အနိမ့်ဆုံး လုပ်ခလစာ

အနိမ့်ဆုံး လုပ်ခလစာ
Published 5 March 2015
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

ယခုတလော အနိမ့်ဆုံး လုပ်ခလစာ (Minimun Wage) သတ်မှတ်ပေးရန် တောင်းဆိုမှုများကို ခပ်စိပ်စိပ် မြင်တွေ့လာရသည်။ အလုပ်ရှင်များရော အလုပ်သမားများပါ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ပုံသဏ္ဌာန်များကိုလည်း မြင်တွေ့နေရသည်။တစ်ဖန် အစိုးရ နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခလစာကို မြှင့်တင်ပေးရန် ဆုံးဖြတ်ခဲ့မှု စသည်တို့နှင့်အတူ ပုဂ္ဂလိက ကဏ္ဍတွင်လည်း လုပ်ခလစာများ မြှင့်တင်ပေးရန် တောင်းဆိုလာကြခြင်း ဖြစ်ပေလိမ့်မည်။ ပုဂ္ဂလိကကဏ္ဍတွင် ဝန်ထမ်းများသည် အလုပ်ချိန်ကိုလည်း အပြည့်အဝ လုပ်ကိုင်ကြရပြီး အပိုဝင်ငွေ (Rent Seeking မှ ရရှိနိုင်သောငွေ) လည်း မရှိ။ အလုပ်ချိန်သည်လည်း ပိုမိုကြာမြင့်သည်ကိုလည်း တွေ့မြင်ရပြီး တစ်ချိန်တည်းတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာကို ထပ်တူခံစားရပြီး ယင်းကုန်ဈေးနှုန်းပြဿနာကို မထိန်းချုပ်နိုင်သရွေ့ ယင်းကဲ့သို့သော ပြဿ နာများကို ဆက်လက်ရင်ဆိုင်နိုင်ရပေသည်ဟုလည်း ထင်သည်။ ကုန်ဈေးနှုန်းတည်ငြိမ်မှုကို ဦးစားပေးရန် လိုအပ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ပုဂ္ဂလိက ကဏ္ဍတွင် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ရာတွင် (၁) အလုပ်ရှင်က လိုက်လျောသော (ခွင့်ပြုသော) အနိမ့်ဆုံးလစာ၊ (၂) အလုပ်သမားဘက်က တောင်းဆိုသော အနိမ့်ဆုံးလစာနှင့် (၃) နိုင်ငံတော်က သတ်မှတ်ပေးသော အနိမ့်ဆုံးလစာဟူ၍ အဓိကအားဖြင့် သုံးမျိုးကို စဉ်းစားမိသည်။အလုပ်ရှင်(လုပ်ငန်းရှင်)က လိုက်လျောသော အနိမ့်ဆုံးလစာနှင့် အလုပ်သမားဘက်က တောင်းဆိုသော အနိမ့်ဆုံးလစာတို့ အကြားတွင် ဝိရောဓိများ (Contradictins) နှင့် သဘောမတူညီမှုများ (Disagreements) များ ဖြစ်ပေါ်တတ်လေ့ ရှိသည်။အကြောင်းမှာ အလုပ်ရှင်ဘက်က ရင်းနှီးစိုက်ထုတ်ရသော ကုန်ကျစရိတ် အားလုံး၌ အစွန်းထွက် အသားတင်အမြတ်အစွန်း (Marginal Net Profit) ကို တိုင်းတာတွက်ချက်ရသကဲ့သို့ နိုင်ငံခြားငွေလဲနှုန်း (Foreign Exchange Rate) နှင့် ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) စသည်တို့၏ ပြောင်းလဲမှုနှုန်းတို့ကိုပါ ထည့်သွင်းစဉ်းစားတွက်ချက်ရပြီး အလုပ်သမားများဘက်ကလည်း မိမိတို့၏ အခြေခံစားဝတ်နေရေး စရိတ်စကနှင့် ကုန်ဈေးနှုန်း အတက်အကျပေါ် မူတည်ကာ မိမိတို့၏ လုပ်ခလစာကို တောင်းဆိုလာကြခြင်း ဖြစ်သည်။ဤတွင် လုပ်ခလစာကို မည်ရွေ့မည်မျှ သတ်မှတ်မည်နည်း ဆိုသည်နှင့် အလုပ်သမားများအတွက် လုပ်ခလစာအပြင် (လုပ်ခလစာအပြင်) အခြားသော သာယာဝပြောမှု အနေအထား (Welfare) အစရှိသည်ကို မည်ရွေ့မည်မျှ အပြောင်းအလဲလုပ်ပေးရန် လိုအပ်မည်နည်း ဆိုသည်ကို အပြန်အလှန် စဉ်းစားရပေလိမ့်မည်။ နှစ်ဦးနှစ်ဖက် ရေရှည်အကျိုးစီးပွားကို တည်ဆောက်နိုင်ရန်ဟူသော အခြေခံအချက်ပင် ဖြစ်သည်။တစ်ဖန် အထွေထွေကုန်ဈေးနှုန်း (General Prices) ကြီးမြင့်လာသည်နှင့်အမျှ အနိမ့်ဆုံးလုပ်ခလစာ (Minimun Wage) သည်လည်း ပို၍ပို၍ တိုးမြှင့်တောင်းဆိုလာလေမည်ဟူသော အချက်ကို မည်သို့မည်ပုံ ဖြေရှင်းမည်နည်းဟူသော အချက်၊ လုပ်ခလစာ တိုးမြှင့်ပေးရန်အတွက် အလုပ်ရှင်များ၏ အထက်တွင် ရေးခဲ့သော အရင်းအနှီး စိုက်ထုတ်မှု၏ အသားတင် အစွန်းထွက် အမြတ်ပမာဏ အကျယ်အဝန်း (Net Marginal Profit) သည် အခွန်အခ နှုန်းထားများ အပါအဝင် အခြားသော သွင်းအားစုများ (ကုန်ကြမ်းနှင့် လုပ်အားအပြင်)၏ ဈေးနှုန်းအတက်အကျ၊ အမြင့်အနိမ့် ပြောင်းလဲမှုပမာဏများ၊ အခြားသော မလိုလားအပ်သော ထပ်ဆောင်းကုန်ကျစရိတ်များ (ဥပမာ- မီးအားမြှင့်စက် အစရှိသော ဝယ်ယူသုံးစွဲရသော စရိတ်၊ အရန်စက်ပစ္စည်းများ၊ အစိတ်အပိုင်းများ ဝယ်ယူရန် ကြန့်ကြာမှု အစရှိသည့်) ကိုလည်း ခန့်မှန်းသိရှိရန် လိုအပ်ပေလိမ့်မည်။တစ်ချိန်တည်းတွင် အလုပ်သမားများ၏ နေ့စဉ်အလုပ်ချိန်၊ အလုပ်၏ သဘောတရား (ဥပမာ- ပင်ပန်း၊ ခက်ခဲ၊ အန္တရာယ်များ၊ ညစ်ပေသော အလုပ်များနှင့် သာမန်အလုပ်များ)၏ ပကတိ အခြေအနေကို သိရှိရန် လိုအပ်သကဲ့သို့ အထွေထွေကုန်ဈေးနှုန်း (ဥပမာ- ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အိမ်သုံးကုန်၊ စားသုံးကုန်၊ အခြေခံလူသုံးကုန် ပစ္စည်းများ၏ လက်လီဈေးနှုန်းများ အပြောင်းအလဲကို အထူးသဖြင့် သိရှိရန် လိုအပ်) ၏ ဖြစ်ပေါ်ပြောင်းလဲနေမှုကိုလည်း သိရှိရန် လိုအပ်ပေလိမ့်မည်။မြေငှားရမ်းခ ကြီးမြင့်မှု၊ လျှပ်စစ်အင်အား မလုံလောက်မှု၊ ရုံးပိုင်းဆိုင်ရာ ကြန့်ကြာမှု၊ မလိုအပ်သော လုပ်ထုံးလုပ်နည်းများ များပြားနေမှုတို့အပြင် အခြေခံအဆောက်အအုံ (Infrastructure) မပြည့်စုံမှု၊ မဖွံ့ဖြိုးမှုတို့ကြောင့် မြန်မာနိုင်ငံ၏ အခြေခံထုတ်လုပ်မှု စရိတ်စက (အခြေခံကုန်ထုတ်လုပ်မှု စရိတ်စက)မှာ မလိုအပ်ဘဲ မြင့်မားနေရပြီး တစ်ချိန်တည်းတွင် (သာမန်)အလုပ်ရှင်များ၏ နေ့စဉ်နှင့်အမျှ ရင်ဆိုင်ရသော အထက်တွင် ဖော်ပြသော အခက်အခဲများ ရှိနေသကဲ့သို့ တစ်ချိန်တည်းတွင် အလုပ်သမားများမှာလည်း လုပ်ခလစာမှာ ဖောင်စီးရင်း ရေငတ်နေရသကဲ့သို့ ဖြစ်နေရလေသည်။အထွေထွေကုန်ဈေနှုန်း ကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှု မြင့်မားမှုတို့၏ နောက်ဆက်တွဲ (ဘေးတွဲ) အကျိုးဆက်များ၏ ရလဒ်အဖြစ် ယင်းကဲ့သို့ လုပ်ငန်းရှင်များနှင့် အလုပ်သမားများ၏ ညှိနှိုင်း၍ မရသေးသော လုပ်သားဈေးကွက် (Labour Market) သည် အခြားသော ဈေးကွက်များဖြစ်သည့် ငွေကြေးဈေးကွက် (Money Market)၊ ကုန်ကြမ်းဈေးကွက်များ (Raw Material Markets)၊ ကုန်ချောနှင့် ဝန်ဆောင်မှုဈေးကွက် (Goods and Services Markets) အစရှိသည်တို့အပြင် ရင်းနှီးမြှုပ်နှံမှု ဈေးကွက်များ (Investment Markets) အပြန်အလှန်ဆက်စပ်ကာ ဖြစ်တည်သော အထွေထွေကုန်ဈေးနှုန်း (General Prices) ပင် ဖြစ်သည်။
မြေငှားရမ်းခ ကြီးမြင့်မှု၊ လျှပ်စစ်အင်အား မလုံလောက်မှု၊ ရုံးပိုင်းဆိုင်ရာ ကြန့်ကြာမှု၊ မလိုအပ်သော လုပ်ထုံးလုပ်နည်းများ များပြားနေမှုတို့အပြင် အခြေခံအဆောက်အအုံ (Infrastructure) မပြည့်စုံမှု၊ မဖွံ့ဖြိုးမှုတို့ကြောင့် မြန်မာနိုင်ငံ၏ အခြေခံထုတ်လုပ်မှု စရိတ်စက . . . . .

တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုစရိတ်ထက် လျော့နည်းအောင် မထုတ်လုပ်နိုင်လျှင် ယင်းပစ္စည်းများနှင့် ဈေးကွက်များတွင် ဈေးနှုန်း (Price) အရ ယှဉ်ပြိုင်ရန် မလွယ်ကူနိုင်သကဲ့သို့ ထိုင်းနိုင်ငံထုတ် ထွက်ကုန်များနှင့် အရည်အသွေး မယှဉ်နိုင်ပါက လည်းကောင်း၊ အခြားသော အာဆီယံနိုင်ငံများ၏ တစ်ယူနစ်ထုတ်ကုန် ထုတ်လုပ်မှုစရိတ် မြင့်မားနေလျှင် မြန်မာနိုင်ငံ အနေဖြင့် ပြည်ပပို့ကုန် (Exports) ထက် သွင်းကုန် (Imports) က ပို၍များသော တစ်နည်းအားဖြင့် ကုန်သွယ်ရေးလိုငွေ (Trade Deficit) ဆက်လက်ဖြစ်တည်နေပေလိမ့်မည် ဖြစ်သည်။ပေါင်းခြုံမက်ခရိုစီးပွားရေး အတွေးအခေါ်များ (Combined Macro Economic Concepts) များသည် လွန်စွာအရေးကြီးပြီး အထွေထွေကုန်ဈေးနှုန်း တည်ငြိမ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုတို့ကို အတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်ရန်နှင့် ပြည်တွင်းစုဆောင်းမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ အတူတကွ တိုးမြှင့်စေရန် အရေးကြီးပြီး တစ်ချိန်တည်းတွင် ယင်းပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာသည်နှင့်အတူ ကုန်ထုတ်လုပ်မှု စွမ်းရည်ပမာဏ (Productivity) သည်လည်း တစ်ချိန်တည်း တစ်ဆက်တည်း မြင့်မားတိုးတက်လာနိုင်စေရန် လိုအပ်ပေလိမ့်မည်။ထုတ်လုပ်မှုပမာဏ (Productivity) မြင့်မားလာမှသာ ပြည်ပပို့ကုန်များ (Exports) လည်း မြင့်မားလာမည်ဖြစ်ရာ ယင်းကဲ့သို့ တိုးမြှင့်စေနိုင်သော ပေါင်းခြုံမက်ခရိုစီးပွားရေး အခင်းအကျင်းသည် အရေးပါလှသည်။ယနေ့ရင်ဆိုင်နေရသော အလုပ်ရှင်များသည်လည်း အခက်အခဲ ရှိနေသကဲ့သို့ အလုပ်သမားများသည်လည်း အခက်အခဲ ရှိနေရခြင်း၏ အဓိက အကြောင်းရင်း တစ်ခုဖြစ်သည့် မလိုလားအပ်သော စရိတ်စကများကို လျှော့နိုင်လာခြင်း၊ ဈေးကွက်အသီးသီး၏ ချိတ်ဆက်မှု အားကောင်းလာခြင်း၊ ဈေးကွက်၏ အမှန်ကုန်ကျတန်ဖိုး (Real Cost) ကို ကြိုတင်တွက်ဆ ခန့်မှန်းနိုင်ခြင်းတို့ ဖြစ်လာလျှင် ယင်းအခက်အခဲသည်လည်း လျော့နည်းသွားပေလိမ့်မည်။နိုင်ငံ၏ ယှဉ်ပြိုင်မှုစွမ်းရည် (Competitive Potential) တို့အချင်းချင်း ယှဉ်ပြိုင်ရသော နိုင်ငံတကာ ထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရောင်းချရသော ဈေးကွက်များတွင် မိမိတို့၏ မဟာဗျူဟာများသည် အရေးကြီးလာပါသည်။စုစုပေါင်း ကုန်ထုတ်လုပ်မှု စရိတ်စက (Total Production Cost)၊ ထုတ်ကုန်တစ်ယူနစ် ထုတ်လုပ်မှုစရိတ် (Unit Production Cost) မြင့်တက်လာလျှင် ပြည်တွင်းဈေးကွက်တွင် ပြည်ပနိုင်ငံများမှ တင်သွင်းသော ကုန်စည်များနှင့် ယှဉ်ပြိုင်ရောင်းချရာတွင် လည်းကောင်း၊ ပြည်ပပို့ကုန် ဈေးကွက်များတွင် အခြားနိုင်ငံမျာ၏ ထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရောင်းချရာတွင် လည်းကောင်း ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကျဆင်းသွားနိုင်ပေသည်။ ထိုသို့သော အခြေအနေများ ပိုမိုဆိုးရွားလာပါက နောက်ဆုံးတွင် မြေပေါ်မြေအောက် သယံဇာတများကိုသာ အဓိကအားထား ရောင်းချရသော မက်ခရိုစီးပွားရေး အနေအထားသို့ လည်းကောင်း၊ Dutch Disease (ဒတ်ချ်ရောဂါ) ကဲ့သို့သော စီးပွားရေးပြဿ နာသို့ လည်းကောင်း ကြုံတွေ့ရပေသည်။ထို့ကြောင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးဦးသုံးဖလှယ် မိမိတို့၏ မိုက်ခရိုအဆင့် စီးပွားရေးအနေအထား၊ မက်ခရိုအဆင့် စီးပွားရေးအနေအထားတို့ကို သုံးသပ်ညှိနှိုင်း အဖြေရှာနိုင်ရန် လိုအပ်သကဲ့သို့ လုပ်ခလစာကို သတ်မှတ်ရာတွင်လည်း လုပ်ငန်းအမျိုးအစား (Type of Work)၊ လုပ်ငန်းအရွယ်အစား (Size of Firm) စသည်တို့အပြင် ယင်းလုပ်ငန်း၏ လုပ်သားခန့်ထားနိုင်မှု (အလုပ်အကိုင် ဖန်တီးပေးနိုင်မှု) အနေအထား၊ ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ထိုးဖောက်ယှဉ်ပြိုင်နိုင်မှု အနေအထား၊ အခွန်ထမ်းဆောင်မှု အနေအထား စသည်တို့အပြင် လုပ်သားတစ်ဦးချင်းစီ၏ ထုတ်လုပ်နိုင်မှု ပမာဏ (Labour Productivity) နှင့် လုပ်အားဈေးကွက်ကြီး တစ်ခုလုံး၏ Labour Demand နှင့် Labour Supply အခြေအနေ စသည်တို့ကိုလည်း သိရှိရန် လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံများ (Major Trading Partners) နှင့် မိမိနိုင်ငံ ထုတ်ကုန်များနှင့် အဓိကယှဉ်ပြိုင် ရောင်းချသော နိုင်ငံများ (Rival Economics) တို့၏ အခြေအနေ အရပ်ရပ်ကိုလည်း သိရှိရန် လိုအပ်ပေလိမ့်မည်။အနိမ့်ဆုံး လုပ်ခလစာဟူသော နှုန်းထားတစ်ခုကို သတ်မှတ်ရာတွင်လည်း လုပ်ငန်း၏ အမြတ်အစွန်းပေါ်မူတည်၍ Bonus (အပိုဆုကြေး) များပေးခြင်း၊ လုပ်ခလစာဖြင့် မဟုတ်သော အခြားသော လူမှုဖူလုံမှု အစီအမံများ ဖြည့်ဆည်းပေးခြင်း၊ ပျော်ပွဲရွှင်ပွဲ အားကစားပွဲများ ကျင်းပပေးခြင်း၊ လုပ်ငန်းခွင်သင်တန်းများ အဆင့်ဆင့် သင်ကြားပေးခြင်း၊ စသည်ဖြင့် အလုပ်သမားများ၏ ဝီရိယနှင့် ကြိုးစားအားထုတ်မှုအပေါ်တွင် သာမက လုပ်ငန်းခွင် စည်းလုံးညီညွတ်မှု ရှိစေရန် ဆောင်ရွက်ပေးခြင်းများသည်လည်း ထိရောက်မည်ဟု ယူဆသည်။အပိုဆုကြေး (Bonus) ဟုဆိုရာတွင် ယင်းလုပ်ငန်း၏ တစ်နှစ်အသားတင် အမြတ်ငွေမှ သတ်မှတ်ပမာဏကို ခွဲဝေပေးခြင်းဖြစ်ပြီး အလုပ်ကြိုးစားလုပ်ကိုင်မှု၊ စည်းလုံးညီညွတ်မှု၊ အသားတင်အမြတ်ရရှိမှု အစရှိသော အချက်များပေါ်တွင် မူတည်ပြီး အပိုဆုကြေးကို မြန်မာနိုင်ငံ၏ မတ်လ သို့မဟုတ် ဧပြီလ (သင်္ကြန်ကာလ)နှင့် အောက်တိုဘာလ (သီတင်းကျွတ်ကာလ)ဟူသော မြန်မာ့ရိုးရာ အစဉ်အလာနှင့် ရိုးရာပွဲတော်များရှိသော ကာလများ၏ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တွင် ပေးအပ်လျှင် ထပ်ဆင့်အကျိုးအမြတ်များ (Multiplier Effect) များပင် ပေါ်ထွက်စေနိုင်မည်ဟု ထင်မြင်မိပါသည်။မည်သို့ပင်ဆိုစေ အလုပ်ရှင်(လုပ်ငန်းရှင်) (Employer) နှင့် အလုပ်သမား (Employees) တစည်းတလုံးတည်း ညီညီညွတ်ညွတ် ကြိုးစားကြသော လုပ်ငန်းများမှာ အောင်မြင်လေ့ (ရေရှည်အောင်မြင်လေ့)ရှိကြသည်။ ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက်လည်း ကောင်းမွန်သော မက်ခရိုစီးပွားရေး အခင်းအကျင်း ရှိရန်လည်း လိုအပ်ပေလိမ့်မည်။

Most Read

Most Recent