ်တားမြစ်သင့်ပါတယ်။ ဒါ့ပြင် ဝါရင့်ရှေ့နေကြီးများမှ ဦးစီး၍ လူငယ်တို့အား ရှေ့နေသင်တန်းများပေး၍ ထိုဖြစ်ရပ်မျိုးများ ပပျောက်အောင် သင်ကြားပေးသင့်တယ်လို့ ထင်မြင်မိပါတယ်။(၅)နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ စာရေးသူတို့အပါအဝင် ရှေ့နေရှေ့ရပ်များ အနေဖြင့် “ပြည်သူကို မျက်နှာမူ၍” ပြည်သူများအား ကူညီ၍ စာနာထောက်ထားပြီး အမှန်တရား ရရှိရေးကို ဝိုင်းဝန်းကြိုးပမ်း အားထုတ်ပေးသင့်ကြပါတယ်။ ပြည်သူတွေကို ပြန်လည်ရန်တုံ့ မမူစေလိုပါ။ သူတို့တွေဟာလည်း ဘဝတွေနဲ့ ရင်းနှီးထားကြရတဲ့သူတွေပါ။ အဲဒီလိုဆိုရင်တော့ ရှေ့နေရှေ့ရပ်များ နှင့် တရားစီရင်ရေးလောကအပေါ် ပြည်သူတို့မှ အမြင်ကြည်လင်၍ လေးစားမှု ပြန်လည်ရရှိလာမည်ဟု ယုံကြည်ကြောင်းပါ ခင်ဗျာ။