သတင်းစာခေါင်းကြီးတစ်နေ့သ၌ အမျိုးသမီး စာရေးဆရာမ မအမာ (လူထုဒေါ်အမာ)က သတင်းစာခေါင်းကြီးများ ရေးပုံရေးနည်းနှင့် ပတ်သက်၍ သြဝါဒပေးသည့် အနေဖြင့် တစ်ခန်းတလေရေးဖို့ အကြံပေး တိုက်တွန်းဖူးရာ ကိုယ့်စာကို ကိုယ်အကောင်းဆုံးဟု သတ်မှတ်နေကြပုံရသည့် ဤခေတ်တွင် မည်သူ့အပေါ်မှ ဆရာလုပ်ပြီး သြဝါဒပေးဖို့ မကြံရွယ်ဘဲ ခေါင်းကြီးရေးသမားကောင်း တစ်ယောက်၌ ရှိအပ်သည်ဟု ကျွန်ုပ်ထင်သော အရည်အချင်းများ အနေဖြင့်သာ ဖော်ပြလိုက်ပါသည်။စာရေးဆရာတစ်ယောက်သည် ဗဟုသုတ ပြည့်စုံရေးအတွက် စာများများချည်း ဖတ်ထိုက်သည်ဟု ကျွန်ုပ်ဆိုချင်သည်။ အင်္ဂလန်ပြည်ထုတ် လန်ဒန်တိုင်းမ် London Times သတင်းစာကြီးမှာ သတင်းစာလောကတွင် အာဏာစက် အလွန်ပျံ့နှံ့သည့် သတင်းစာကြီးတစ်စောင် အနေဖြင့် အသိအမှတ်ပြုခြင်း ခံရလေရာ နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တည်း၌ ခေါင်းကြီးသုံးလေးမျိုး၊ သုံးလေးပုဒ်ပါရှိ၍ လူသုံးလေးယောက် ရေးကြသည်ဆို၏။ နိုင်ငံရေး၊ ဘောဂဗေဒရေး၊ ပညာရေး၊ ကုန်သွယ်ရေး စသည်ဖြင့် ဆိုင်ရာဆိုင်ရာ ခေါင်းကြီးများကို ဆိုင်ရာဆိုင်ရာ ပါရဂူများက ရေးကြသည်ဆို၏။ကျွန်ုပ်တို့ မြန်မာပြည်၌ ခေါင်းကြီးရေးသမား တစ်ယောက်တည်းက ပေါ်ပင်အကြောင်းအရာ ဟူသမျှကို အလျဉ်းသင့်သလို တစ်လှည့်စီ ရေးရသည့်အပြင် ကောက်ကာငင်ကာ လှန်၍ရှာနိုင်မည့် စာအုပ်များကလည်း နည်းပါးလေရကား ခေါင်းကြီးရေးသမားတစ်ယောက် အဖို့ရာ၌ ဗဟုသုတရှာမှီးဖို့ မည်မျှလိုအပ်သည်ကို အထူးပြောဖွယ်ရာ မလိုပေ။ ရွှေဥဒေါင်း၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ စာ-၅၀၂။သတင်းစာဆရာ တစ်ဦးဖြစ်သော ဆရာကြီးရွှေဥဒေါင်း၏ ဤဖော်ပြချက်သည် မြန်မာသတင်းစာလောကတွင် အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။ ခေါင်းကြီးရေးသူ တစ်ဦးတည်းက အများဆုံးရေးရ၍ ‘ဗဟုသုတရှာမှီးဖို့ မည်မျှလိုအပ်သည်ကို အထူးပြောဖွယ်ရာ မလိုပေ’ ဟူသော ဖော်ပြချက်သည် မလွဲမှားပါ။မြန်မာ့အလင်းကျတော့သို့သော် အလုပ်သင်သတင်းထောက် ဘဝကနေ၍ မိမိကျင်လည်ခဲ့သော မြန်မာ့အလင်း သတင်းစာတိုက်တွင်မူ ခေါင်းကြီးကို တစ်ဦးတည်းရေးသားခြင်း