ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူများ

ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူများ
Published 3 March 2015
ဝင်းနိုင်ထွန်း

လူကုန်ကူးမှုသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခု ဖြစ်သည်။ ထိုသို့ ချိုးဖောက်မှုမျိုးတွင် အဆုံးစွန်သော ခေါင်းပုံဖြတ် အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှုမှုများတို့ ပါဝင်ကြသည်။ အနိမ့်စား ကျွမ်းကျင်မှုလုပ်ငန်းကဏ္ဍများနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုများတို့တွင် ပုံစံအမျိုးမျိုးဖြင့် လူကုန်ကူးခံနေကြရသည်။ ယင်းသို့ အခြေအနေမျိုးရှိသော အကြမ်းဖက်မှု၊ ဝလင်အောင် အစာမစားရခြင်း၊ နားချိန်အပြည့်အဝမရခြင်း၊ အစစအရာရာ ချို့တဲ့ခြင်းနှင့် လုပ်ငန်းခွင်တွင် ဆင်းဆင်းရဲရဲ အလုပ်ဆင်းရခြင်းတို့အပြင် ကျန်းမာရေးထိခိုက်သည့် အန္တရာယ်အများအပြားနှင့် ကြုံတွေ့နေကြရသည်။ ထိုအန္တရာယ်များက လူကုန်ကူးခံရသူများအပေါ် ရေရှည်အနိဗ္ဗာန်အာရုံတို့ကို စွဲလမ်းစေခြင်းနှင့် အနာရောဂါဝေဒနာ အသည်းအသန်ဖြစ်ပွားစေခြင်း စသည့်ဆိုးကျိုးများ သက်ရောက်စေသည်။ 
တစ်ခါတစ်ရံ အသက်ဆုံးရှုံးမှုပင် ဖြစ်ရသည်။
 
သို့ကြောင့် လူကုန်ကူးခံရသူများ အများစုအဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေခြင်း ဖြစ်သည်။ လူကုန်ကူးခံရသူများသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိသဖြင့် ကျွမ်းကျင်သူများနှင့် နှစ်သိမ့်ပညာပေးရမည် ဖြစ်သည်။ လူကုန်ကူးခံရသူများ၏ ကာယိန္ဒြေထိခိုက် နစ်နာစေမည့် ဓာတ်ပုံရိုက်ခြင်း၊ ကိုယ်ရေးအကြောင်းများနှင့် သတင်းအချက်အလက်များကို မီဒီယာများတွင် ဖော်ပြခြင်း မပြုရပါ။ ကျန်းမာရေးဆေးစစ်မှုနှင့် ပတ်သက်၍လည်း လူကုန်ကူးခြင်းခံရသူတို့၏ ဆန္ဒအရ အိပ်ချ်အိုင်ဗွီရောဂါ ရှိ မရှိ စစ်ဆေးရန် အတင်းအဓမ္မ စစ်ဆေးခြင်း မပြုကြရပါ။ သူတို့၏ ဆန္ဒအရသာ စစ်ဆေးပေးရသည်။ ထိုရောဂါရှိနေပါက အထူးလျှို့ဝှက်ပေးထားရသည်။ ယခုအချိန်ထိ လူကုန်ကူးမှုကြောင့် ကျန်းမာရေး ထိခိုက်နေကြရသည်ကို သုတေသနပြုသည့်စာတမ်း မရှိသလောက် ရှားပါးလှသည်။ မဲခေါင်ဒေသတွင်း လုပ်အားခေါင်းပုံဖြတ်ခံရမှု ပုံစံအမျိုးမျိုးထဲမှ လူကုန်ကူးခံရသူများအပေါ် ကျန်းမာရေးထိခိုက်မှု ရှိသည်ကို လေ့လာသည့်စစ်တမ်းများ ယခင်က မထွက်ပေါ်လာသေးပေ။
 
မဲခေါင်ဒေသတွင်း နိုင်ငံများအတွက် လူကုန်ကူးမှုနှင့် ကျန်းမာရေး ဆက်စပ်မှုရှိသည်ဆိုသည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ မကြာသေးမီက စာတမ်းတစ်စောင် ထွက်ပေါ်လာခဲ့သည်။
 
လူကုန်ကူးခံရသူများ မိခင်နိုင်ငံသို့ ပြန်ရောက်လာကြသည့်အခါ ကျန်းမာရေးစောင့်ရှောက်မှု အပူအပြင်းလိုအပ်နေကြောင်းကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထုတ်ပြန်သည့် မဲခေါင်ဒေသတွင်း လူကုန်ကူးမှုဆိုင်ရာ သုတေသနစာတမ်းက ဖော်ထုတ်တင်ပြထားသည်ကို တွေ့ ရသည်။ ထိုလေ့လာမှုစာတမ်းကို The Anesvad  Foundation က ငွေကြေးစိုက်ထုတ်ထားကာ The IOM Development Fund, the UK Econmic and Social Research Council တို့က ကူညီပံ့ပိုး ပေးထားသည်။
 
ထိုစာတမ်းကို The London School of Hygiene and Tropical Medicine နှင့် IOM တို့က အချက်အလက်စုဆောင်းကာ စာတမ်းဖြစ်မြောက်ရေးအတွက် တာဝန်ယူဆောင်ရွက်ခဲ့သည်။ သုတေသန စာတမ်းအတွက် လူကုန်ကူးခံရသူ ၁၁ဝဝ ဦးကျော် မေးမြန်းမှုပြုလုပ်ခဲ့ကြသည်။ ၎င်းတို့ကိုယ်တိုင်က ၎င်းတို့တွေ့ကြုံခဲ့ရမှုများ၊ ခံစားခဲ့ရမှုများတို့ကို လိုလိုလားလား ထုတ်ဖော်ပြောကြားချက်များအပေါ် စာတမ်းပြုစုခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ မိခင်နိုင်ငံများမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ လူကုန်ကူးခံခဲ့ကြဖူးသူများ ဖြစ်ကြသည်။ ဗီယက်နမ်နိုင်ငံသား ၃၈၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၃၁၂ ဦး၊ ထိုင်းနိုင်ငံသား ၁၅၆ ဦး၊ မြန်မာနိုင်ငံသား ၁၂၈ ဦး၊ လာအိုနိုင်ငံသား ၁၁၆ ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦးတို့ ဖြစ်ကြသည်။
 
စာတမ်း၏ ရည်ရွယ်ချက်သည် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးမှုနှင့် စောင့်ရှောက်မှုအပိုင်းတို့တွင် ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် လူကုန်ကူးခံရမှုကြောင့်ဖြစ်ရသည့် ဆိုးကျိုးဆက်နှင့် ကျန်းမာရေးအန္တရာယ် ဗဟုသုတများရရှိရန်၊ လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးအပိုင်းတွင် လစ်ဟာနေသည့် လုပ်ငန်းစဉ်တစ်ရပ် ဖော်ထုတ်ပေးရန်တို့အတွက် ဖြစ်သည်။
 
ထိုင်းနိုင်ငံ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ လူကုန်ကူးခံရသူများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနများသို့ ရောက်ရှိလာသော လူကုန်ကူးခံရသူ အမျိုးသား၊ အမျိုးသမီး နှင့် ကလေးများတို့၏ တွေ့ကြုံရသည့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအန္တရာယ်စိုးရိမ်ရမှုတို့ကို သုတေသနပြုထားခြင်း ဖြစ်သည်။ မေးမြန်းခံရသူ (လူကုန်ကူးခံရသူများ) တွင် အလုပ်လုပ်ကိုင်ရန်အတွက် ရွှေ့ပြောင်းသွားလာရန် အကြောင်းပြချက်အမျိုးမျိုး ရှိနေကြသည်။ ယေဘုယျအားဖြင့် မိသားစုငွေ ကြေးမလုံလောက်မှုကြောင့် လည်းကောင်း၊အလုပ်လက်မဲ့ဖြစ်နေခြင်း၊ ဝင်ငွေရှာဖွေပေးသည့် မိသားစုဝင်များ သေဆုံးသည့်အတွက် ကျန်မိသားစုဝင်များအတွက် ငွေကြေးထောက်ပံ့ရန် အလုပ်ရှာဖွေရခြင်း စသည့်အကြောင်းရင်းများ ဖြစ်သည်။
 
