ကတိ

ကတိ
Published 4 March 2015
မောင်ကြည်

(၁)“ဖြန်း”ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် ကားမှတ်တိုင်တွင် ကားစောင့်နေသူများအားလုံး နောက်ဘက်သို့ အလန့်တကြား လှည့်ကြည့်လိုက်ကြသည်။ ခပ်လှမ်းလှမ်းမှာ မတ်တတ်ရပ်နေကြသော လူငယ်စုံတွဲဆီမှ ကြားလိုက်ရခြင်း ဖြစ်သည်။ကောင်လေးသည် ထူပူသွားသည့် ပါးပြင်ကို ပွတ်သပ်ရင်း ကောင်မလေးကို တအံ့တသြ ကြည့်နေသည်။ ကောင်မလေးကတော့ မီးဝင်းဝင်းတောက်နေသည့် မျက်လုံးအစုံနှင့် ကောင်လေးကိုကြည့်ရင်း-“ကတိမတည်တဲ့ နင့်လိုလူအတွက် အထိုက်တန်ဆုံး လက်ဆောင်က အဲဒါပဲဆိုတာ နင်မြဲမြဲမှတ်ထား”အဲဒီလိုပြောပြီး ကောင်မလေးသည် မှတ်တိုင်မှ ထွက်ခွာတော့မည့် လိုင်းကားတစ်စီးပေါ်သို့ ပြေးတက်သွားလေတော့သည်။ ကောင်လေးသည် ကောင်မလေး ပြေးတက်သွားသည့် လိုင်းကားကို ငေးရီကြည့်ရင်း ကျန်ရစ်ခဲ့သည်။သြော်.. ကတိမတည်တဲ့လူအတွက် အထိုက်တန်ဆုံး လက်ဆောင်တဲ့လား။(၂)ဒီနေ့ တနင်္ဂနွေနေ့ ဖြစ်သည်။ သို့သော် ခုချိန်ထိ ဖေဖေ ပြန်မရောက်သေး။ မနက်က အိမ်မှမထွက်မီ “သား.. ဖေဖေ အချိန်မီ ပြန်လာခဲ့မယ်နော် သိလား၊ ဒီနေ့ ဖေဖေတို့ ကစားကွင်းသွားကြမယ်၊ ပြီးရင် ရေခဲမုန့်လည်း စားမယ်။ သားအတွက် ကစားစရာတွေလည်း ဝယ်ပေးဦးမယ်နော်၊ သားစောင့်နေ သိလား”ဖေဖေသည် အဲဒီလို တတွတ်တွတ်မှာရင်း အိမ်မှအထွက် ဖိုးသားလေးကို လက်ပြသွားသည်။ သို့သော် ခုချိန်ထိ ဖေဖေ ပြန်မရောက်သေး။ ဝင်တော့မည့် နေလုံးနီနီကိုကြည့်ရင်း ဖိုးသားလေး မျက်ရည်ဝဲလာသည်။ ဖေဖေ ဘယ်အချိန် ပြန်လာမှာလဲ။မေမေသည် ဖိုးသားလေးကို အင်္ကျီနှင့် ဘောင်းဘီအသစ်တွေ လဲဝတ်ပေးထားတာ တော်တော်လေး ကြာနေပြီ။ နေ့လယ် ထမင်းစားပြီးကတည်းက ဖြစ်သည်။ သို့သော် ခုချိန်ထိ ကစားကွင်းလိုက်ပို့မည် ဖေဖေ မရောက်သေး။ဖိုးသားလေးသည် အိမ်ရှေ့တံခါးဘောင်မှာ မှီထိုင်နေရင်း နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ မေမေသည် ဧည့်ခန်းထဲမှာ ငုတ်တုတ်ထိုင်နေသည်။ ခါတိုင်းလို ဖိုးသားလေးကိုလည်း စကားလှမ်းမပြော။ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း နာရီကိုသာ တကြည့်ကြည့် လုပ်နေသည်။ မေမေလည်း အဝတ်သစ် အစားသစ်နှင့် ဖြစ်သည်။ မေမေ ဖေဖေ့ကို စိတ်ဆိုးနေလေသလား။ မေမေ့မျက်နှာကြီးက သုန်မှုန်နေတာပဲ။ မေမေ ဘာကိုအလိုမကျ ဖြစ်နေပါလိမ့်။ မေမေ့မျက်နှာကိုကြည့်ရင်း ဖိုးသားလေး ကြောက်လာသည်။ မျက်နှာကို လမ်းမဘက်သို့ အမြန်ပြန်လှည့်လိုက်သည်။ နာရီသံ တချက်ချက်က ဖိုးသားလေးနားထဲမှာ လေးလံထိုင်းမှိုင်းနေသလို ထင်ရသည်။ ကြာလိုက်တာ ဖေဖေရယ်။ ဖိုးသားလေး မျက်လုံးတွေ ငိုက်မျဉ်းလာသည်။ အိပ်ချင်သလိုလို အိပ်ပျော်နေသလိုလို ခံစားနေရသည်။ ခဏကြာသောအခါ-“ဟေ့..