မပြုပါ။ ဥပမာ နိုင်ငံရေးအကြောင်း ခေါင်းကြီးကို ဦးသိန်းဖေမြင့် ရေးသည်။ စီးပွားရေးအကြောင်း ခေါင်းကြီးကို မောင်စူးစမ်းရေးသည်။ အတွေးအခေါ် ခေါင်းကြီးကို ဦးဉာဏရေးသည်။ အခြား အထွေထွေခေါင်းကြီးများကို အယ်ဒီတာချုပ် ဦးစိုးမောင်(သာဂရငစိုး)နှင့် စာရေးဆရာ ရွှေပိန်သောင်း အမည်ခံဖြင့် မြန်မာ့အလင်း ညအယ်ဒီတာ ဦးသောင်းညွန့်တို့ ရေးလေ့ရှိသည်။ ယင်းသို့ သန်ရာသန်ရာ ရေးနိုင်အောင် မြန်မာ့အလင်းဦးတင်က စီစဉ်ပေးသည်။သူတို့လည်း ထိုနည်း၎င်းထိုခေတ်က သတင်းစာကြီးများဖြစ်သော ဟံသာဝတီ၊ ရန်ကုန်နှင့် ဗမာ့ခေတ် သတင်းစာကြီးများတွင် မည်ကဲ့သို့သော ပုံစံဖြင့် ရေးသားကြသည်ကိုတော့ မိမိ လက်လှမ်းမမီ၍ မသိပေ။ သို့သော် ယင်းသတင်းစာကြီးများသည်လည်း ခေါင်းကြီးကို အထူးဂရုစိုက်၍ လေးလေးနက်နက် ဖော်ပြကြသည်ကိုကား တွေ့ရလေသည်။မည်သည့်တိုင်းပြည်၌ ဖြစ်စေ ပါတီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူတစ်စု သို့မဟုတ် အစိုးရတစ်စု၏ အကျိုးကို ကာကွယ်ရန်ဖြစ်စေ ကျေးဇူးရှိစေရန်ဖြစ်စေ တည်ထောင်သည့် သတင်းစာများ ရှိတတ်ကြ၏။ အဆိုပါ သတင်းစာများ၌ လုပ်ကိုင်ရေးသားကြသော ကလောင်သမားများသည် ယုံကြည်မှုဖြင့် ရေးသားကြခြင်းများလည်း ရှိနိုင်၍ ဝမ်းရေးအတွက် ရေးချွတ်ကြခြင်းများလည်း ရှိနိုင်၏။ရွှေဥဒေါင်း-၎င်းစာ-၅၀၃။ဆရာကြီးရွှေဥဒေါင်းက ခေါင်းကြီးနှင့် ပတ်သက်၍ သူ၏ သဘောထားကို ယင်းစာအုပ်တွင် ဖော်ပြထားသည်။(က) ခေါင်းကြီးကို ယုံကြည်မှုဖြင့် ရေးသူရှိသလို ဝမ်းရေးအတွက် ရေးသူလည်း မြန်မာသတင်းစာလောကတွင် ရှိသည်။ ဝမ်းရေးအတွက် ရေး၍ မကဲ့ရဲ့၊ မမဲ့ရွဲ့ဟု ဆရာကြီးက အတိအလင်း ကြေညာထားသည်။(ခ) မိမိကိုယ်တိုင် ယုံကြည်မှု မရှိဘဲ ကြေးစားကလောင်သမား အဖြစ်ဖြင့် ရေးလည်း မရေး၊ ရေးလိမ့်မည်လည်း မဟုတ်ဟု ဖွင့်ဟထားသည်။(ဂ) မိမိသည် မှန်သည်ထင်သောဘက်က ထောက်ခံရေးသားလိုသည်။ သို့သော် အလွန်တည့်မတ်လှပါသည်ဆိုသော အယ်ဒီတာတစ်ယောက်သည် မိမိက တည့်မတ်စွာ ရေးပါတော့မည် ဆိုသည့်အထဲကပင် ကိုယ့်ဟာကိုယ် မသိဘဲ ဘက်လိုက်လျက် ရှိနိုင်၏။ ဤသို့သော အခက်အခဲမျိုးမူကား လွန်မြောက်နိုင်သူ မရှိသလောက် ရှားလိမ့်မည် ထင်သည်ဟု အတိအလင်း ဖော်ပြထားသည်။(ဃ) ပြည်သူနှင့် အစိုးရ ပြဿနာပေါ်ပေါက်လျှင်လည်း ပြည်သူ့သတင်းစာဆိုသည်များက ဘာပဲပြောပြော ပြည်သူ့ဘက်က ထောက်ခံရေးသားရမည်။(င) ကျွန်ုပ်၌ ပါတီစိတ်ဓာတ်မျိုး၊ ဝါဒစိတ်ဓာတ်မျိုး တတ်နိုင်သမျှ ကင်းအောင်နေချင်တတ်၍ ထိုအတိုင်းလည်း ရေးချင်တတ်သည်။ ဤအတွက်ကြောင့် မိတ်ဆွေနည်းလျှင်လည်း ကိစ္စမရှိ။ သစ္စာတရားကိုသာ မိတ်ဆွေဖွဲ့ချင်သည်ဟု ဆရာကြီးက ရှင်းရှင်းကြီး ဝန်ခံဖော်ပြထားလေသည်။(စ) ဆရာကြီးက မြန်မာများ ရေးထုတ်သည့် မြန်မာသတင်းစာ ခေါင်းကြီးများသည် မြန်မာများရေးထုတ်သည့် အင်္ဂလိပ်သတင်းစာ ခေါင်းကြီးပိုင်းများထက် (ပျမ်းမျှခြင်းအားဖြင့်) အရေးအသားများစွာ ညံ့ဖျင်းသည်ဟု ယူဆထားသည်။(ဆ) သတင်းစာခေါင်းကြီးများသည် ဗဟုသုတပေးခြင်း၊ စဉ်းစားစရာပေးခြင်းဟူ၍ (အကြမ်းအားဖြင့်) အလုပ်နှစ်မျိုး ဆောင်ရွက်ကြသည်ဖြစ်ရာ ဤနှစ်ခုကို အလျဉ်းသင့်သလို တစ်လှည့်စီ ဆောင်ရွက်ကြရလေသည်ဟု ဆရာကြီး လက်ခံထားသည်။ ကျွန်ုပ်ကိုယ်တိုင် စဉ်းစားဆင်ခြင်တတ်သော ဝါသနာရှိ၍ စာဖတ်သူများအား စဉ်းစားဆင်ခြင်သော အလေ့ဖြစ်အောင် ပျိုးထောင်ပေးခြင်းသည် ကလောင်သမားတစ်ယောက် အနေဖြင့် ကျွန်ုပ်၏ ဝတ္တရားတစ်ရပ်ဟူ၍ ဆရာကြီးက သတ်မှတ်ထားသည်။ဆရာကြီး ရွှေဥဒေါင်းသည် မန္တလေး လူထုသတင်းစာနှင့် လုပ်သားပြည်သူ့ သတင်းစာတို့တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်လျက် သတင်းစာခေါင်းကြီး အများအပြား ရေးသားခဲ့သည်။ခေါင်းကြီးကနေ၍ လက်နက်ကိုင်၁၉၅၆ ခုနှစ်တွင် လူထုသတင်းစာမှာ ခေါင်းကြီးကနေ၍ ပျူစောထီးတို့၊ ဒုစရိုက်မှု အမျိုးမျိုး ကျူးလွန်ရမ်းကားနေပုံကို သူဖော်ထုတ်ဖွင့်ချ ရေးသားခဲ့လေရာ ဖဆပလ အစိုးရက ဆရာကြီးကို ဖမ်းဆီးပြီး ထောင်ချခဲ့၏။ သူ့တစ်သက်တွင် ခေါင်းကြီးရေးသားမှုကြောင့် ဤတစ်ကြိမ်သာလျှင် ထောင်ကျခဲ့ဖူးလေသည်။ သို့တိုင် သူရေးချင်သော သတင်းစာခေါင်းကြီးတို့ကိုမူ သူ့ဆန္ဒအတိုင်း စိတ်တိုင်းကျ ဆက်လက်ရေးသား ခဲ့သည်ကိုတော့ မှတ်မှတ်သားသားပင် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာမှာ တွေ့ရှိခဲ့ရလေသည်။