သုတသေနစာတမ်း၏ တွေ့ရှိချက်များတွင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များတို့သည် လိင်လုပ်ငန်းတွင် ၂၉ ဒသမ ၉ ရာခိုင်နှုန်း၊ ရေလုပ်ငန်းတွင် ၂၅ ဒသမ ဝ ရာခိုင်နှုန်းနှင့် စက်ရုံအလုပ်ရုံများတွင် ၁၂ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အသီးသီး လူကုန်ကူးခြင်း ခံခဲ့ကြရသူများအဖြစ် ဖော်ထုတ်တွေ့ ရှိရသည်။ ထိုသို့ လူကုန်ကူးခံရစဉ်အတွင်း မေးမြန်းခဲ့သူများ၏ ထက်ဝက်ကျော်ခန့်သည် ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ကြရသူများ ဖြစ်ကြသည်။ အလုပ်ချိန်ကာလ ကြာရှည်လုပ်ကိုင်ရန် အခိုင်းစေခံရသူများအားလုံးပင် ဖြစ်သည်။ အများစုသည် ရက်သတ္တပတ် နားရက်အလုပ်လုပ်ရသူများ၊ တစ်နေ့လျှင် ၁၃ ဒသမ ၈ နာရီ အလုပ်လုပ်ခဲ့ရသူများ ဖြစ်ကြကာ ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူးခံရသူများမှာ တစ်နေ့လျှင် ၁၈ ဒသမ ၈ နာရီအချိန် ကြာညောင်းစွာ အလုပ်လုပ်ခဲ့ကြရသည်။
 
အလုပ်ခွင်နှင့် နေထိုင်ရမှု အဆင့်အတန်းသည် လူသားဆန်စွာ မနေထိုင်ရ၊ မလုပ်ကိုင်ရသည့် အခြေအနေမျိုးများ ကြုံခဲ့ကြရသူများ ဖြစ်ကြသည်။ အလုပ်လုပ်ကိုင်သူ ငါးဦးလျှင် တစ်ဦးမှာ အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာ ရကြရသူများ ဖြစ်သည်။ တချို့ဆိုလျှင် ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းများပင် ဆုံးရှုံးသည့်အနာတရများ ရခဲ့ကြရသည်။ စိတ်ဖိစီးမှု၊ ပရိဒေဝဖိစီးမှုနှင့် စိတ်ကစဉ့်ကလျား ဖြစ်မှုတို့ ခံစားနေကြရသည်။
 
တွေ့ဆုံမေးမြန်းသူများ၏ ၅၉ ဒသမ ၇ ရာခိုင်နှုန်းသည် စိတ်ဓာတ်ကျနေသူများဖြစ်ပြီး ၃၅ ဒသမ ၆ ရာခိုင်နှုန်းသည် စိတ်ဓာတ်ကျနေသူများဖြစ်ပြီး ၃၅ ဒသမ ၆ ရာခိုင်နှုန်းသည် စိတ်၌ ဒဏ်ရာဒဏ်ချက် ရနေသူများ၊ ၄၁ ဒသမ ၉ ရာခိုင်နှုန်းသည် စိုးရိမ်သောက ရောက်နေကြသူများ ဖြစ်ကြသည်။
 
မိခင်နိုင်ငံမှ မထွက်ခွာမီအခြေအနေ
 
ပြည်ပနိုင်ငံသို့ အလုပ်လုပ်ရန် မထွက်ခွာမီ မိခင်နိုင်ငံအတွင်း နေထိုင်စဉ် လူကုန်ကူးခံရနိုင်မှု ဗဟုသုတအသိ ရှိ၊ မရှိ မေးမြန်းရာတွင် အနည်းငယ်သာ လူကုန်ကူးမှုအကြောင်းကို ကြားဖူးနားဝ ရှိကြသည်ကို တွေ့ ရှိရသည်။ ကျန်သူများမှာ ဗဟုသုတအသိ မရှိကြ။ ထိုင်းနိုင်ငံသား ၆၅ ဒသမ ၄ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံသား ၄၆ ဒသမ ၂ ရာခိုင်နှုန်း၊ လာအိုနိုင်ငံသား ၃၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံသား ၃၈ ဒသမ ၉ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံသား ၃၂ ဒသမ ၈ ရာခိုင်နှုန်းတို့သည် လူကုန်ကူးမှု အသိရှိကြသူများ ဖြစ်ကြသည်။
 
