သင်ဝေမျှတဲ့အရာဟာ သင်သာဖြစ်တယ်

သင်ဝေမျှတဲ့အရာဟာ သင်သာဖြစ်တယ်
Published 8 March 2015
အေသင်ဇော်ဇော်

၁၉ ရာစုနဲ့ ၂ဝ ရာစု နာမည်ကျော် အင်္ဂလိပ်လူမျိုး စာရေးဆရာ ချားလ်ဝက်စတာလိဒ်ဘိတာက စာသားတိုပေမယ့် အရမ်းထိမိတဲ့ စာတစ်ကြောင်းကို ရေးခဲ့တယ်။ “You are what you share” ဆိုတဲ့ စာသားလေးပါ။ “You are what you share” လို့ ဘာသာပြန်လို့ ရတယ်။ အဲဒီအချိန်က အခုလို တစ်စုံတစ်ခုပြောချင်တိုင်း အွန်လိုင်းပေါ် တက်ရေးလို့ရတဲ့အချိန်တော့ မဟုတ်ဘူး။ ဒါပေမဲ့ လူတွေဟာ စကားတွေနဲ့ ဝေမျှကြတယ်။ စာတွေလည်း ရေးကြတယ်။ တခြားသူကို သိတဲ့အကြောင်းအရာ လက်ဆင့်ကမ်း ဝေမျှကြတယ်။ အဲလိုပုံစံမျိုးမှာ ကိုယ်ဘာတွေဝေမျှတယ်ဆိုတာက ကိုယ့်ရဲ့ စိတ်နေစိတ်ထား ဖြစ်တယ်လို့ သူကရေးခဲ့တာပါ။ဟိုတစ်ရက်က အစ်ကိုလိုမျိုးခင်တဲ့ အယ်ဒီတာတစ်ယောက်က မေးတယ်။ “ညီလေး နည်းပညာတွေ ပိုတိုးတက်လာတာက လူတွေကို သတ္တိနည်းသွားစေသလား” တဲ့။ သူပြောတာကို ချက်ချင်းသဘောမပေါက်ဘူး။ ကျွန်တော်ထင်တာက လူတွေ အလုပ်လုပ်တဲ့နေရာမှာ ကိုယ်တိုင်မလုပ်ရဲတော့ဘဲ နည်းပညာကို အားကိုးဖို့ စဉ်းစားနေတာကိုလားလို့။ ဒါပေမဲ့ သူဆက်ပြောမှ သိတော့တယ်။ လူတွေ တစ်ခုခု အဆင်မပြေတိုင်း အွန်လိုင်းပေါ် တက်တက်ရေးကြတယ်။ အရေးကြီးလည်း ရေးတယ်။ အရေးမကြီးလည်း ရေးတယ်။ တော်ရုံ အဆင်မပြေတာလည်း ရေးတယ်။ တကယ့် ပြဿနာလည်းရေးတယ်။ တစ်စုံတစ်ခု မကျေမနပ်ဖြစ်တဲ့အခါ သက်ဆိုင်တဲ့သူနဲ့ တိုက်ရိုက်ဖြေရှင်းဖို့ မကြိုးစားဘဲ (တစ်နည်း) ဖြေရှင်းဖို့ သတ္တိမရှိဘဲ ဟိုလိုလို ဒီလိုလို အပြစ်လိုက်တင်တတ်တဲ့ အကျင့်စရိုက် လူတွေမှာ ဖြစ်လာတာကို သူက ရည်ရွယ်မေးလိုက်တာ။ပုံမှန်အနေနဲ့တော့ လူမှုကွန်ရက်တွေဆိုတာ ခေါင်းစဉ်အမျိုးမျိုး တပ်လို့ရတဲ့ နေရာတစ်ခုပဲ။ ပညာတစ်ခုခု ဆည်းပူးလေ့လာမယ်။ သတင်းအချက်အလက် ရယူမယ်။ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆွေဖွဲ့မယ်။ ကောင်းမှုကုသိုလ်တွေ အမျှဝေမယ်။ ကိုယ့်အတွေးအခေါ် ကိုယ့်ခံစားချက်ကို