နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီကိုဖွဲ့စည်းပြီး တစ်လကျော်အကြာတွင် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအဖြစ် အမည်ထပ်မံပြောင်းလဲလိုက်ကြောင်း အဆိုပါကော်မတီဝင်များထံမှ သတင်းရရှိသည်။ကော်မတီဝင်တစ်ဦးဖြစ်သူ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က "ကျွန်တော်တို့ဆီကိုတော့ စာရောက်ပါတယ်။ အကျဉ်းသားရေးရာကော်မတီဆိုတဲ့နာမည်အစား နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဆိုပြီးတော့ ပြန်ပြောင်းတာဖြစ်ပါတယ်။ ကျွန်တော့်ဆီကို လွန်ခဲ့တဲ့နှစ်ပတ်လောက်ကရောက်တာပါ" ဟုပြောကြားသည်။နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီသည် ယခင်လက်ကျန်နိုင်ငံရေး အကျဉ်းသားများစိစစ်ရေးကော်မတီကို နိုင်ငံရေးအကျဉ်းသားများ၏ အရေးကိစ္စများနှင့်ပတ်သက်၍ လျင်လျင်မြန်မြန် အောက်ခြေအဆင့်အထိ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး နိုင်ငံတော်သမ္မတရုံးက ၂၀၁၅ ဇန်နဝါရီ ၅ ရက်က ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ထို့နောက်ကော်မတီဖွဲ့စည်းပြီး တစ်လကျော်ကြာသည်အထိ ကော်မတီအစည်းအဝေးခေါ်ယူခြင်းနှင့် လုပ်ငန်းစဉ်များသတ်မှတ်ခြင်းမရှိဘဲ ဖေဖော်ဝါရီလလယ်ခန့်တွင် ထပ်မံအမည်ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ကော်မတီ၏လုပ်ငန်းစဉ်များကိုမူ လက်ရှိအချိန်အထိမသိရှိရသေးပေ။မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများဆက်လက်ရှိနေဆဲဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးကျန်ရှိနေကြောင်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀၃ ဦးမှာလည်း တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် နိုင်ငံရေးအကျဉ်းသားရေးရာအဖွဲ့အစည်းများကလည်း လက်ရှိတွင် အကျဉ်းထောင်တွင်းကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်နှင့် နိုင်/ကျဉ်းဟောင်းတို့၏အရေးကိစ္စများအား အစိုးရအနေဖြင့် ထိရောက်စွာဆောင်ရွက်ပေးရန်လည်း မကြာခဏတောင်းဆိုမှုများရှိနေသည်။
နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီကိုဖွဲ့စည်းပြီး တစ်လကျော်အကြာတွင် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီအဖြစ် အမည်ထပ်မံပြောင်းလဲ