သုတေသနစာတမ်းအတွက် မေးမြန်းခံရသူများ၏ သုံးပုံတစ်ပုံ ၃၄ ဒသမ ၂ ရာခိုင်နှုန်းသည် လူပွဲစားများက စုဆောင်းပြီး လူကုန်ကူးခံရသည့် အခြေအနေသို့ ပို့ဆောင်ခြင်း ခံရသူများသာဖြစ်ကြောင်း၊ လေးပုံတစ်ပုံကျော် ၂၆ ဒသမ ၅ ရာခိုင်နှုန်းသည် ယုံကြည်ခဲ့ရသည့် မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် အိမ်နီးချင်းများ၏ စည်းရုံးမှုနောက် လိုက်ပါမှုကြောင့် လူကုန်ကူးခံရသူများ ဖြစ်ကြောင်း၊ ၂၆ ဦးသာလျှင် အဓမ္မခေါ်ဆောင်ခံရခြင်း သို့မဟုတ် ဖြားယောင်းသွေးဆောင် ခံကြရသူများဖြစ်ကြောင်း တွေ့ရှိရသည်။ 
အရွယ်ရောက်သော သူများထဲမှ ၁၅ ဒသမ ၁ ရာခိုင်နှုန်းသည် နေအိမ်မှ မထွက်ခွာမီ ရုပ်ပိုင်းဆိုင်ရာ (သို့) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အနည်းဆုံး တစ်ကြိမ် ခံခဲ့ကြရသူများ ဖြစ်ကြသည်။ ကလေးသူငယ်အရွယ်ထဲမှ ငါးပုံတစ်ပုံ ၂၂ ဒသမ ဝ ရာခိုင်နှုန်းသည် ထိုသို့သော အကြမ်းဖက်မှုမျိုး ခံခဲ့ကြရသူများ ဖြစ်ကြသည်။ အမျိုးသမီး ၂ဝ ဒသမ ၆ ရာခိုင်နှုန်းသည် အမျိုးသား ၁၄ ဒသမ ၆ ရာခိုင်နှုန်းထက် ထိုအကြမ်းဖက်မှုများ ခံကြရခြင်း ဖြစ်သည်။ တွေ့ဆုံမေးမြန်းခံရသူ လူကုန်ကူးခံရသူများ၏ ၄၄ ဒသမ ၈ ရာခိုင်နှုန်းသည် အလုပ်အကိုင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များရရှိသော်လည်း ရရှိသည့် သတင်းအချက်အလက်များ အားလုံးအမှန် မဟုတ်ကြပေ။
 
အမြတ်ထုတ်ခံရမှု
 
စာတမ်းအတွက် မေးမြန်းခံရသူများ၏ ခေါင်းပုံဖြတ်ခံရသည့် ခရီးဆုံးနိုင်ငံ ကိုးနိုင်ငံရှိသည်။ လူကုန်ကူးခံရသူများ၏ ၄ဝ ဒသမ ၇ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံတွင် လည်းကောင်း၊ ၃ဝ ဒသမ ဝ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံတွင် လည်းကောင်း၊ ၁၁ ဒသမ ၇ ရာခိုင်နှုန်းသည် အင်ဒိုနီးရှားနိုင်ငံတွင် လည်းကောင်း၊ ၇ ဒသမ ၉ ရာခိုင်နှုန်းသည် ခရီးဆုံးနိုင်ငံ မရောက်မီ လမ်းခုလတ်တွင်လည်းကောင်း အသီးသီး အမြတ်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။ အမြတ်ထုတ်ခံရခြင်း ကာလအပိုင်းအခြားကို လေ့လာကြည့်ပါက ခရီးဆုံးနိုင်ငံသို့ရောက်ပြီး အလုပ်စဝင်သည့် ကာလမှစကာ အမြတ်ထုတ်ခံကြရသည်ကို တွေ့ရှိရသည်။
 
အမျိုးသားများအတွက် အဓိကခရီးဆုံးနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး၊ ဒုတိယ နှင့် တတိယနိုင်ငံများသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြသည်။ အမျိုးသမီးများအတွက် အဓိက ခရီးဆုံးနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယမှာ ထိုင်းနိုင်ငံဖြစ်သည်။ ကလေးသူငယ်အများစု လူကုန်ကူးခံနေကြရသည့် ခရီးဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်သည်။ လူငယ်အများစုသည် လိင်လုပ်ငန်း၊ ကာရာအိုကေနှင့် ဖျော်ဖြေရေးလုပ်ငန်းများနှင့် လမ်းဘေးတောင်းရမ်းသည့် လုပ်ငန်းများတို့တွင် လူကုန်ကူး ခံနေကြရသည်။ မလေးရှားနိုင်ငံ သည် အိမ်ဖော်လုပ်ငန်းအတွက် ခရီးဆုံးနိုင်ငံတစ်ခု ဖြစ်နေသည်ကို တွေ့ရှိရသည်။
 