သူငယ်ချင်းတွေဆီ ဝေမျှမယ်ပေါ့။ ဒါထက်မကတာတွေလည်း ရှိပါတယ်။ အဲဒါတွေအားလုံး မဟုတ်ဘဲ အဆိုးဘက်ကိုသာ အဓိက ခေါ်ဆောင်သွားတဲ့ အမုန်းစကား ဖြန့်ဝေတာမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ တကယ်ဆိုးရွားနေတာက အမုန်းစကား ဖြန့်ဝေတာ၊ ဝါဒအမှားကို လိမ်လည်သိမ်းသွင်း ပညာပေးတာတွေချည်းပဲ မဟုတ်ဘဲ တစ်နေ့တာ လူမှုဘဝထဲမှာ အလုပ်နဲ့ ပတ်သက်သမျှ ပတ်ဝန်းကျင်နဲ့ ပတ်သက်သမျှကို ပြစ်တင် ညည်းညူဝေဖန်တဲ့ စာသားတွေ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေခြင်းပါ။ ပြဿနာတွေကို လူအချင်းချင်း မဖြေရှင်းကြတော့ဘဲ ဟိုရေးဒီရေး ရေးတဲ့အကျင့် လူတွေမှာ အသားကျလာတဲ့အကြောင်းကို ပြောချင်တာ။အရင်က လူတွေအချင်းချင်း တစ်စုံတစ်ခု အဆင်မပြေဖြစ်တဲ့အခါ မျက်နှာချင်းဆိုင် ရှင်းကြတာများတယ်။ မျက်နှာချင်းဆိုင် မရှင်းချင်ရင်တောင် ကြားထဲက ဝင်ဖြေရှင်းပေးတဲ့သူက နောက်ဆုံး မျက်နှာချင်းဆိုင်စေဖို့ တိုက်တွန်းတယ်။ လူလူချင်း မျက်နှာချင်းဆိုင် ဖြေရှင်းတာဟာ ပြဿနာဖြစ်နေတဲ့ အချိန်မှာဆို တစ်ခါတစ်ရံ ပြဿနာပိုမိုကြီးထွားနိုင်စေဖို့ တွန်းအားဖြစ်နိုင်ပေမယ့် သွေးအေးသွားတဲ့အခါမှာ ဖြေရှင်းရင်ပဲဖြစ်ဖြစ်၊ ပြဿ နာဟာ ချက်ချင်း ထိပ်တိုက်ဖြေရှင်းဖို့ သင့်တော်တဲ့အချိန်မှာပဲဖြစ်ဖြစ် အားသားချက်တွေ အများကြီးရှိပါတယ်။ မျက်နှာချင်းဆိုင် ဖြေရှင်းတယ်ဆိုတာ ကိုယ်မှန်တယ်ဆိုတာကို သတ္တိရှိရှိ ရပ်တည်ပြတာဖြစ်သလို မှားရင်လည်း မှားတဲ့အလျောက် သတ္တိရှိရှိ ဝန်ခံဖို့ တစ်ခါတည်း တောင်းပန်ဖို့ အကောင်းဆုံးဖြစ်တယ်။ စာဆိုတာက အသံလောက် ခံစားချက်အမှန်ကို မဖော်ပြနိုင်ဘူး။ အသံကလည်း အမူအရာလောက် ခံစားချက်အမှန်ကို မဖော်ပြနိုင်ဘူး။ အမူအရာကလည်း မျက်ဝန်းအကြည့်လောက် ခံစားချက်အမှန်ကို မဖော်ပြနိုင်ဘူး။
နည်းပညာတွေကြောင့် လူ့ပတ်ဝန်းကျင်မှာ တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားချင်း ဝေးလာကြတယ်ဆိုတဲ့ ဝေဖန်မှုတွေကို မကြာခဏကြားနေရတဲ့ အချိန်မှာ . . . . .

