လက်ရှိ မြန်မာနိုင်ငံအတွက် ဖြေရှင်းရမယ့် အခက်အခဲ ပြဿနာများထဲမှာ သိမ်းဆည်းလယ်ယာမြေ အငြင်းပွားမှုများလိုပဲ ဖြေရှင်းဖို့ ကြန့်ကြာနေတဲ့ ပြဿနာတစ်ခုကတော့ ကျူးကျော်ဝင်ရောက်နေထိုင် အခြေချမှု ဖြေရှင်းရေးပြဿနာပဲ ဖြစ်ပါတယ်။မြေယာကိစ္စ အငြင်းပွားမှုများနဲ့ ကျူးကျော်ဝင်ရောက် အခြေချနေထိုင်မှု ပြဿနာ များနဲ့ ဆက်စပ်ပြီး ဆန္ဒဖော်ထုတ်မှုတွေနဲ့ အငြင်းပွားမှုများ ဒေသအနှံ့မှာ မကြာခဏ ဖြစ်ပွားခဲ့ပြီး အစိုးရတာဝန်ရှိသူများ အနေနဲ့ ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားနေပေမယ့် ၎င်းကဲ့သို့ ပြဿနာများနဲ့ ဆက်စပ်ပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ ဖြစ်ရပ်တွေကတော့ ဆက်လက်ဖြစ်ပွားနေတာ တွေ့ရပါတယ်။ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှုနဲ့ ဆက်စပ်တဲ့ အငြင်းပွားမှုများကို ဖြေရှင်းပေးရာမှာ နှောင့်နှေးကြန့်ကြာမှုများ ရှိတယ်လို့ အများက ဝေဖန်မှု ရှိနေသလို ကျူးကျော်နေထိုင်သူများကို ဖြေရှင်းရာမှာလည်း အာဏာပိုင်တွေအနေနဲ့ ကောင်းမွန်တဲ့ လမ်းကြောင်းကို မဖော်ဆောင်နိုင်သေးဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ကျူးကျော်ပြဿနာများကို ဖြေရှင်းတဲ့ နည်းလမ်းများအပေါ် ဝေဖန်မှုများ ရှိတဲ့အနက် မကြာမီက နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာ ဖြေရှင်းခဲ့တဲ့ ဖြစ်စဉ်ကတော့ ဝေဖန်မှု အထူးများပြားတဲ့ ဖြစ်စဉ်ပါ။ အဲဒီဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်အတွင်း သမ္မတ တိုက်ရိုက်အုပ်ချုပ်တဲ့ နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ အသက် (၈၈) နှစ်အရွယ် အဘွားအိုတစ်ဦးကို ကျူးကျော်နေထိုင်တယ်ဆိုပြီး ထောင်ဒဏ်တစ်လ ချမှတ်ခဲ့တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။သောင်းချီတဲ့ မှတ်ချက်များမီဒီယာတွေမှာ ဖော်ပြချက်တွေအရတော့ ထောင်ချခံရတဲ့ အဘွားအိုဟာ လယ်ဝေးမြို့နယ် နယ်မြေ ၁၆၊ အမှတ် ၆ ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက နေထိုင်ခဲ့သူလို့ ဖော်ပြခဲ့ကြပါတယ်။ ဒီလိုနေထိုင်ခဲ့သူကို နေပြည်တော်စည်ပင်မှ ကျူးကျော်ဝင်ရောက် နေထိုင်သူအဖြစ် သတ်မှတ်ကာ စည်ပင်ပုဒ်မ ၂၆ ဖြင့် နေပြည်တော် စည်ပင်တရားရုံးက ထောင်ဒဏ်တစ်လ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ အဘွားအိုဟာ ကျူးကျော်အဖြစ် အမှုဖွင့် တရားစွဲဆိုမှုကို တစ်နှစ်လောက် ရင်ဆိုင်ခဲ့ရပြီးနောက် အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သတင်းတွေမှာ ပါရှိပါတယ်။ ဒါအပြင် အဲဒီတရားရုံးမှာပဲ အသက်(၈၂)နှစ်အရွယ် အဘွားအို တစ်ဦးဟာလည်း ကျူးကျော်နေထိုင်တယ်လို့ဆိုပြီး စည်ပင်ပုဒ်မ ၂၆ နဲ့ပဲ ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ရပြီး လက်ရှိမှာ စည်ပင်ပုဒ်မ ၂၇ ဖြင့် ဆက်လက်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ ဒီလို သက်ကြီးရွယ်အို အရွယ်တွေကို ထောင်ဒဏ်ချမှတ်တဲ့ ဖြစ်စဉ်ကို ပုဂ္ဂလိက သတင်းမီဒီယာတွေက မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ကြပြီး မီဒီယာတွေရဲ့ လူမှုကွန်ရက်မှာ သတင်းဖော်ပြချက်တွေမှာလည်း မှတ်ချက်ပေးသူ သောင်းနဲ့ချီ ရှိခဲ့ပါတယ်။ မှတ်ချက်အများစုကတော့ ထောင်ဒဏ်ချမှတ်လိုက်တဲ့ လုပ်ရပ်အပေါ် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။သမ္မတရဲ့ အစီအမံဒီလိုဝေဖန်မှုတွေ ရှိနေတဲ့အပြင် ကျူးကျော်ပြဿနာနဲ့ ပတ်သက်ပြီး ဖြေရှင်းမှုတွေ ပြုလုပ်ဖို့ အစီအမံတွေကို နိုင်ငံတော်သမ္မတကိုယ်တိုင် ထုတ်ဖော်ပြောခဲ့ဖူးပေမယ့် လက်တွေ့မှာတော့ အကောင်အထည်ပေါ်လာတာ မတွေ့ရသေးပါဘူး။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နှစ်စပိုင်းက တရားမဝင် ကျူးကျော်နေထိုင်မှုများနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံဆောင်ရွက်မယ့် လုပ်ငန်းစဉ်အချို့ကို နိုင်ငံတော်သမ္မတက သူရဲ့ ရေဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက သမ္မတရဲ့ ပြောကြားချက်မှာတော့ ကြုံတွေ့နေရတဲ့ မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက် အခြေချမှုပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေနဲ့ အငြင်းပွားမှုတွေ ရှိနေတာကို တွေ့ရပြီး မြေယာကိစ္စဟာ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့ နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေနဲ့ ဆက်နွှယ်နေတဲ့အတွက် အခက်အခဲဆုံးနဲ့ အကျပ်တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတစ်ရပ် ဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဲဒီလိုပြဿနာတွေကို ဖြေရှင်းရာမှာ စီမံချက်များချမှတ်ပြီး မှန်ကန်ဖို့နဲ့ လက်တွေ့ကျကျ ဖြစ်ဖို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်တယ်လို့ သမ္မတက ပြောဆိုခဲ့ပြီး အစိုးရအနေနဲ့ မြေယာမဲ့ အိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ နေရာချထားဖို့ တိုင်းဒေသကြီး။ ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းစီမံ ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့သလို ဥပဒေမဲ့ တရားမဝင် ကျူးကျော်ဝင်ရောက် အခြေချမှုများကိုလည်း အသေအချာ စိစစ်ကိုင်တွယ်သွားမှာဖြစ်ကြောင်း သမ္မတက မိန့်ခွန်းမှာ သတိပေး ပြောကြားခဲ့ပါတယ်။တကယ်ပေးမှာလားမြေမဲ့၊ ယာမဲ့များအတွက် အစီအစဉ်များ၊ ကျူးကျော်နေထိုင်မှုများက ဖြေရှင်းမယ့် နည်းလမ်းများကို တိုင်းဒေသကြီး။ ပြည်နယ်အစိုးရများနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ အများပြည်သူကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ သမ္မတက အတိအလင်း ပြောကြားခဲ့ပေမယ့် ယနေ့အချိန်အထိ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှုများကိုတော့ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးဘဲ သက်ကြီးရွယ်အိုများပါမချန် ကျူးကျော်နေထိုင်တယ်ဆိုတဲ့ အမှုများနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သမ္မတကိုယ်တိုင် စီမံဆောင်ရွက်ပေးပါမယ်လို့ ပြောကြားထားခဲ့ပေမယ့် ယနေ့အထိ အကောင်အထည် မဖော်သေးရတာဟာ ဘယ်လိုအခက်အခဲတွေ ရှိနေလို့လဲ၊ ဘာကြောင့်ကြန့်ကြနေရသလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိနေသလဲ ဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။ မြေမဲ့၊ ယာမဲ့များကို စာရင်းကောက်ခံပြီး နေစရာပေးမယ်ဆိုတာ တကယ်ပေးမှာလား။ ဘယ်အချိန်ကျရင် ပေးမှာလဲ ဆိုတာကလည်း ဒီနေ့အချိန်အထိ မသိရတဲ့ ကိစ္စရပ်တစ်ခုပါ။တကယ်တော့ ကျူးကျော်ပြဿနာဟာ ဖြေရှင်းဖို့ လွယ်ကူတဲ့ပြဿနာ မဟုတ်ဘူးဆိုတာ မြို့ပြပညာရှင်တွေက မကြာခဏ ထောက်ပြကြပါတယ်။ ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းဆိုတဲ့ ပြဿနာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာဖြစ်ပါတယ်။ မြန်မာနိုင်ငံလို လွဲမှားတဲ့ စနစ်အောက်မှာ နှစ်ရှည်ရှိနေခဲ့ရတဲ့ နိုင်ငံမှာတော့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စီးပွားရေး အခွင့်အလမ်းများကို လူတစ်စုက ချူပ်ကိုင်ရယူထားခဲ့တာကြောင့် နိုင်ငံသား အများစုရဲ့ ပိုင်ဆိုင်မှုတွေဟာ ပြောပလောက်အောင် မရှိကြပါဘူး။ အဲဒီထဲက နိုင်ငံသားအချို့ကတော့ နေထိုင်စရာ မပိုင်ဆိုင်ကြတဲ့အတွက် ကျူးကျော်နေထိုင် ခဲ့ကြရပါတယ်။ ဒါကြောင့်မိုလို့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာဆိုရင် ကျူးကျော်ပြဿနာဟာ အာဏာပိုင်တွေကို ခေါင်းကိုက်စေခဲ့ပါတယ်။ အထူးသဖြင့် နယ်ဒေသတွေမှာ လယ်ယာလုပ်ငန်းတွေ အခက်အခဲတွေနဲ့ ကြုံတွေ့ရသူတွေဟာ အလုပ်အကိုင်ရရှိဖို့အတွက် မြို့ကြီးတွေကို မိသားစုလိုက် ရွှေ့ပြောင်းလာကြပါတယ်။ နေရေးစရိတ်မြင့်မားတဲ့ မြို့ကြီးတွေမှာ အိမ်ငှားရမ်းခတွေ တိုးလာခြင်းဟာ အခြားဒေသက ပြောင်းရွှေ့လာတဲ့ လက်လုပ်လက်စား အများစုအတွက် ကျူးကျော်နေထိုင်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ ကျူးကျော်နေထိုင်သူများထဲက အချို့ဟာ အစိုးရက လျော်ကြေး သို့မဟုတ် နေစရာတစ်နေရာ ပေးလိမ့်မယ်လို့ မျှော်လင့်ကာ နေထိုင်သူများ ဖြစ်ကြပေမယ့် အများစုကတော့ နေစရာအတွက် ဝယ်စရာ၊ ငှားစရာကို မရှိလို့ တဲဆောက်ဖို့ ဝါး၊ ဓနိကိုပင် အတိုးနဲ့ ငွေချေးကာ တဲထိုးနေကြရသူတွေ ဖြစ်ပါတယ်။ နယ်ဒေသတွေမှာတော့ နှစ်ရှည်နေထိုင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ မြေပြန်လည် သိမ်းဆည်းများကြောင့် ကျူးကျော်ဖြစ်နေရတဲ့ဖြစ်စဉ်တွေ ရှိနေကြပါတယ်။ဒီလို ကျူးကျော်ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရာမှာ ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်လိုက်၊ ထောင်ချပစ်လိုက်ယုံနဲ့ မပြီးပါဘူး။ ဖြေရှင်းမယ့်နည်းလမ်း အစီအမံတွေက စနစ်ကျဖို့လိုပြီး အတွေ့အကြုံရှိတဲ့ မြို့ပြပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို ရယူဆောင်ရွက်ဖို့ လိုပါတယ်။ နိုင်ငံတော်က စီမံဆောင်ရွက်ပေးရမယ့် အပိုင်းမှာလည်း မည်ရွေ့မည်မျှ ထောက်ပံ့ပေးမှာလဲ၊ ရှိနေဆဲ ကျူးကျော်တွေအပြင် နောက်ထပ်မတိုးလာအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များထံ အကြံပြုချက်တွေ ရယူဆောင်ရွက်သင့်ပါတယ်။ ပြဿနာတိုင်းမှာ အင်အား အမာထည်ကိုပဲ သုံးခြင်းထက် စီမံခန့်ခွဲမှု အပျော့ထည်ကို ဘယ်လိုသုံးမလဲဆိုတာက အုပ်ချူပ်ရေးပညာရပ်ဆိုင်ရာအပေါ် ဘယ်လောက်ကျွမ်းကျင်မှု ရှိသလဲဆိုတဲ့ အဖြေ ဖြစ်ပါတယ်။ ကျူးကျော်ဖြစ်စဉ်တွေဟာ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ၊ တကယ်ပဲ နေစရာ မရှိကြတာလား၊ ဘယ်လိုအခြေအနေတွေ ရှိနေကြသလဲ၊ နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ စတဲ့အကြောင်းအရာတွေက သေချာလေ့လာ မဆန်းစစ်ပဲနဲ့ ပြဿ နာကို ဖြေရှင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်ရပ်များကို မှန်မှန်ကန်ကန်လေ့လာပြီး ရေတို၊ ရေရှည် တကယ်ထိရောက်တဲ့ အစီအမံတွေ ချမှတ်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ သက်ကြီးရွယ်အိုပါမချန် ထောင်သာချ ဆိုတာမျိုးကတော့ အများပြည်သူများရဲ့ အပြင်းအထန် ဝေဖန်တုံ့ပြန်မှုများကိုသာ ရရှိမှာဖြစ်ပြီး ကျူးကျော်ပြဿနာဟာလည်း အဖြေရှာမရတဲ့ ပုစ္ဆာအဖြစ်သာ ရှိနေမှာဖြစ်ပါကြောင်း အသိပေးရေးသား တိုက်တွန်းလိုက်ရပါတယ်။