ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးအမိန့်အရ ချမှတ်နိုင်သည့်ပြစ်ဒဏ်များ ပြင်ဆင်ထုတ်ပြန်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးအမိန့်အရ ချမှတ်နိုင်သည့်ပြစ်ဒဏ်များ ပြင်ဆင်ထုတ်ပြန်
Published 7 March 2015

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးအမိန့် အမှတ် (၁/၂ဝ၁၅) အရ ချမှတ်နိုင်သည့် ပြစ်ဒဏ်များကို ပြင်ဆင်သည့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၂/၂ဝ၁၅) အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က မတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။
 
 စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၂/ ၂ဝ၁၅)အရ စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၁/၂ဝ၁၅) ၏ အပိုဒ် (၄) အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ် (၃) ပါ ပြဋ္ဌာန်းချက်အား “နောက်ဆက်တွဲဇယား (က) ပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူအား စစ်ခုံရုံးက ပြစ်မှုထင်ရှား စီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ အောက်ပါ ပြစ်ဒဏ်တစ်မျိုးမျိုးကို ချမှတ်ရမည်” ဟု  ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။
 
 ယခု ပြင်ဆင်ပြဋ္ဌာန်းလိုက်သော အမိန့် အမှတ် (၂/၂ဝ၁၅) တွင် ယခင်ပြစ်ဒဏ်များအား “သေဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံး ပြစ်ဒဏ်”ဟု ပြင်ဆင်လိုက်သည်။
 
စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၁/၂ဝ၁၅) အပိုဒ်ခွဲငယ် (၃) ပါ “တည်ဆဲဥပဒေများတွင် မည်သို့ပင် ပါရှိစေကာမူ” ဆိုသည့် စာအား ပယ်ဖျက်ခဲ့ပြီး “တည်ဆဲဥပဒေများနှင့်အညီ” ဟု ပြင်ဆင်ခြင်း ဖြစ်သည်။
 
 မူလက “နှစ်အကန့်အသတ်မရှိသော အလုပ်နှင့် ထောင်ဒဏ်” အစား “နှစ်အကန့်အသတ်မရှိထောင်ဒဏ်” ဟုပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး သေဒဏ်ကိုမူ ပယ်ဖျက်ထားခြင်း မရှိပေ။
 
ထိုအတူ “သုံးနှစ်အောက် မလျော့သော အလုပ်နှင့်ထောင်ဒဏ် သို့တည်းမဟုတ် သုံးနှစ်အောက် မလျော့သော အလုပ်နှင့်ထောင်ဒဏ် အပြင်ငွေဒဏ်”ဟုပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်အစား “သက်ဆိုင်ရာ ပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်” ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
 
စစ်အုပ်ချုပ်ရေးအမိန့် (၁/၂ဝ၂၁၅) နောက်ဆက်တွဲဇယား (က)ပါ ပြစ်မှုများမှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊ အစိုးရကို အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊ မတရားအသင်း အက်ဥပဒေ အရ ပြစ်မှုများ၊ လက်နက်အက်ဥပဒေအရ ပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရပြစ်မှုများ၊ ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ အရ ပြစ်မှုများ ဖြစ်သည်။
 
စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ( ၁/၂ဝ၁၅) ကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်နောက်ဆက်တွဲဇယား (က) တွင် ပါရှိသည့် ဥပဒေများသည် တည်ဆဲဥပဒေတွင် မည်သို့ပင် ပါရှိသည်ဖြစ်စေ အနည်းဆုံး ထောင်ဒဏ်သုံးနှစ်မှ သေဒဏ်အထိ ချမှတ်ခံရနိုင်သဖြင့် သတင်းမီဒီယာသမားများအကြား လွတ်လပ်စွာ သတင်းရယူခွင့်ကို ကန့်သတ်သည့်ပုံစံ ဖြစ်ပေါ်သည့်အပြင် သတင်းမီဒီယာဥပဒေအရ ချမှတ်နိုင်သည့် ပြစ်ဒဏ်များအား ကျော်လွန်နေသဖြင့် အဆိုပါပြစ်ဒဏ်ပြဋ္ဌာန်းချက်များအပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီးနောက် ယခုလို ပြင်ဆင်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Most Read

Most Recent