ဒီနေရာမှာ ပြောစရာတစ်ခု ရှိနိုင်ပါတယ်။ တချို့လူတွေနဲ့ တချို့ပြဿနာတွေဟာ ထိပ်တိုက် ဖြေရှင်းလို့မရသလို ဘယ်တော့မှ မဖြေရှင်းဘဲ ထားလိုက်တာ အကောင်းဆုံးဖြစ်တယ်လို့ ယူဆရတဲ့ အချိန်အခါတွေအကြောင်းပဲ။ ဒီလိုအခြေအနေတွေဟာ လူတွေရဲ့ဘဝမှာ တစ်ကြိမ်တစ်ခါမက ဖြစ်တတ်ပါတယ်။ နောက်ဆုံး ဘာမှမဖြေရှင်းတော့ဘဲ ငြိမ်ငြိမ်သက်သက် နေဖို့သာ ဆုံးဖြတ်ခဲ့ရာကနေ တဖြည်းဖြည်း နှစ်ဦးနှစ်ဖက် နားလည်မှုပြန်ရသွားတာတွေလည်း ရှိတတ်တယ်။ သေချာတာကတော့ အဲလို ထိပ်တိုက်မဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တဲ့သူဟာ သူ့မှာ ထိပ်တိုက်ဖြေရှင်းရဲတဲ့ သတ္တိရှိရဲ့သားနဲ့ မဖြေရှင်းဖို့ နည်းလမ်းရွေးချယ်ခဲ့တာဆိုရင် အပေါ်က ပြောခဲ့သလို တောပြောတောင်ပြောလိုက်ပြောတဲ့ အပြုအမူကို လုံးဝမလုပ်နိုင်တာပါ။သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ တစ်ခု၊ ဘယ်သူ့ရဲ့ ကောက်ကျစ်မှုကြောင့်မှ မဟုတ်ဘဲ အကြောင်းအရာတစ်ခုခုကြောင့် အခိုက်အတန့် အဆင်မပြေဖြစ်ရမှု စတာတွေမှာ အေးအေးဆေးဆေး ဖြေရှင်းလိုက်တာနဲ့ အဖြေမှန်ထွက်လာဖို့ ရှိပေမယ့် ဘာကြောင့် တခြားနည်းလမ်းကို ရွေးချယ်ရလဲဆိုရင် စကားတစ်ခွန်းကို ထပ်ပြောရမယ်။ “သင်ထင်တဲ့အရာဟာ သင်ကိုယ်တိုင်ပါပဲ” ဆိုတဲ့စကား။ လူဟာ အမျိုးမျိုးရှိနိုင်ပေမယ့် အကြောင်းအရာတစ်ခုကို ဖြစ်ဖြစ်၊ ပြဿနာတစ်ခုကို ဖြစ်ဖြစ် စဉ်းစားတဲ့နေရာမှာ ကိုယ့်စိတ်ကို ဗဟိုပြုပြီး စဉ်းစားတွေးတော သုံးသပ်တတ်ပါတယ်။ ကိုယ်ကြုံရတဲ့အရာပေါ်မှာ ကိုယ့်စိတ်က သူတစ်ပါးကို ပြုမူနိုင်တဲ့ ပုံစံမျိုးနဲ့သာ တွေးတောကြတာများတော့ ဒီလိုကိစ္စကြီးငယ်တွေ ဖြစ်လာတဲ့အခါမှာ ကိုယ့်စိတ်ရဲ့ ရောင်ပြန်ဟပ်မှုဟာ သိသာထင်ရှားလို့ နေပါတော့တယ်။ကျွန်တော်တို့တွေ နေ့စဉ်နေ့တိုင်း လူတစ်ယောက်ဟာ သူတစ်ပါးအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ သူ့အနေနဲ့ တခြားသူတွေကို ဘာတွေစွပ်စွဲနေတယ်၊ ဘယ်လို သံသယတွေ ဖြစ်နေတယ်ဆိုတာ ကြည့်ရုံနဲ့ သိနိုင်ပါလိမ့်မယ်။လိမ်တဲ့အကျင့်ဟာ ကြာလာရင် ပြဿ နာရှိတယ်။ ဘယ်သူကမှ ကိုယ့်ကို မယုံတော့လို့ မဟုတ်ဘူး။ ကိုယ်က ဘယ်သူ့ကိုမှ မယုံတော့လို့ပါတဲ့။ ဒီသဘောတရားဟာ လိမ်တာတစ်ခုတည်းရယ်မှ မဟုတ်ဘူး။ အကောင်း၊ အဆိုး ကိုယ်ပြုသမျှအားလုံးမှာ ရှိနေလိမ့်မယ်။ဒီတော့ ဖြစ်သမျှ ကြုံသမျှအရာရာမှာ နှလုံးသွင်းမှန်၊ ခံယူချက်မှန်နဲ့ ပြုမူတတ်ဖို့ လိုတယ်။ ကိုယ်က သူတစ်ပါးကို ပြုမူတဲ့ အခါမှာဖြစ်ဖြစ်၊ သူတစ်ပါးရဲ့ အပြုအမူအပေါ် တုံ့ပြန်တာမှာဖြစ်ဖြစ်၊ ကိုယ်ရုတ်တရက် ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုအပေါ် တခြားသူတွေကို အပြစ်ပြောဖို့ ကြံရွယ်မိတဲ့ အခါမှာဖြစ်ဖြစ် ကိုယ်လုပ်သင့် မလုပ်သင့်၊ ပြောသင့် မပြောသင့်ကို ချင့်ချိန်နိုင်ဖို့ လိုအပ်လိမ့်မယ်။“သူရဲကောင်းဟာ သူရဲကောင်းကို လေးစားတယ်” ဆိုတဲ့စကားလေးကို မမေ့ဖို့လိုတယ်။ တစ်နေ့တာ ကြုံတွေ့ရတဲ့ ပြဿနာ တွေကို သူရဲကောင်းဆန်ဆန် ဖြေရှင်းမလား၊ ဟိုမရောက် ဒီမရောက် အပြစ်ဖို့မလား။ ဒါကတော့ လူတစ်ယောက်ချင်းစီရဲ့ သမိုင်းပါပဲ။
သမိုင်းအဆက်ဆက်မှာ သူရဲဘောကြောင်တဲ့သူတွေ ရှိခဲ့ပါတယ်။ နည်းပညာတွေကြောင့် လူ့ပတ်ဝန်းကျင်မှာ တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားချင်း ဝေးလာကြတယ်ဆိုတဲ့ ဝေဖန်မှုတွေကို မကြာခဏကြားနေရတဲ့ အချိန်မှာ အခုလို နှလုံးသားချင်း ဝေးရုံသာမက လူရဲ့တန်ဖိုးတွေထဲက တစ်ခုဖြစ်တဲ့ ရင့်ကျက်ရဲရင့်စွာ ရင်ဆိုင်ဖြေရှင်းတတ်တဲ့အကျင့်ပါ အလွယ်တကူပျောက်ဆုံးဖို့ ဖြစ်လာတာကိုတော့ မကြိုဆိုနိုင်ပါ။ ဒီတော့ “You are what you share” လို့ပဲ ပြောလိုက်ပါရစေဗျာ။

Most Read

Most Recent