သား အပေါက်ဝကြီးမှာ အိပ်ပျော်နေတာလား”ဟင်..။ ဘယ်သူလဲ။ သြော် ဖေဖေပဲ။“ဖေဖေ ပြန်လာပြီ”“အေး..သားရယ်၊ ဖေဖေ နည်းနည်း နောက်ကျသွားတယ်။ ဒီနေ့ အလုပ်တွေက မပြီးပြတ်သေးလို့ သားရယ်၊ ဖေဖေ...”ဖေဖေသည် သားကို ပွေ့ချီဟန်ပြုလိုက်သည်။ သို့သော်...“ကိုကို သားကို ကလိမ်စေ့ငြမ်းဆင်ပြီး ရှင်းပြမနေပါနဲ့။ ရှင် ဘီယာဆိုင်မှာ သောက်နေတာ မဟုတ်လား။ ကျွန်မ ရှင့်သူငယ်ချင်းနဲ့ ဖုန်းပြောပြီးပြီ။ ဘာမှ သားကို ရှင်းပြမနေနဲ့။ ဟင်း အလကား ကတိမတည်တဲ့လူဆို သိပ်မုန်းတာပဲ၊ ကြည့်လို့ကို မရဘူး”
‘ကတိ’ ဟူသော စကားသည် ‘ကတိကာ’ ဟူသည့် ပါဠိစကားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ မြန်မာအဘိဓာန်က ‘သဘောတူညီချက်၊ ပြောသည့်အတိုင်း လုပ်ပါမည်ဟု အာမခံချက်’ ဟု အဓိပ္ပာယ်ဖွင့်ပြ . . . . .

မေမေသည် ဖေဖေ့ကို ထိုကဲ့သို့ပြောဆိုပြီး ခြေဆောင့်ကာ မီးဖိုချောင်ဘက်သို့ ထွက်သွားလေတော့သည်။ ဖေဖေသည် ဖိုးသားလေးကို ထားရစ်ခဲ့ပြီး နောက်မှလိုက်သွားလေသည်။“မီမီ မင်းကလေးရှေ့မှာ အဲဒီလို မပြောနဲ့လေကွာ။ သားက သူ့အဖေကို ဘယ်လို ထင်သွားမလဲ။ မင်း အပြောအဆို ဆင်ခြင်ပါ”“ဘာ.. ကျွန်မက ဆင်ခြင်ရမယ် ဟုတ်လား၊ ဆင်ခြင်ရမှာက ရှင်.. ရှင့်ရဲ့ အပြုအမူတွေကို ဆင်ခြင်ရမှာ သိလား။ ရှင် သားနဲ့ကျွန်မကို ကတိပေးခဲ့ပေါင်း များလှပြီ။ ပေးခဲ့တဲ့ ကတိကို ချိုးဖောက်ပေါင်းလည်း များလှပြီ။ ရှင့်လို ကတိမတည်တဲ့လူကို ကျွန်မတို့က ဘယ်လိုယုံကြည် အားကိုးရမလဲ ပြောပါဦး”ထို့နောက်မှာတော့ ထုံးစံအတိုင်း ဖေဖေနဲ့ မေမေတို့ရဲ့ စကားစစ်ထိုးပွဲက မပြီးဆုံးပါလေတော့။ ဖိုးသားလေး စိတ်ညစ်လာပြီ။ ကစားကွင်း မသွားရလည်း နေပါစေတော့ ဖေဖေနဲ့ မေမေရယ်။ သား.. အေးအေးဆေးဆေးပဲ နေပါရစေ။(၃)ပုဂံခေတ် ဖြစ်ပါသည်။ အလောင်းစည်သူမင်းကြီးတွင် သားတော်အကြီး မင်းရှင်စောနှင့် သားတော်အငယ် နရသူတို့ ရှိပါသည်။ မင်းကြီးသည် မင်းရှင်စောကို မနှစ်မြို့သဖြင့် နယ်နှင်ဒဏ် ပေးထားသည်။အလောင်းစည်သူမင်းကြီး နတ်ရွာလားသော် ခမည်းတော်၏ ထီးနန်းကို ဆက်ခံရန် မင်းရှင်စောသည် စစ်သည်အလုံးအရင်းနှင့် ပုဂံသို့ ချီလာပါသည်။ ထီးနန်းကို သိမ်းပိုက်ချင်နေသည့် နရသူသည် ပုဂံတစ်ပြည်လုံးက ကိုးကွယ်ဆည်းကပ်လျက်ရှိသည့် ပံ့သကူ မဟာထေရ်ကို နန်းတော်သို့ ပင့်ဆောင်ကာ အောက်ပါအတိုင်း လျှောက်တင်လေသည်။“နောင်တော်မင်းရှင်စောသည် ခမည်းတော်မရှိသော အကြောင်းကို ကြားတော်မူလျှင် ရေအား၊ ကြည်းအား ချီတော်မူ၍ ခမည်းတော်အရာ ရွှေထီးရွှေနန်းကို သိမ်းမည်ဟူ၍ ကြားသည်။ ဤကဲ့သို့ အလုံးအရင်းနှင့် ချီတော်မူသော် ကြာချေတော့မည် ဖြစ်သည်။ ကြာ၍လည်း ပြည်ထဲအရေးသည် မသင့်ချေ။ ကျွန်တော် ရှိလေပြီးသည်ကို ဓားတစ်စင်း မြင်းတစ်စီးနှင့်သာ အလျင်ကြွတော်မူ၍ နန်းတက်တော်မူမည့် အကြောင်းကို နောင်တော်အား ခေါ်တော်မူပါ”ထိုစကားကို ကြားသောအခါ ပံ့သကူမထေရ်က “ငါခေါ်၍ ရောက်သောအခါ မင်းမမြှောက်ဘဲ နေဘိမူကား ငါရဟန်းတရားနှင့် မလျော်လတ္တံ့” ဟု မိန့်တော်မူ၏။နရသူက “နောင်တော်ရောက်လျှင် နောင်တော့်ဓားကိုထမ်း၍ နန်းတင်ပါမည်” ဟု ကတိပေး၏။ ပံ့သကူမထေရ်လည်း နရသူ ကတိပေးသော စကားကို ယုံကြည်၍ မင်းရှင်စောရှိရာ ကြွတော်မူကာ အကြောင်းစုံ ပြောပြလေသည်။ မင်းရှင်စောသည် မဟာထေရ်စကားကို ယုံတော်မူ၍ ရွှေလှော်ကားတစ်စင်းနှင့်သာ နန်းတော်ရှိရာသို့ စုန်ဆင်းလာခဲ့သည်။ လက်ပံဆိပ်သို့ရောက်လျှင် နရသူသည် သူကတိပေးထားသည့်အတိုင်း နောင်တော့်သန်လျက်ကိုထမ်းပြီး နောင်တော်ကို နန်းတင်လေသည်။ သို့သော် ဘိသိက်သွန်းပြီးနောက် ထိုညမှာပင် စားတော်၌ အဆိပ်ခတ်ထားသောကြောင့် မင်းရှင်စော အနိစ္စ ရောက်လေတော့သည်။ထိုကဲ့သို့ မင်းရှင်စောကို အဆိပ်ခတ်၍ သတ်ကြောင်း ပံ့သကူမထေရ် ကြားတော်မူသော် နန်းတော်သို့သွား၍ “ဟယ် - မင်းဆိုးမင်းညစ်၊ နင်ကား သံသရာဝယ် ခံရအံ့သော မကောင်းမှုကို မကြောက်၊ ဤစည်းစိမ်ကိုရလျှင် နင်၏ ကိုယ်ခန္ဓာသည် မအိုမသေပြီဟူ၍ မှတ်သလော။ လောကတွင် နင့်ထက်ပျက်သော မင်းမည်သည်ကား မရှိ” ဟူ၍ မိန့်တော်မူကာ သီဟိုဠ်ကျွန်းသို့ ကြွသွားလေတော့သည်။တကယ်တော့ နရသူသည် ကတိသစ္စာကို လက်တစ်လုံးခြားလုပ်ကာ ချိုးဖောက်ခဲ့သူ ဖြစ်သည်။(၄)‘ကတိ’ ဟူသော စကားသည် ‘ကတိကာ’ ဟူသည့် ပါဠိစကားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ မြန်မာအဘိဓာန်က ‘သဘောတူညီချက်၊ ပြောသည့်အတိုင်း လုပ်ပါမည်ဟု အာမခံချက်’ ဟု အဓိပ္ပာယ်ဖွင့်ပြပါသည်။မည်သို့ဆိုစေ ကတိနှင့် ပတ်သက်၍ ငယ်စဉ်က ဖတ်ဖူးသော ကဗျာလေးကို သတိရမိပါသည်။ကတိသစ္စာ၊ တည်သောခါဝယ်သြဇာလေးနက်၊ ပေါ်ဆီတက်၍နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏..တဲ့။