အလုပ်ခွင် ၁၅ မျိုးမှ လေ့လာခဲ့သည့် ထိုစာတမ်းတွင် လူကုန်ကူးခံရသူ သုံးပုံနှစ်ပုံသည် လိင်လုပ်ငန်းတွင် ၂၉ ဒသမ ၉ ရာခိုင်နှုန်း၊ ရေလုပ်ငန်းတွင် ၂၅ ဒသမ  ဝ ရာခိုင်နှုန်း၊ စက်ရုံအလုပ်ရုံတွင် ၁၂ ဒသမ ၃ ရာခိုင်နှုန်း အသီးသီး လူကုန်ကူးခံရသည်ကို တွေ့ရှိရသည်။ 
လိင်လုပ်ငန်းတွင် အသက် ၁၈ နှစ်မပြည့်သူ လူမမည် ၅၁ ဒသမ ၉ ရာခိုင်နှုန်းသည် လိင်လုပ်ငန်းတွင် လုပ်ကိုင်ခဲ့ကြရသူများ ဖြစ်ကြသည်။
 
ကမ္ဘောဒီးယား ရေလုပ်သားများသည်အင်ဒိုနီးရှားပင်လယ်ပြင်တွင် ငါးဖမ်းနေသည့် ထိုင်းငါးဖမ်းလှေများပေါ်တွင် အလုပ်လုပ်ကိုင်ကြရင်း အများစုသည် လူကုန်ကူးမှု ခံနေကြရသည့်နေရာ ဖြစ်သည်ဟု ထုတ်ဖော်ထားသည်။ အမျိုးသား ၄၉ ဒသမ ၃ ရာခိုင် နှုန်းနှင့် အမျိုးသမီး ၆ဝ ဒသမ ဝ ရာခိုင်နှုန်းသည် ခရီးဆုံးဒေသတွင် ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကြုံခဲ့ကြရသည်။ အသက် ၁ဝ နှစ်မှ ၁၄ နှစ်အရွယ် လူငယ်၏ ၃၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် အသက် ၁၅ နှစ်မှ ၁၇ နှစ်အရွယ် ၃၅ ဒသမ ၃ ရာခိုင်နှုန်းတို့သည်လည်း ထိုသို့အကြမ်းဖက်မှုမျိုး ကြုံကြသည်ကို တွေ့ရှိရသည်။
 
ရေလုပ်ငန်း၊ လိင်လုပ်ငန်း၊ အိမ်ဖော်လုပ်ငန်းနှင့် တောင်းရမ်းခိုင်းစေခံရမှုတို့တွင် လူကုန်ကူးခံရမှုထက် ဇနီးလောင်း(သို့) ဇနီး အဖြစ်နှင့် လူကုန်ကူးခံရမှုက ပိုပြီး ရုပ်/စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပိုများကြောင်း တွေ့ရှိရသည်။
 
မဲခေါင်ဒေသတွင်းနိုင်ငံများအတွက် အကြံပြုချက်များ
 
ကျန်းမာရေးစောင့်ရှောက်မှု ပေးရမည့်ပြဿနာတစ်ခုအဖြစ် လူကုန်ကူးမှုကို အသိအမှတ်ပြု အလေးထား ဆောင်ရွက်သင့်သည်။ လူကုန်ကူးခံရသူများ၏ ကျန်းမာရေး စောင့်ရှောက်မှု ခံယူပိုင်ခွင့်ကို အသိအမှတ်ပြု ဆောင်ရွက်ပေးရမည် ဖြစ်သည်။ 
 
လူကုန်ကူးခံရသူများ မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည့် လုပ်ငန်းစဉ်တွင် ကျန်းမာရေးကို ဦးစားပေးအဆင့်ထား စဉ်းစားဆောင်ရွက်ပေးရမည်။ လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများထဲတွင် 
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပြင်ဆင်ထည့်သွင်းသင့်သည်။ လေ့ကျင့်သား ပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်သည်။
 
သို့ကြောင့်စာတမ်း၏ အကြံပြုချက်တွင် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးမှုအပိုင်းနှင့် မူဝါဒ ချမှတ်ဆောင်ရွက်ရာတွင် ကျန်းမာရေးစောင့်ရှောက်ပေးမှု အစိတ်အပိုင်းကို ထင်သာမြင်သာရှိရှိ ထည့်သွင်းသင့်ကြောင်း အကြံပြုထားသည်။
 
-Source: Health and Human Trafficking in the GMS